Sunday, March 20, 2016

ဘိုးတော်ဘုရားရဲ့ ခြင်္သေ့ကြီးများနဲ့ ဦးပေါ်ဦး

 
မင်းကွန်းက ပုထိုးတော်ကြီးဘုရားကို ရောက်ချိန်မှာ နေအတော်မြင့်နေပြီ။ အညာနွေရဲ့ မွန်းတည့်လု နေပူဒဏ်ကို မခံနိုင်တာကြောင့် ပုထိုးတော်ကြီး အပေါ်ကို မတက်ဖြစ်ခဲ့ဘူး။ ပုထိုးတော်ကြီးဘုရားကနေ အရှေ့ဘက်ကို မျှော်ကြည့်လိုက်တော့ ဧရာဝတီမြစ်ကြီး … ပြီးတော့ ခြင်္သေ့လို့တောင် မပီပြင်တော့တဲ့ ခြင်္သေ့ကြီးနှစ်ကောင်ရဲ့ ကြွင်းကျန်ရစ်သော အပိုင်းအစတွေ။ သမိုင်းထဲက ခြင်္သေ့ကြီးတွေရဲ့ ရုပ်ကြွင်းတွေ ... ဆိုပါတော့ ... ။ ပုထိုးတော်ကြီးနဲ့ ခြင်္သေ့ကြီးရဲ့ ရုပ်ကြွင်းတွေကို ကြည့်ပြီး ဘိုးတော်ဘုရားနဲ့ ဦးပေါ်ဦးကို သတိတရ ဖြစ်မိသွားတယ်။

ဘိုးတော်ဘုရားရဲ့ အမိန့်တော်အရ ပုထိုးတော်ကြီး အနီးမှာ တည်ဆောက်ထားတဲ့ ခြင်္သေ့ကြီးတွေ ပြီးခါစမှာ ဦးပေါ်ဦးက လာကြည့်ပြီး
"ခြင်္သေ့ကြီး ခြင်္သေ့ကြီးတွေနဲ့ နာမည်ကြီးနေလိုက်တာ ခု ... ကြည့်တော့လဲ ..."
လို့ ဝေဖန်ဖို့ စကားအစ ... ခြင်္သေ့ကြီးတွေနောက်မှာ ပုန်းနေတဲ့ ဘိုးတော်ဘုရားက ရုတ်တရက် ထွက်လာပြီး ...
"ဟဲ့ ပေါ်ဦး ဆက်ပြောလေ ခု ကြည့်တော့ ဘာဖြစ်သလဲ ... "
လည်း ဆိုရော ... ဦးပေါ်ဦးက
"ကြည့်တော့လဲ အသက်ဝင်လိုက်တာ ဧရာဝတီမြစ် တဖက်ကမ်းကို ခုန်ကူးတော့မယ့် အလားပါပဲ ဘုရား" ...
လို့ တမုဟုတ်ချင်း အလျှောက်ကောင်းလို့ အထောင်းသက်သာခဲ့ရတယ်။
.
ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးကို မြန်မာ သက္ကရာဇ် ၁၁၅၂ ခုနှစ်မှာ စတင်ပန္နက်ချပြီး ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး အခမ်းနားဆုံး ဖြစ်အောင် အမြင့် ပေ ၅၀၀ ထိ ဆောက်လုပ်မယ်လို့ရည်ရွယ်ခဲ့ပါသတဲ့။ ဒါပေမဲ့ အဲဒီအချိန်မှာ "ဘုရားလည်းပြီး၊ ပြည်ကြီးလည်း ပျက်၊ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုးသုညကပ်" ဆိုတဲ့ တဘောင် ပေါ်လာတော့ အယူတော်မင်္ဂလာ ဦးနိုးက ... "ဘုရားကြီး ပြီးရင် တိုင်းပြည်ပျက်မယ်၊ မုဆိုးဘိုဆက်လို့ ခေါ်တဲ့ ကုန်းဘောင်မင်းဆက်လည်း ပျက်မယ်" လို့ နိမိတ် ကောက်ခဲ့တယ်။ ဒါနဲ့ပဲ ဘိုးတော်ဘုရားဟာ ပုထိုးတော်ကြီးကို အပြီး မသတ်စေဘဲ အမြင့် ၁၆၂ ပေမှာ ရပ်ခဲ့တယ်လို့ ဆိုပါတယ်။
.
ဒါ့အပြင် ဘိုးတော်ဘုရားဟာ ဉာဏ်တော်မြင့်မားတဲ့ ပုထိုးတော်ကြီးနဲ့ လိုက်ဖက်ညီအောင် ပုထိုးတော်ကြီး အရှေ့ဘက် ဧရာဝတီမြစ်ကမ်း နဖူးမှာ အမြင့်ပေ ၉၅ ပေရှိတဲ့ ခြင်္သေ့ကြီး နှစ်ကောင်ကို ဆောက်လုပ် တည်ထား စေခဲ့တယ်။ ခြင်္သေ့ကြီးတွေဟာ အင်မတန်ကြီးမားပြီး ခြေသည်း လက်သည်းရဲ့ အလျားက ၅ ပေခွဲ၊ လုံးပတ်က ၄ ပေ ခွဲ ရှိပါသတဲ့။ ခြင်္သေ့ကြီးရဲ့ မျက်လုံးမှာ တပ်ဆင်တဲ့ ကျောက်မျက်လုံးကြီးရဲ့ လုံးပတ်အဝန်းဟာ မတပ်ဆင်ခင် တိုင်းတာချက်အရ ၁၃ ပေရှိတယ်လို့ ဆိုပါတယ်။ နည်းနည်းနောနော ကြီးမားတဲ့ ခြင်္သေ့ကြီးတွေ မဟုတ်ပါဘူး။
.
ဘယ်လောက်ပဲ ကြီးမားခန့်ညားစွာ တည်ဆောက်ခဲ့ပဲပေမယ့် တချိန်မှာတော့ ပျက်စီးရစမြဲ ... ။ ၁၁၅၅ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့တဲ့ ခြင်္သေ့ကြီးတွေဟာ ၄၅ နှစ်အကြာ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်မှာတော့ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီး ခဲ့ရပါတော့တယ်။ ပျက်စီးသွားတဲ့ ခြင်္သေ့ကြီးတွေကိုလည်း ဘယ်သူမှ ပြုပြင်ခြင်းမရှိတာကြောင့် ခုမြင်တွေ့ရတဲ့အတိုင်း ခြင်္သေ့ ငုတ်တိုကြီးတွေ ဘဝနဲ့ လာသမျှလူ ဓာတ်ပုံရိုက်သမျှ ခံနေရရှာတာပါပဲ။
.

ကိုယ်တိုင်လည်း ဒီခြင်္သေ့ပျက်ကြီးတွေကို ဓာတ်ပုံရိုက်ယူရင်း တဖက်ကမ်းကို ခုန်ကူးတော့မယ့်အလား ဦးပေါ်ဦးနှုတ်ဖျားမှာ အသက်ဝင်ခဲ့တဲ့ တခါက ခြင်္သေ့ကြီးတွေကို ပြန်မြင်ယောင် တွေးတောနေမိတယ်။
ကြွင်းကျန်ရစ်တဲ့ ခြင်္သေ့ကြီးရဲ့ ကိုယ်ထည် အပိုင်းအစပေါ်မှာတော့ ‪အမှိုက်မပစ်ရ ဒဏ်ငွေ ၅၀၀၀ လို့ ထုံးနဲ့ ကမ္ဗည်းထိုးထားလေရဲ့။
***
မေဓာဝီ
၂၀ ၊ ၀၃ ၊ ၂၀၁၆
၁၆း၃၆ နာရီ



(၂၀၁၆ ဖေဖော်ဝါရီလ စစ်ကိုင်း - မင်းကွန်း ခရီးစဉ် အမှတ်တရ)

No comments: