Thursday, January 12, 2017

တခါတုန်းက ... ပြာသိုလ ...

***
ပြာသိုလပြည့်ည … ။
 ပြာသိုလပြည့် အမေနေ့ဟု ဆိုရှယ်ဝက်ဘ်ဆိုက် စာမျက်နှာများထက် ရေပန်းစားနေချိန်၌ သူကတော့ ပြာသိုလဘွဲ့တွေ ဖတ်ရင်း တခါတုန်းက ပြာသိုလကို သတိရနေမိ၏။
.
ပြာသိုချမ်းပြင်း၊
ဆီးနှင်းရောယှက်
နှမ်းပုံဖျက် …
တဲ့။ အမည်မသိ ရှေးစာဆို ရေးသားခဲ့သော ဆယ့်နှစ်လရာသီမိုး ကဗျာ၏ ပြာသိုလဖွဲ့တွင် အထက်ပါအတိုင်း ဖတ်ခဲ့ရသည်။
.
“ရာသီညွန့်လမ်း၊ နွယ်ပန်းခွါညို၊ နှင်းစို ချမ်းစိမ့်၊ လွမ်းလိမ့်လေ … ”
ဆယ့်နှစ်ရာသီဘွဲ့ လူးတားရေးစပ်ခဲ့သူ ဦးယာက ပြာသိုလကို ထိုသို့ အစချီ၍ လွမ်းစဖွယ် ရေးဖွဲ့ပြီး ….
“ညွန့်ဖူးစိုစို၊ ပန်းခွါညိုလည်း၊ ပြာသိုမာသ၊ မကာရတွင်၊ ပွင့်ကြကြိုင်သင်း၊ မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊ လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊ ကြင်ဖော်ကွာသား၊ ခွေကာစုရုံး၊ မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊ သနားဖွယ်နှင့် …”
ချမ်းအေးလွန်းသည့် ရာသီမှာ ကြင်ဖော်နှင့် ကွဲကွာနေရသော ဒုက္ခကို ဦးယာက ကရုဏာသက်စွာ စပ်ဆိုခဲ့လေသည်။
.
မဟာအတုလမင်းကြီး၏ ပြာသိုလဘွဲ့ကတော့ ဤသို့အစချီခဲ့သည်။
“တိမ်ခြေငယ် ရှင်းပါလို့၊ မြူနှင်းငယ်စိုစို၊ လ-ပြာသိုမှာ၊ နွယ်ခွါညို မြိုင်မြိုင်နှင့်၊ လှိုင်လှိုင်သင်းတဲ့ လကိုလေး …။
.
နဝဒေးကြီးကလည်း …
နတ်လကျွန်း၍၊ ဆန်းတုံပြာသို၊ ပင်တိုင်းညိုမျှ၊ မြလို့ပျံ့မွှန်း၊ ထုံရည်သွန်းသို့၊ နတ်ပန်းခွံမြ၊ ပေါ်သည့်လဝယ်၊
“တရာ့တဆောင်း၊ ရုံးလှာပေါင်းလည်း၊ တူကြောင်းမရှိ၊ ချမ်းလှဘိ၏” ဟု ပြာသိုလကို ဖွဲ့ဆိုခဲ့သည်။
.
အမျိုးသမီးစာဆို မယ်ခွေကတော့ …
“မီးပူပူ ကင်မဝသည့်၊ လပြာသိုဆောင်း၊ ထည်ပေါင်းမှ ထောင်ရာ၊ ခြုံလေ-အေးလေ၊ ကြက်သီးတွေနှင့်” … ဟု ရိုးရှင်းစွာ ရေးဖွဲ့ခဲ့သည်။
.
စာဆိုတွေ အမျိုးမျိုးကွဲပါစေ ပြာသို၏ ချမ်းအေးခြင်းကို ဖွဲ့ကြသည်မှာ အတူတူပင်။
.
ပြာသိုက ခွါညိုနှင့် ခွဲမရ၊ ရာသီက မကာရ၊ နက္ခတ်က ဖုသျှ၊ ရှေးဘုရင်လက်ထက် အခါကတော့ မြင်းခင်းသဘင် ကျင်းပကြသတဲ့။
.
“ရောင်သိင်္ဂီငယ်၊ ကြယ်ညီဖုသျှ၊ မကာရမို့၊ ရွှေဝဥကင်၊ နန်းရင်ပြင်မှာ၊ လှံလျင် မြင်းခင်း၊ သဘင်ကျင်းလို့၊ ရာမင်းထွက်စံ၊ ဗိုလ်ညီလာ ခံသောခါ ” ဟု မဟာအတုလမင်းကြီးက ရေးခဲ့သည်။
.
မြင်းခင်းသဘင်ဆိုသည်ကား နိုင်ငံ၏ မြင်းတပ်အင်အားနှင့် အရည်အချင်းကို ပြသောပွဲပင်။ ခုခေတ်မှာတော့ မြင်းခင်းသဘင်က တိမ်ကောချေပြီ။
***

ထိုထို ရာသီဘွဲ့တွေကို ဖတ်ရင်း ပြတင်းပေါက်ကို လှမ်းကြည့်လိုက်တော့ ကောင်းကင်မှာ လမင်းကြီးက ထွန်းလင်းလို့နေသည်။ ရန်ကုန်မြို့၏ ပြာသိုလက အချမ်းမပြင်းလှ။ ဆောင်းငွေ့သက်သော လေပြည်လေညင်းမှ လွဲ၍ အအေးဓာတ်က ခပ်ဖျော့ဖျော့ ခပ်ပျော့ပျော့။ ဒီလိုညမှာ တခါတုန်းက ပြာသိုလပြည့်ညအကြောင်း ခေါင်းထဲ ရောက်လာမိသည်။

တခါတုန်းက … ။
အတိအကျဆိုရလျှင် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပြာသိုလပြည့်က .. ။
.
မဇ္ဈိမဒေသ၏ လပြာသိုက အေးချမ်းလွန်းလှသည်။ ဆီးနှင်းတို့ သည်းထန်စွာ ကျနေသဖြင့် ဝန်းကျင်က စိုစွတ်အုံ့မှိုင်းလျက် … ။ ဥရုဝေလတော နေရဉ္ဇရာမြစ်ကမ်း အနီးမှာတော့ ဆီးနှင်းတို့က တဝေဝေ။
.
ဥရုဝေလတောမှာ နေထိုင်သီတင်းသုံးနေကြသည့် ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ အမည်ရ ညီအစ်ကိုသုံးဖော် ရသေ့သုံးပါးကား ကိလေသာ ခေါင်းပါးစေရေး ပြင်းထန်သောအကျင့်များကို ကျင့်နေကြ၏။ အစ်ကိုကြီး ဥရုဝေလကဿပက တပည့်ငါးရာ၊ အစ်ကိုလတ် နဒီကဿပက တပည့် သုံးရာ၊ ညီငယ် ဂယာကဿပက တပည့် နှစ်ရာကို ခေါင်းဆောင်ပြီး နေရဉ္ဇရာမြစ်တွင်း သက်ဆင်းကာ ရေငုပ်ကြလေသည်။ ဒီလောက် အေးတဲ့အချိန်မှာ ရေငုပ်သည်ဆိုတော့ … သူတို့ ဘယ်လောက် ချမ်းအေးကြရှာမလဲ … ဟု တွေးလျှင်ပင် ကျောထဲက စိမ့်ခနဲ။
.
ရေငုပ်၊ မီးလှုံ … စသဖြင့် အကျင့်များ ကျင့်ပါက ကိလေသာလျှော့ပါးမည်ဟူသော အယူစွဲဖြင့် ချမ်းအေးသော ရာသီတွင် ပြင်းထန်စွာ ကျင့်နေသူများထံ မြတ်စွာဘုရားက သွားရောက်ကာ ထိုသူတို့၏ အချမ်းဝေဒနာများ သက်သာစေရေးအတွက် ဆောင်ရွက်ပေးတော်မူခဲ့ပါသတဲ့ … ။
.
ပြာသိုလရဲ့ အအေးဓာတ်က ဗုဒ္ဓမြတ်စွာရဲ့ မေတ္တာ ကရုဏာတော်ကို ကျော်လွန်နိုင်ရှာမည် မဟုတ်ဟု သူ … တွေးနေမိသည်။ မြတ်စွာဘုရားက ရသေ့များ ခွဲ၍မရသော ထင်းတုံးများကို တပြိုင်နက် ကွဲစေခြင်း၊ ရသေ့များ မွှေး၍မရသော မီးကို တပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးကို တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ငါးရာကို တပြိုင်နက် ဖန်ဆင်းခြင်း … စသည့်စသည့် တန်ခိုးပြာဋိဟာများ ပြကာ ရသေ့များကို ဆွဲဆောင်စေခဲ့သည်။
.
နောက်လိုက် နောက်ပါ တပည့်ပေါင်းများစွာကို ဦးဆောင်နေသူ ရသေ့များက မြတ်စွာဘုရားရှေ့မှောက် ဒူးထောက်ဖို့ဆိုတာ လွယ်သည့်ကိစ္စတော့မဟုတ်၊ ထို့ကြောင့်ပင် မြတ်စွာဘုရားက တန်ခိုးတော်ပေါင်း ၃၅၁၆ မျိုးကို ပြသခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
.
ထိုအခါမှ ရသေ့များက နေရဉ္ဇရာမြစ်ထဲသို့ သူတို့၏ အသုံးအဆောင်များကို စွန့်ပစ်ပြီး ဘုရားထံမှာ ရဟန်းအဖြစ် တောင်းခံခဲ့ကြ၏။ အသုံးအဆောင်များနှင့်အတူ သူတို့၏မှားယွင်းသော အကျင့်တွေကိုပါ  နေရဉ္ဇရာမြစ်ထဲသို့ စွန့်ပစ်ခဲ့ကြခြင်းပေပဲ။ သို့ဖြင့် ...  ရသေ့တထောင် (ရှင်တထောင်) လုံး ဧဟိဘိက္ခု ရဟန်းများ ဖြစ်လာကြ လေတော့သည်။ ဗုဒ္ဓမြတ်စွာက ရသေ့တထောင်အား ကျောက်ဖျာထက်၌ နေ၍ “အာဒိတ္တ ပရိယာယ” သုတ္တန်ဒေသနာတော်ကို ဟောကြားတော်မူသည့်အခါ ရှင်တထောင်လုံး အာသဝေါကုန်ခမ်းကာ ရဟန္တာများ ဖြစ်သွားခဲ့ကြလေ၏။ 
.
နေရဉ္ဇရာမြစ်ကတော့ စီးဆင်းမြဲ စီးဆင်းနေဆဲပင် ... ။
.
ထိုနေ့ကား ပြာသိုလပြည့်နေ့ပင်တည်း။
.
ထို့ကြောင့် အခါတော်နေ့များကို စီစဉ်ကျင်းပလေ့ရှိသော ဆရာတော် မာဂဓီ (သာစည်)က ပြာသိုလပြည့်ကို ရှင်တထောင်နေ့ဟု သတ်မှတ်ခဲ့လေသည်။
***
မဇ္ဈိမဒေသကဲ့သို့ မအေးချမ်းလှသော ရန်ကုန်မြို့၏ ပြာသိုလပြည့်ည၌ တခါက ပြာသိုလပြည့်ညဝယ် မြတ်စွာဘုရား ကျောက်ဖျာထက်မှာ စမ္ပါယ်တော်မူကာ ရဟန်းတထောင်အား တရားအမြိုက်ဆေး တိုက်ကျွေးနေပုံကို မြင်ယောင်ရင်း … ပြာသိုလ၏ အနှစ်သာရကို တွေးတော ခံစားနေမိပါတော့သည်။
***
မေဓာဝီ
၁၂၊ ဇန်နဝါရီ၊ ၂၀၁၇
ပြာသိုလပြည့်ည
၁၉း၁၈ နာရီ
.
ကိုးကား။ ။
ရာသီသဘင် - ဦးသော်ဇင်
ဆယ့်နှစ်ရာသီဘွဲ့ လူးတား - ဦးယာ
တဆယ့်နှစ်လမိုး - ဒဂုန်ဦးစန်းငွေ
အခါတော်နေ့များ - မာဂဓီ (သာစည်)

1 comment:

Yan Naing Aye said...

အရမ်းနှစ်သက်မိတဲ့ post တခုပါပဲ။ ဖတ်လို့ အရသာရှိလှသလို၊ မှတ်သားစရာ တွေလည်း ကျန်ခဲ့ပါတယ်။ ကျေးဇူးပါ။