Sunday, November 03, 2019

၅၅ နှစ်ပြည့် မင်္ဂလာ ...

 

တရံရောအခါက
ဘဝသစ်ပင်ရဲ့အထက်
အချစ်သစ်ကိုင်းလေး ပေါ်မှာ
ခိုနားခဲ့ကြတဲ့ ငှက်ကလေး နှစ်ကောင်ရှိသတဲ့။

လေထန် မိုးသည်း မုန်တိုင်းထဲမှာ
အတောင်ချင်းယှက် လက်ချင်းတွဲ
အခက်အခဲ ဟူသမျှ
အတူတကွ ဖြေရှင်းကာ
ကျော်ဖြတ်ခဲ့ကြတဲ့ နှစ်များ
ရှည်လျားတွက်စစ်ကြည့်ရင်
၅၅ နှစ် တိုင်ခဲ့ပြီ ... တဲ့။

ချွေးစက် သွေးစက်
နို့ရည်စက်တွေ အရင်းပြုပြီး
ရင်မှထုဆစ်တဲ့ သားသမီးတွေအတွက်
တသက်တာ ပေးဆပ်ခဲ့ရင်း
တဖြည်းဖြည်း ကြီးပြင်းလာခဲ့တဲ့အခါ ...
... ... ...
... ... ...
... ... ...
ခိုလှုံရာ သစ်ပင်ကြီးလည်း အိုမင်း
နားနေရာ သစ်ကိုင်းကလေးလည်း ယိုယွင်း
ဒါပေမဲ့ ...
သူတို့နှစ်ဦးကတော့
အချင်းချင်း .... ဖေးကူရင်း
အချင်းချင်း ... တွေးပူရင်း
အချင်းချင်း ... ထွေးယူရင်း
မျှော်လင့်ခြင်း မနက်ဖြန်အတွက်
ဆက်လက်ရှင်သန်နေကြသတဲ့။
***
မေဓာဝီ
03 Nov 19
00.03

နိုဝင်ဘာလဟာ ကျမတို့ မိသားစုအတွက် အမှတ်တရတွေ ပြည့်နေတဲ့ လတလပါ။ ၁၉၆၄ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က အဖေနဲ့ အမေရဲ့ ဘဝအစ ... ။ အခုဆို ၅၅ နှစ် ပြည့်ခဲ့ပါပြီ။ ဒီလိုနေ့မှာ မိဘနှစ်ပါးနဲ့ အတူရှိခွင့်ရတာ အလွန်ကို ဝမ်းသာ ကြည်နူး ပီတိ ဖြစ်ရပါတယ်။ အင်မတန်ကုသိုလ်ထူးတယ်လို့လည်း မှတ်ယူမိ ပါတယ်။ 

ငှက်ကလေးတွေကို ချစ်တဲ့ အမေ့အတွက် ငှက်ကလေး နှစ်ကောင်ပုံ ဆွဲပြီး ကဗျာလေးရေးရင်း မျက်ရည်ကျရ တယ်။ ဆပ်လို့မကုန်တဲ့ ကျေးဇူးတရားတွေ အနှိုင်းမဲ့ မေတ္တာတရားတွေ အတွက် ... ကဗျာတပုဒ် ပန်းချီတချပ်နဲ့ ဘယလုံလောက်ပါ့မလဲ။ မပြန်ခင် ကျန်နေတဲ့ ရက်လေးတွေ ... အတူနေရတဲ့ အခိုက်အတံ့မှာ မိဘနှစ်ပါးကို ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းနဲ့ပဲ ...ပေးဆပ်နိုင်တာ ခွင့်လွှတ်ပါတော့။ 

1 comment:

EttyThaw said...

မမရဲ့ပိတီတွေဟာ စာဖတ်သူတွေဆီပါ ကူးစက်စေပါတယ်..သိပ်ကြည်နူးစရာကောင်းတဲ့ ခရီးရှည်ကြီးပါပဲနော်... အတုယူရပါဦးမယ်ရှင့်.....