Tuesday, June 26, 2018

မိုးနဲ့ စတဲ့ နံနက်ခင်း


.
နံနက်ခင်း အစပျိုးမှာ
မိုးက အငြိုးနဲ့ ရွာတယ်၊
ပိတောက်တွေ အခါခါပွင့်သလို
အရောင်လွင့် ရနံ့ပြယ်သွားတဲ့
စံပယ်လေးတွေက ဆေးဆိုးခံကြရ ... ။ 
.
ပြိုလဲလုလု သစ်ပင်အိုက
ကြွေကျနေတဲ့ သစ်ရွက်တွေထဲ
လက်ကျန်မာနတွေ ခြွေခြွေချလို့ ... ။ 
.
ပြောကြကြေးဆိုရင်
လောကဓံဆိုတာ အဆိုးချည်းမှ မဟုတ်တာ
လာဘော ယသော ... ဆို  သဘောတွေကို ကျလို့ပဲ။ 
.
ပိုသည်းနေတဲ့ မိုးတွေထဲ
စိုရွှဲနေတဲ့ လမ်းမကြီးက 
လူတကာနင်းသမျှ မငြင်းရရှာ
ကိုယ်တိုင်ကတော့ 
ဓမ္မကို ရှာဖွေရင်း
ဘဝတွင်းနက်ထဲက တက်ရခက်နေဆဲ ... ။ 

ကိုယ့်ကိုယ်ကိုယ် လုံခြုံဖို့
ပရိတ် ပဋ္ဌာန်းတွေနဲ့ ခြုံလွှမ်းရင် လုံစတမ်းလား
နားမလည်ခြင်းတွေများတဲ့ ဘဝလမ်းမှာ 
မိုးဆမ်းပန်းကလေးတွေလို
တခါတလေတော့ ငြိမ်းချမ်းချင်တယ်။ 
***
မေဓာဝီ
၂၆၊ ဇွန်၊ ၂၀၁၈
၀၆း၅၃ နာရီ

1 comment:

pandora said...

စံပယ်မွှေးမွှေး ဖွေးဖွေးဖြူ ကြူကြူသင်း