တနေ့တော့ သူက ပြောလာတယ် ... ။
... ... ...
... ... ...
“မေရယ် ... ကိုက ရုပ်အဆင်းကလည်း မလှပ၊ ထူးချွန်ပြောင်မြောက်တဲ့ ပညာလည်း မရှိ၊ စိန်ရွှေငွေ ဥစ္စာဓနကလည်း မကြွယ်ဝ ... ဆိုတော့ မေ့ကို ချစ်ရတာ အားငယ်လှပါတယ်” ... တဲ့။
.
ကျမက ပြုံးလိုက်တယ် ... ။
ဖြစ်ရလေ အကိုရယ် .. ။ ယောက်ျားဆိုတာ ရုပ်ရည်ချောမော လှပဖို့မှ မလိုတာ ... အရေပြား တထောက်စာ အလှအပလည်း မေ မမက်မောဘူး၊ အကို့ရင်ထဲမှာ ဖြူစင် ကြည်လင်ပြီး မေ့ကို ချစ်မြတ်နိုးတဲ့ နှလုံးသား ရှိနေပြီဥစ္စာ ... ။
.
မာစတာဘွဲ့တွေ ဒေါက်တာဘွဲ့တွေ နိုင်ငံတကာ ဘွဲ့တွေ တသီတတန်းကြီး ပိုင်ဆိုင်ဖို့ မလိုပါဘူး အကို ... ။ မြန်မာပြည်က ကိုယ်သင်ထားတဲ့ ပညာရပ်နဲ့ နိုင်ငံတကာမှာ သူတကာနဲ့ ရင်ဘောင်တန်း လုပ်ကိုင်နေနိုင်တာ ဂုဏ်ယူရမှာ မဟုတ်လား။ ပြီးတော့ အကိုက မေ့လို မဟုတ်ဘူး၊ ကိုယ်သင်ထားတဲ့ ပညာကို နှစ်သက်တယ်၊ တကယ်ကို စိတ်ပါဝင်စားပြီး ဒီပညာမှာ စိတ်နှစ်ထားတာမို့ အလုပ်ကိုလည်း မငြီးငွေ့တဲ့သူ ... ။ တခြားနေရာမှာ စကားနည်းပေမဲ့ အလုပ်အကြောင်း ပြောရရင်ဖြင့် အာပေါင်အာရင်း သန်သန် ပြောချင်သူ ... လေ။ အဓိကက ... ကိုယ့်ပညာကို ကိုယ် နှစ်သက်စွာ ဂုဏ်ယူပြီး အလုပ်မှာ ပျော်မွေ့နိုင်ဖို့ပါပဲ။ နောက်ပြီး အကို့မှာ အသက်မွေးဝမ်းကျောင်း အတတ်ပညာအပြင် စာရေးခြင်း အနုပညာလည်း ရှိသေးတယ် မဟုတ်လား ... ။
.
စိန် ရွှေ ရတနာ ဘာကိုမှ မေက မမက်မောတတ်သူဆိုတာ အကို မေ့များနေရော့သလား။ ရုပ် ဝတ္ထု ပစ္စည်းဆိုတာတွေထက် မေ မက်မောတာက ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ကိုယ်ချင်းစာတရား ထားနိုင်တဲ့ စိတ်ထားကိုပါ ... ။ ငွေကြေး ဓန မကြွယ်ဝလည်း အကို့ပညာနဲ့ သမ္မာအာဇီဝ အလုပ်ကိုလုပ်ပြီး လူတန်းစေ့ နေထိုင် စားသောက်နိုင်တယ်၊ အကို့မိဘတွေကို ထောက်ပံ့နိုင်တယ်၊ လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်း ပေးကမ်းနိုင်တယ် .... လေ။ ဒါဆိုရင် ဘာလိုသေးလို့လဲ ... ။
.
ဒီမယ်အကို ... ။ အဓိကက မေနဲ့ အကို ... နီးနီးဝေးဝေး တယောက်နဲ့ တယောက် သစ္စာ ရှိနေဖို့ရယ် ... ၊ ကိုယ်နဲ့ တန်းတူ လူသားတွေအပေါ် မေတ္တာထားနိုင်ဖို့၊ ကိုယ့်ထက် အားနည်း နိမ့်ပါးတဲ့ သူတွေအပေါ် သနား ကြင်နာ ကရုဏာသက်နိုင်ဖို့၊ ကိုယ့်ထက်သာရင် မနာလို မဖြစ်ဘဲ ... ဝမ်းမြောက် ဝမ်းသာ မုဒိတာထားနိုင်ဖို့၊ တချို့သူတွေအပေါ်မှာတော့ ... ဥပေက္ခာပြု နိုင်ဖို့ .... အဲဒါပဲ မေက တောင်းဆိုချင်ပါတယ်။
.
ဒါဟာ ဗြဟ္မဝိဟာရ ... ဗြဟ္မစိုရ်တရား ဆိုပါတော့ အကိုရယ် ... ။ သြော် ... ဗြဟ္မစိုရ် တရား ၄ ပါးအပြင် မေကတော့ သစ္စာတရားကိုပါ ဦးဆုံးထည့်ထားတာနော် ... ။ သစ္စာ ဆိုတာ အမှန်တရားလို့ ဆိုကြတယ် မဟုတ်လား။ ဒါ့ကြောင့် မေပြောတဲ့ သစ္စာရှိပါ ဆိုတာက အကို ဘာပဲလုပ်လုပ် ဖုံးကွယ်မထားဘဲ မေ့ကို အမှန်အတိုင်း ပြောပြဖို့ပါပဲ။ မေကလည်း ထိုနည်းလည်းကောင်းပေါ့။ အကိုနဲ့ မေဟာ တယောက်နဲ့တယောက် သစ္စာရှိပြီး ဗြဟ္မဝိဟာရ တရားကို လက်ခံ ကျင့်သုံးကြမယ် ဆိုရင် ... တခြား ဘာတွေ လိုအုံးမှာလဲ ကွယ် ... ။
... ... ...
... ... ...
ဒီတော့မှ သူက ပြုံးသွားပါတယ်။
.
ဒီလိုပါပဲ ကိုယ်အားငယ်ရင် သူက အားပေး၊ သူ အားငယ်ရင် ကိုယ်က အားပေးရင်း ဘဝလမ်းခရီးကို လျှောက်လှမ်းခဲ့ကြတာ ... ဘာလိုလိုနဲ့ (၁၀) လ ပြည့်ခဲ့ပြီ။ အတူနေရတာကတော့ ၄ လ ကျော်ကျော်လောက်ပါပဲ။ ဒါကလည်း အတိတ်ဘဝက ကံတွေကြောင့် ခွဲခွါနေရတာ ... ဒီဘဝမှာ ကုသိုလ် ကောင်းမှု တတ်နိုင်သမျှ အတူတူ ပြုကြရအောင် လို့ ဆုံးဖြတ်ထားကြပါတယ်။ ဒါမှလည်း နောင်သံသရာ အဆက်ဆက် ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ဘဝက ကင်းဝေးမယ် မဟုတ်လား။
***
မေတ္တာဖြင့် ...
~မေ~
၀၅၊ ၀၁၊ ၁၆
(၁၀ လပြည့် မင်္ဂလာ အမှတ်တရ)
No comments:
Post a Comment