Wednesday, May 17, 2017

မောင်လေး ...

***
ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့က ကျွန်မမောင်လေးရဲ့ မွေးနေ့ပါ။ သူက ကျွန်မအောက် ၆ နှစ်ငယ်ပြီး မောင်နှမ လေးယောက်ထဲမှာ အငယ်ဆုံး တစ်ဦးတည်းသော သားယောက်ျားလေး ... ။ မိန်းကလေး သုံးယောက်မွေးပြီးမှ ရတဲ့ သားကလေးမို့ မိဘတွေက သိပ်ချစ် သိပ်အလိုလိုက်သလို အစ်မ သုံးယောက်ကလည်း သူ့ကို လိုလေသေးမရှိ အကုန် လိုက်လုပ်ပေးကြတယ်။
.
ကျွန်မနဲ့ အသက် ၆ နှစ်ကွာပေမဲ့ အထက်အောက်ဆိုတော့ ငယ်ငယ်က သိပ်တည့်လှတယ်တော့ မဟုတ်ဘူး။ သူက ယောက်ျားလေး ပီပီ အစအနောက် သန်တယ်။ အစ်မတွေကို အမြဲ လိုက်စ နေတာပဲ။ အခံရဆုံးကတော့ ကျွန်မပေါ့။ ကျွန်မ ဒိုင်ယာရီစာအုပ်ထဲ ပေါက်ကရတွေ လာရေးတတ်သလို ကျွန်မ အမြတ်တနိုး သိမ်းထားတဲ့ ပစ္စည်းလေးတွေကိုလည်း ဖွက်တတ်သေးတယ်။ ကျွန်မစိတ်တိုတော့ သူက တဟားဟားနဲ့။
.
အဖေ၊ အမေ၊ မောင်လေးနဲ့ သူ့ ချစ်ဇနီးလေး

ငယ်ငယ်ကတည်းက သူက ဉာဏ်ကောင်းတယ်။ စစ်တုရင် ဝါသနာပါတဲ့ အဖေက သားသမီး လေးယောက်လုံးကို စစ်တုရင်သင်ပေးခဲ့တာ သူတယောက်ပဲ ထူးထူးချွန်ချွန်နဲ့ ပြိုင်ပွဲမှာ ဆုတွေ ဘာတွေရပြီး ခုထိလည်း စစ်တုရင်ကို ခုံခုံမင်မင် ကစားနေတုန်း။ ကျွန်မတို့က ဦးနှောက်စားလို့ မကစားဖြစ်ဘူး။
.
chess board ပုံ မွေးနေ့ ကိတ်

သူက ကျွန်မတို့လိုပဲ စာဖတ်တာ ဝါသနာပါတယ်။ ငယ်ငယ်တုန်းက ကာတွန်း၊ နောက်တော့ ကျွန်မတို့ အချစ်ဝတ္ထုတွေနဲ့ ရင်ခုန်နေချိန်မှာ သူက သိုင်းဝတ္ထု အတွဲပေါင်းများစွာကို ခွေခေါက်ပြီး ဖတ်နေတတ်ပြီ။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်တဲ့ သူက မင်းလူရဲ့ ငှက်ကလေး ဝတ္ထု ဖတ်ပြီး မျက်ရည်ကျတာကို ကျွန်မ မှတ်မိပါသေးတယ်။ အဲဒီတုန်းက သူ ခြောက်တန်းလောက်ပဲ ရှိသေးတယ် ထင်တယ်။
.
မောင်လေးနဲ့ သူ၏ မိတ်ဆွေများ

နည်းနည်းအရွယ်ရောက်လာတော့ ကျွန်မတို့ British Council စာကြည့်တိုက်ကနေ စာအုပ်လေးတွေ ငှားဖတ်ချိန် သူက သိုင်းဝတ္ထုတောထဲက မထွက်သေးဘူး။ နောက်ပိုင်း ကျွန်မတို့ စာကြည့်တိုက် မသွားနိုင်တော့ချိန် သူက အင်္ဂလိပ်ဝတ္ထုတွေ ဖတ်နေပါပြီ။ ကျွန်မတို့ စာဖတ်နှုန်း လျော့ကျသွားချိန်ထိ သူက ဖတ်နေတုန်းပဲ။
.
သူငယ်တန်းကနေ ဆယ်တန်းထိ ကျောင်းစာမေးပွဲတွေကို မောင်လေးဟာ အေးအေးဆေးဆေး ကျော်ဖြတ်ခဲ့တယ်။ ဆယ်တန်းဖြေပြီး ကျောင်းပိတ်ချိန်မှာ ကေအမ်ဒီမှာ ကွန်ပျူတာတက်၊ အလုပ်သင် ဆရာ ပြန်လုပ်တယ်။ စာမေးပွဲ အောင်စာရင်းထွက်တော့ ဘူမိဗေဒ ဘာသာတွဲ အမှတ်မီပေမဲ့ ရူပဗေဒပဲ ယူပြီး ကွန်ပျူတာတက္ကသိုလ်မှာ ဖွင့်တဲ့ NCC ဝင်ခွင့် ဖြေပြီး ဝင်ခွင့်အောင်လို့ NCC ကို ဈေးသက်သာစွာ တက်ခွင့်ရခဲ့တယ်။
.
မောင်လေးနဲ့ ကျွန်မ မေမြို့ရေတံခွန်မှာ

သူက ကျွန်မရဲ့ တဦးတည်းသော ကွန်ပျူတာ ဆရာပါပဲ။ သူ ကျောင်းအတွက် ပရောဂျက်တွေလုပ်ဖို့ ကွန်ပျူတာတလုံး ငှားပြီး သုံးရတော့ သူကျောင်းသွားချိန်မှာ အားနေတဲ့ ကျွန်မကို typing က စပြီးသင်ပေးတယ်။ ပြီးတော့ MS Word စသဖြင့်ပေါ့။ သူ ကွန်ပျူတာ သင်တန်းကျောင်းလေး ပြန်ဖွင့်တော့ ကျွန်မက သူ့ရဲ့လက်ထောက်လုပ်ရင်း သူ့လက်ချာတွေ လိုက်နားထောင်ရတယ်။ ဒီလိုနဲ့ နောက်ပိုင်း သူမရှိတဲ့အခါ သူရေးခဲ့တဲ့ စာအုပ်တွေနဲ့ ကွန်ပျူတာ သင်တန်းတွေကို ကျွန်မ ဆက်လက်ဦးဆောင် သင်ပေးနိုင်ခဲ့တယ်။
.
မောင်လေးဟာ သူ့လမ်းကြောင်းကို သူ အေးဆေးစွာ လျှောက်လှမ်း သွားနိုင်ခဲ့တယ်။ အလုပ်လုပ်ရင်း TOEFL ဖြေ ကျောင်းလျှောက် ဗီဇာဝင် အမေရိက တက္ကသိုလ်မှာ ကျောင်းတက် စသဖြင့် အဆင့်ဆင့် ကျော်ဖြတ်သန်းရင်း ကျောင်းပြီး အလုပ်ရ အိမ်ထောင်ကျတဲ့အထိ ဆိုပါတော့။ စိတ်ကောင်းရှိတဲ့ မောင်လေးဟာ အိမ်ထောင်ကျတော့လည်း စိတ်တူကိုယ်တူ မြန်မာ မိန်းကလေးနဲ့ အကြောင်းပါခဲ့တယ်။
.
မောင်လေးနဲ့ ကျွန်မ မေမြို့က အဘိုးအဘွားတွေရဲ့ ငွေစန္ဒာ ခြံမှာ

အမေနဲ့ အဖေကို သူတို့အိမ်မှာ ခေါ်ထားပြီး လိုလေသေးမရှိ ဖြည့်စွမ်းပေးနေတာကို ကျွန်မတို့အားလုံး ကျေးဇူးတင် နေကြရတာပေါ့။ ကျွန်မမှာ ညီမအငယ် မရှိတာကြောင့် မောင်လေး အမျိုးသမီးလေးကို ညီမအရင်း တယောက်လို ချစ်ရတယ်။ ။ ကျွန်မ အိမ်ထောင်ပြုချိန်မှာ လိုအပ်တဲ့ ငွေသားလက်ဖွဲ့ပေးသူဟာ တဦးတည်းသော ကျွန်မမောင်လေးပါပဲ။ ကျွန်မ အမေရိက သွားတုန်း အူအတက်ပေါက်လို့ ဆေးရုံတက်ရပြီး ဆေးရုံက ဘေလ်တွေလာတော့ ကျွန်မ လန့်ဖြန့်သွားချိန်မှာလည်း အားမငယ်ဖို့ သူတို့က အားပေးကြတယ်။
.
သူက ကျွန်မအောက် အငယ်ပေမဲ့ ကျွန်မထက် စီနီယာ ကျတာတွေ အများကြီး။
အဖေနဲ့ အမေကို သူခေါ်သလို ပါပါး မာမား လိုက်ခေါ်ကြရတယ်။ (ဘယ်သူမှ မသင်ဘဲ စကားတတ်စမှာ အဲဒီလို ခေါ်ခဲ့တာတဲ့)
ကွန်ပျူတာ ကျွန်မထက် အရင် သင်ခွင့်ရခဲ့တယ်။ (ကျွနိမက သူ့တပည့် ဖြစ်ခဲ့ရတာ)
ဘလော့ကို ကျွန်မထက်အရင် သူက စရေးခဲ့တယ်။ (သူက အင်္ဂလိပ်လို ရေးခဲ့တာ။)
သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်လေး ထုတ်ခဲ့ဖူးတယ်။ (အာစီတူးမှာ သူတက်နေချိန်ကတည်းက)
နိုင်ငံခြား ပညာသင် သူကအရင် သွားခဲ့တယ်။ (ကျွန်မက သူ့နောက် ၇ နှစ် နောက်ကျ ပြီးမှ ရောက်ခဲ့တာ။)
အိမ်ထောင်ကျတော့လည်း ကျွန်မထက် စောပြန်တယ်။ (ဆယ်နှစ်မက စောခဲ့တာ ထင်တယ်။)
.
သူက အငယ်ပေမဲ့ အကြီးလိုပါပဲ။ ကျွန်မ စိတ်ညစ်ရင် သူ့ဆီလှမ်းဖုန်းဆက် ပြောတိုင်း ဖြေသိမ့် နှစ်သိမ့် အကြံဉာဏ်ပေးလေ့ရှိတယ်။ သမီးသုံးယောက် မွေးပြီးမှ ယောက်ျားလေး မွေးလာတော့ ပြည့်စုံ သွားပြီဆိုပြီး အမေတို့က သူ့နာမည်ကို ပြည့်စုံလို့ ပေးခဲ့တယ်။ နာမည် ပဟေဠိဖွက်ရင် သူက မလျှံမရော့ တပြူး လို့ ဖွက်သေးတာ။ လျှံလည်းမလျှံ ရော့လည်းမရော့တော့ ပြည့် တာပေါ့။ တပြူးက စုံ ဆိုတော့ ပြည့်စုံ ဖြစ်ရောလေ။ :) အင်္ဂလိပ်လိုကျတော့ perfect တဲ့။ ကိုရင်ဝတ်တဲ့ နာမည်က ပဏ္ဍိတ။ ကဗျာရေးတဲ့ နာမည်ကျတော့ ပဏ်ဍိ တဲ့။ အဲဒီလို ငါးမည်ရတဲ့ ကျွန်မမောင်လေး …
သူ့မွေးနေ့မှာ ဘာလက်ဆောင်မှ မပေးနိုင် မွေးနေ့ဆုတောင်းတောင် သီးသီးသန့်သန့် ဆုမတောင်းပေးပေမဲ့ မောင်နှမချင်း နားလည်ထားကြပြီးသားပါ။ ပျော်ပျော်နေပြီး သူတပါးကို ကူညီတတ် စိတ်ထားကောင်းတဲ့ မောင်လေး ဘာဆုမှမတောင်းသော်လည်း ကောင်းကျိုး လိုအင်ဆန္ဒတွေ နာမည်နဲ့ လိုက်အောင် မတောင်းဘဲ ပြည့်စုံနေမှာမို့ ဒီပိုစ့်လေးသာ အမှတ်တရ ရေးလိုက်ရပါတယ်။
***
မေဓာဝီ
17.05.17
21.26

1 comment:

Iora said...

ဖတ်ရင်းနဲ့ ကိုယ့်မောင်လေးကိုတောင်သတိရသွားမိတယ်။
အိုင်အိုရာ