Thursday, May 28, 2020

ကံ့ကော်ရွက်လေးတွေ ငယ်ငယ်တုန်းက


Oh lovely tiny leaves!
they are dancing in the breeze.
When I woke up from the dream
I saw red, yellow and green.
I'm thinking whose painting …
The nature is amazing.

28 May 2014



ပုရစ်ဖူးသစ်
နုမျစ်ရွက်ငယ်
ချစ်စဖွယ်
လေဝယ်နွဲ့တိမ်း
က လို့ ယိမ်း။

အိပ်မောကျကာ
အိပ်မက်ရာမှ
နိုးခါစတွင်
မြင်ရခဲ့သည်
ဝါ စိမ်း နီ။

မည်သူဆေးခြယ်
အတွေးနယ်ချဲ့
စဉ်းစားခဲ့သော် ...
သြော် ... သဘာဝ
အံ့ပေစွ။ ... ။
***
Translated by မေဓာဝီ
28 May 2020

2014 က ရေးခဲ့တဲ့ ကိုယ့်ကဗျာကိုယ် ဘာသာပြန်ထားတာပါ။

Sunday, November 03, 2019

၅၅ နှစ်ပြည့် မင်္ဂလာ ...

 

တရံရောအခါက
ဘဝသစ်ပင်ရဲ့အထက်
အချစ်သစ်ကိုင်းလေး ပေါ်မှာ
ခိုနားခဲ့ကြတဲ့ ငှက်ကလေး နှစ်ကောင်ရှိသတဲ့။

လေထန် မိုးသည်း မုန်တိုင်းထဲမှာ
အတောင်ချင်းယှက် လက်ချင်းတွဲ
အခက်အခဲ ဟူသမျှ
အတူတကွ ဖြေရှင်းကာ
ကျော်ဖြတ်ခဲ့ကြတဲ့ နှစ်များ
ရှည်လျားတွက်စစ်ကြည့်ရင်
၅၅ နှစ် တိုင်ခဲ့ပြီ ... တဲ့။

ချွေးစက် သွေးစက်
နို့ရည်စက်တွေ အရင်းပြုပြီး
ရင်မှထုဆစ်တဲ့ သားသမီးတွေအတွက်
တသက်တာ ပေးဆပ်ခဲ့ရင်း
တဖြည်းဖြည်း ကြီးပြင်းလာခဲ့တဲ့အခါ ...
... ... ...
... ... ...
... ... ...
ခိုလှုံရာ သစ်ပင်ကြီးလည်း အိုမင်း
နားနေရာ သစ်ကိုင်းကလေးလည်း ယိုယွင်း
ဒါပေမဲ့ ...
သူတို့နှစ်ဦးကတော့
အချင်းချင်း .... ဖေးကူရင်း
အချင်းချင်း ... တွေးပူရင်း
အချင်းချင်း ... ထွေးယူရင်း
မျှော်လင့်ခြင်း မနက်ဖြန်အတွက်
ဆက်လက်ရှင်သန်နေကြသတဲ့။
***
မေဓာဝီ
03 Nov 19
00.03

နိုဝင်ဘာလဟာ ကျမတို့ မိသားစုအတွက် အမှတ်တရတွေ ပြည့်နေတဲ့ လတလပါ။ ၁၉၆၄ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က အဖေနဲ့ အမေရဲ့ ဘဝအစ ... ။ အခုဆို ၅၅ နှစ် ပြည့်ခဲ့ပါပြီ။ ဒီလိုနေ့မှာ မိဘနှစ်ပါးနဲ့ အတူရှိခွင့်ရတာ အလွန်ကို ဝမ်းသာ ကြည်နူး ပီတိ ဖြစ်ရပါတယ်။ အင်မတန်ကုသိုလ်ထူးတယ်လို့လည်း မှတ်ယူမိ ပါတယ်။ 

ငှက်ကလေးတွေကို ချစ်တဲ့ အမေ့အတွက် ငှက်ကလေး နှစ်ကောင်ပုံ ဆွဲပြီး ကဗျာလေးရေးရင်း မျက်ရည်ကျရ တယ်။ ဆပ်လို့မကုန်တဲ့ ကျေးဇူးတရားတွေ အနှိုင်းမဲ့ မေတ္တာတရားတွေ အတွက် ... ကဗျာတပုဒ် ပန်းချီတချပ်နဲ့ ဘယလုံလောက်ပါ့မလဲ။ မပြန်ခင် ကျန်နေတဲ့ ရက်လေးတွေ ... အတူနေရတဲ့ အခိုက်အတံ့မှာ မိဘနှစ်ပါးကို ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းနဲ့ပဲ ...ပေးဆပ်နိုင်တာ ခွင့်လွှတ်ပါတော့။ 

Tuesday, October 29, 2019

မင်္ဂလာ အရှိဆုံး ...


  ***
မနက်ခင်း
နေမင်းကတောက်ပတယ်။
.
 
သစ်ပင်အထက် ဆင်းတက်ပြေးလွှား
ရှဉ့်ညိုလေးများရယ် ...
​.
 
ရေကန်သာထဲ လူးလာကူးသွား
ဘဲကလေးများရယ် ...
.
 
မြက်ခင်းစိမ်းပေါ် နှစ်ဖော်ယှဉ်လျက်
အစာရှာထွက်တဲ့ ကြိုးကြာငှက် မောင်နှံရယ် ...
.
 
သစ်ကိုင်းကြီးပေါ် အဖော်မပါ
တကောင်သာတည်း ထီးထီးကြီးရပ်
သိန်းငှက်ကြီးရယ် ...
ဘယ်သူတွေ ဘယ်လောက်ပဲ လှပပါစေ ...
ဘယ်အရာတွေ ဘယ်လောက်ပဲ သာယာပါစေ ...
.
 
 အမေ့ရဲ့ ပြုံးနေတဲ့ နှုတ်ခမ်း
အဖေ့ရဲ့ သွက်နေတဲ့ ခြေလှမ်းတွေက
အားလုံးထက် သာ
မင်္ဂလာအရှိဆုံး ဖြစ်တယ်။
***

 မေဓာဝီ
29 Oct 19
11.02

Saturday, October 26, 2019

လိပ်ပြာ

 
ပန်းပွင့်အထက်
ဆင်းသက်မနား
ခြေသွားလမ်းမှာ
နေရာမှား၍ နားခဲ့သည်။
***
မေဓာဝီ
၂၆ အောက်တိုဘာ ၂၀၁၉
၁၁း၁၈

Thursday, October 24, 2019

နံနက်ခင်း၏ မနှင်းဆီ


 ***
နှင်းဆမ်းသည့်ပန်း
လန်းသည့် တပွင့်
ဝင့်သည့် တဖူး
ခူးမဆွတ်သာ ...
ဝါသော နှင်းဆီ
ကြည်သော နှလုံး
ပြုံးသော နှုတ်ခမ်း
နမ်းခွင့် တရှိုက်
လှိုက်၍ရင်ခုန်
ကြုံခဲ့သည်။
***
မေဓာဝီ
24.10.19
10.35

Monday, October 21, 2019

နံနက်ခင်းကို ဆောင်ကြဉ်းခွင့်ပြုပါ


 ***
ဒီနံနက်ခင်းမှာ သတင်းကောင်းတခုနဲ့
နိုးထလာခဲ့တယ်။
မနက်စာပြင် ဆွမ်းတော်တင်ချိန်မှာ
အဖေက စာဖတ် - အမေက ဘုရားရှိခိုး
အဆိုးတွေ ဖယ်ခွာစေကြောင်း
ဆုတွေတောင်းကောင်း တောင်းလိမ့်မယ်။
စားသောက်ပြီး လမ်းလျှောက်ထွက်
မြက်ခင်းစိမ်း နဲ့ ရေကန်ပြာ
ဘဲလေးတွေနဲ့ ကြိုးကြာ
သာယာတဲ့ ရှုခင်း
လမ်းးလျှောက်ရင်း ငေးမော ...
ကျောခိုင်းရမှာ နှမြောနေမိသေး။
နံနက်ခင်း နေမင်းက မပူပြင်း
နံနက်ခင်း လေညင်းတဝ ရှူသွင်း
ငြိမ်းချမ်းခြင်း တခဏ
ကိုယ့်ဒေသဆီ ထုပ်ပိုးသယ်ယူလို့မရတဲ့
သဘာဝရဲ့ လက်ဆောင်များ
စံစားရင်း ... ခံစားရင်း
နံနက်ခင်းကို ဆောင်ကြဉ်းသွားချင်တယ် ... ။
***
မေဓာဝီ
21.10.19
09.48

Friday, July 19, 2019

အမေ ... သို့ ...

အမေ ... သို့ ... 


 လက်ဆယ်ဖြာမိုး
ဦးနှိမ်ချိုး၍
ရှိခိုးနေသော
အမေအို ... ။
.
ဖခင်ကိုယ်စား
တိုင်းပြည်အားကို
ညည်းတွားခြင်းကင်း
ထမ်းဆောင်ခြင်းဖြင့်
လက်ကမ်းဆင့်သည့် အမေအို။
.
အမေ့ရင်ထဲ
သောကဖွဲမီး
ဖိစီးတောက်လောင် နေမည်လော။
.
မငြိမ်းချမ်းသေး
တိုင်းပြည်ရေးတွက်
ရတက်မအေး နေသလော။
.
တိုင်းပြည့်ကြမ္မာ
ကိုယ့်ကြမ္မာဟု
ခံကာ ခါးစီး
အားမာန်ကြီးသည့်
တိုင်းပြည့်အမေ
တွေ့မြင်လေတိုင်း
ကြမ္မာရိုင်းကို
အတိုင်းမသိ မုန်းမိသည်။
***

 မေဓာဝီ
19.07.19
11.12

Monday, May 27, 2019

အိပ်ပျော်နေတဲ့ ကြောင်ကလေး



အိပ်ပျော်နေတဲ့ ကြောင်ကလေး
***
ကြောင်ကလေးက အိပ်ချင်ပြီ၊
ဂျီကျလို့ အော်မြည်။
မီ မီ မီ ဒီလာခဲ့၊
စာဖတ်လှည့်ပါကွယ့်။
စာဖတ်ပျင်းတယ် အိပ်တော့မယ်၊
မတားနဲ့တော့ကွယ်။
စာအုပ်တွေ ပုံကာပေး
ကြောင်လေးအိပ်လို့ကွေး။
***
မေဓာဝီ
27.05.19
21.51

Thursday, September 27, 2018

Happy Birthday Google!


***
သူနဲ့ မေးလ်​​တွေ talk​တွေ သုံးခဲ့ရလို့
ကမ္ဘာကြီးက ကျဉ်းသွား ...
သူနဲ့ ရှာရ​ဖွေရ ​ဖတ်​ရှု ​လေ့လာခဲ့ရလို့
အမြင်​​တွေ ကျယ်​လာ ...
***

အီး​မေးလ်​စစ်​ဖို့ browser ထဲဝင်​​တော့ Google ရဲ့ လိုဂို​လေးက ​ပြောင်း​နေတယ်​။ ဘာများလဲလို့ ကြည့်​လိုက်​​တော့ Google ရဲ့ ၂၀ နှစ်​ပြည့်​ ​မွေး​နေ့တဲ့။
Happy birthday ပါ ဂူဂဲ​လ်​​ရေ ...
***

ဟိုး အရင်​က MPT mail, Bagan mail အပြင်​ Yahoo တို့ MSN တို့ Postman တို့ တခြား free mail ရှိသမျှ အကုန်​လိုလို သုံးဖူး​ပေမဲ့ Google ​ရဲ့ Gmail လောက်​ ဘယ်​ဟာမှအဆင်​မ​ပြေဘူး။ Gmail ဟာ နာမည်​ကြီးသွားပုံများ Email လိပ်​စာ​မေးရင်​ အီး​မေးလ်​မရှိဘူး၊ ဂျီ​မေးလ်​ပဲ သုံးတယ်​လို့ ​ပြောကြတဲ့အထိ။ :)
.
Google ကို စတင်​တည်​​ထောင်​သူ​က​တော့ အဲဒီတုန်းက (1997/98) အ​မေရိကန်​နိုင်​ငံ ကယ်​လီဖိုးနီးယား ပြည်​နယ်​က Stanford တက္ကသိုလ်​မှာ PhD တက်​​နေကြတဲ့ Larry Page နဲ့ Sergey Brin ဆိုတဲ့ ​ကျောင်းသား နှစ်​​ယောက်ပါ တဲ့။ သူတို့ရဲ့ research project အတွက်​ လုပ်​ထားတဲ့ search engine ​လေးကို စစချင်း BackRub လို့ nick name ​ပေးထား​သေးတယ်​။ ​နောက်​မှ Google ဖြစ်သွားတာတဲ့။ Google ဖြစ်​​သွားပုံကလည်း ပြုံးချင်​စရာ။ Googol ကို စာလုံး​ပေါင်းမှား​ရေးမိတာ ဆိုပဲ​လေ။ Googol ဆိုတာက 10 ပါဝါ 100တဲ့။ 1 ​နောက်​မှာ သုည အလုံးတရာ ရှိတာ​ပေါ့။
.
အဲဒီနာမည်​ကို ​ရွေးတာက​တော့ ဒီ search engine ​လေးဟာ အချက်​အလက်​​ပေါင်း များစွာကို ​ထောက်​ပံ့​ပေးနိုင်​တယ်​ ဆိုတဲ့ ရည်​ရွယ်​ချက်​နဲ့တဲ့။ မ​မျှော်​လင့်​ဘဲ စာလုံး​ပေါင်း မှားသွား​တော့လည်း အမှား​ကောင်း​လေး ဖြစ်​သွားတာပါပဲ။ အခုချိန်​မှာ Google ကို အားလုံးသိ​နေကြပြီး Googol ကို​တော့ အားလုံး သိချင်​မှ သိကြပါလိမ့်​မယ်​။ 

ဒါ့အပြင်​ စာလုံး​ပေါင်းအမှား​လေး Google ဟာ ခုဆို အဘိဓာန်​​တွေထဲ ကြိယာ (verb) တခုအ​နေနဲ့ ခပ်​တည်​တည်​ ​နေရာယူနိုင်​​နေပါပြီ။ Google က​နေ ရှာရင်​ဖွေရင်​ googling လုပ်​တယ်​ ဆိုပြီးလည်း အများသုံးစွဲ​နေကြပြီ။
.
အခုချိန်​မှာ အသက်​၄၄ နှစ်​ရှိပြီဖြစ်​တဲ့ Page နဲ့ Brin တို့ဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်း အမှတ်​စဉ်​ ၁၂ နဲ့ ၁၃ ​နေရာမှာ ရှိသတဲ့။ ​အသက်​ ၃၃ နှစ်​ အရွယ်​ ​ဖေ့စ်​ဘွတ်​တည်​​ထောင်​သူ ဇက္ကာဘတ်​က နံပါတ်​ ၅ ဆိုလို့ ကျွန်​မက သိပ်​မ​ကျေနပ်​ချင်​ဘူး။ ​ဖေ့စ်​ဘွတ်​ထက်​ ဂူဂဲလ်​ကို ပိုနှစ်​သက်​မိလို့ပါ။ ဒါ​ပေမဲ့ ဂူဂဲလ်​ကို ကြိုက်​တယ်​ဆိုတာ ​ဖေ့စ်​ဘွတ်​ထဲ ​ရေး​နေရ​တော့လည်း ခက်​သားလား။ :)
.
Google ဟာ ဒီက​နေ့မှာ search engine နဲ့ ​မေးလ်​ ဆိုတာထက်​ အများကြီး လုပ်​​ဆောင်​​ပေး​နေပြီမို့ ​နေ့စဉ်​ဘဝအတွက်​ မရှိမဖြစ်​​ ဖြစ်​လာခဲ့ပါတယ်​။ ကျွန်​မ တ​နေရာရာ ​သွားရင်​ သွား​နေကျ​ နေရာ​တောင်​ google map က​နေ traffic ကြည့်​ပြီး သွား​လေ့ရှိပါတယ်​။ မ​ရောက်​ဖူးတဲ့ နေရာဆို ပိုဆိုး​သေးတာ​ပေါ့၊ သူ့ပဲ အားကိုး​နေရတာပါ။ ​နောက်​ပြီး ပုံ​တွေသိမ်းရင်​လည်း google photo မှာ။ Google ပြက္ခဒိန်​၊ Google reminder, blog လုပ်​တာက အစ Google နဲ့ သုံးခဲ့ရတယ်​။ အခုဆို Google play store, Google translator စသဖြင့်​ ​သုံး​နေရပြီ။ Google drive ​လေးကို ဖိုင်​​တွေ share လုပ်​ပြီး သုံးတတ်​သွားတာ မ​နေ့တ​နေ့ကမှ၊ အလုပ်​လုပ်​ရတာ ​တော်​​တော်​​လေး ဟန်​ကျလို့ Google ကို ​ကျေးဇူး​တွေ တင်​​နေရတယ်​။
.
တရက်​တရက်​ web browser ဖွင့်​လိုက်​ရင်​ အမှတ်​တရ အထိမ်းအမှတ်​ ​နေ့​လေး​တွေအတွက်​ ​ပေါ်လာတဲ့ ပုံ​လေး ​တွေက​နေ ဗဟုသုတ​လေး​တွေ ရသလို ​မေ့​နေတာ​လေး​တွေလည်း သတိရ​စေတယ်​။
ချစ်​တယ်​ google ... 

အသက်​ ၂၀ရှိပြီဖြစ်​တဲ့ Google ​​လေး နှစ်​​ပေါင်းများစွာ သက်​တမ်းရှည်​ကြာပါ​စေ။
***
မေဓာဝီ
၂၇ စက်​တင်​ဘာ ၂၀၁၈
၁၅း၅၅ နာရီ

Friday, August 31, 2018

တွေးမိ​တွေးရာ ပုံပမာ


***
ဟိုး​ရှေး​ရှေးတုန်းက​ အင်​တာနက်​ ကမ္ဘာကြီးထဲက ဘ​လော့ရွာ​လေး တစ်​ရွာမှာ ​"တွေးမိ​တွေးရာ ​ရေးမိ​ရေးရာ" ဆိုတဲ့ ဘ​လော့အိမ်​က​လေး တစ်​အိမ်​ ရှိသတဲ့။ အဲဒီတုန်းက ဘ​လော့ရွာ တည်​ခါစ ဆို​တော့ ရွာထဲမှာ အိမ်​က​လေး​တွေ နည်းနည်းပဲ ရှိ​သေးတာ​ပေါ့။ ​တွေးမိ​တွေးရာ ဘ​လော့အိမ်​​လေးက​တော့ ​အနက်​​ရောင်​ ​ရေနံချေးသုတ်​ထားတဲ့ မြန်​မာဆန်​ဆန်​ အိမ်​က​လေးပါပဲ။
.
တွေးမိ​တွေးရာ ဘ​လော့​လေးဟာ တ​နေ့တ​နေ့ ဘ​လော့ အိမ်​နီးနားချင်း​တွေဆီ သွားလည်​လိုက်​ ကိုယ့်​ဆီလာလည်​တဲ့ သူ​တွေကို ဧည့်​ခံလိုက်​နဲ့ မအားရပါဘူး။ ကိုယ့်​ဆီ လာတဲ့သူ​တွေ ပျင်းမှာစိုးလို့ ​တွေးမိတာ​လေး​တွေ တတ်​သ​လောက်​ မှတ်​သ​လောက်​ ချ​ရေးပြီး ဧည့်​ဝတ်​ပြုရသတဲ့။ ဝတ္ထု၊ ကဗျာ၊ ​ဆောင်းပါး၊ ဟို​ရောက်​ ဒီ​ရောက်​ အ​တွေးများ ... စသဖြင့်​​ပေါ့။
.
အဲဒီလိုဧည့်​ခံရင်း တခါတ​လေ သူများ မကြိုက်​တာ​တွေနဲ့ ဧည့်​ခံမိတဲ့အခါ လူတကာ ငြိုငြင်​တာ​တွေလည်း တခါတ​လေ ခံရတယ်​။ ခပ်​​ပေ​ပေ ညစ်​တစ်​တစ်​ သူက​တော့ အဲဒါ​တွေကို ဂရုမစိုက်​ပါဘူး​၊ ဧည့်​သည်​ ကြိုက်​ကြိုက်​ မကြိုက်​ကြိုက်​ သူ​လုပ်​ချင်​တာ​တွေသာ ​လျှောက်​​လုပ်​နေ​တော့ တာပဲတဲ့။ ဒီ့ထက်​ဆိုးတာက​တော့ သူများအိမ်​သွားလည်​ရင်​လည်း အငြိမ်​မ​နေဘဲ ဒီအိမ်​ ဆိုင်းဘုတ်​က​တော့ စာလုံး​ပေါင်း မှား​နေတယ်​ ... ဟိုအိမ်​မှာ ကပ်​ထားတဲ့ စာက​တော့ဖြင့်​ ဘယ်​လိုလွဲ​နေတယ်​ ... စသဖြင့်​လည်း ​အလိုက်​မသိ ဝေဖန်​တတ်​​သေးသတဲ့။
.
ဒါ​ပေမဲ့ အဲဒီတုန်းက စိတ်​တူ ကိုယ်​တူ ဝါသနာတူ​တွေ စု​ဝေး​နေတဲ့ ရွာမို့ အများက စည်းလုံး ညီညွတ်​ကြတယ်​။ တစ်​အိမ်​နဲ့ တစ်​အိမ်​ လည်​လိုက်​ကြ၊ tag game ​တွေ ကစားလိုက်​ကြ၊ တခုခု ဖြစ်​ရင်​ ​ဖေးမလိုက်​ ​နေ​နေကြတဲ့ ဘ​လော့ရွာ​လေးဟာ အမြဲ​တော့ မသာယာ ခဲ့ပါဘူး။ တခါတ​လေ ရွာကို သူပုန်​ဝင်​တဲ့ အခါမျိုးဆိုရင်​ အားလုံး ဝိုင်းပြီး ​ဆော်​ကြ​ရသေးတာ​ပေါ့​။
.
တ​နေ့မှာတော့ ဘ​လော့ရွာထဲက တွေးမိ​တွေးရာ အိမ်​အနက်​က​လေး ​သော့ခတ်ပြီး ​ဆေးအဖြူသုတ်လိုက်​ရတယ်​။ သူ့အိမ်​ကို ဘယ်​သူမှ လာလည်​လို့ မရ​တော့သလို သူကိုယ်​တိုင်​လည်း ​နေထိုင်​ခွင့်​ မရှိ​တော့ဘူးတဲ့။ အဲဒီအချိန်​ဟာ ရွာထဲကို သူပုန်​​တွေ ဝင်​တဲ့ အချိန်​လို့ ​ပြောရမလားပဲ။ ရွာကို တိုက်​ခိုက်​ခံရတယ်​၊ ရွာက အိမ်​တချို့ ပျက်​စီးသလို အိမ်​​အသစ်​တွေလည်း ပိုပြီး တိုးပွားလာကြတယ်​။
.
ရွာငယ်​က​လေးက​နေ တဖြည်းဖြည်း ရွာကြီးဖြစ်​လာ​ပြီး သတိထား ​စောင့်​ကြည့်​ခြင်း ခံလာရတဲ့အထိ ဖြစ်​လာခဲ့တယ်​။ ရွာသူရွာသား​တွေရဲ့ စည်းလုံးတဲ့ မျိုးချစ်​စိတ်​က​တော့ ခိုင်​မြဲ​နေဆဲပါပဲ။ ဒါ​ပေမဲ့ ဘယ်​​နေရာမဆို စုန်းပြူး ရှိတဲ့အတိုင်း တချို့တ​လေ စုန်းပြူးအိမ်​​တွေလည်း ရှိတာ​ပေါ့။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ရွာက​လေးဟာ စည်​ကား​နေဆဲ။
.
ဒီလိုနဲ့ အချိန်​အ​တော်​ကြာ ​သော့ခတ်​ခံထားရတဲ့ ​တွေးမိ​တွေးရာ အိမ်​က​လေးဟာ တ​နေ့မှာ​တော့ တံခါး​လေး ပြန်​ပွင့်​လာပါ​တော့တယ်​။ အဲဒီ​နောက်​မှာ​တော့ ​ရေနံ​ချေးသုတ်​ အနက်​ရောင်​ အိမ်​က​လေးက​နေ အပြာ​ရောင်​ အိမ်​က​လေးအဖြစ်​ ​ပြောင်းလဲသွားတယ်​။ အိမ်​က​လေး အ​ရောင်​​ပြောင်းသွား​ပေမဲ့ ခံယူချက်​နဲ့ စိတ်​ဓာတ်​က​တော့ သူ့အိမ်​ဆိုင်းဘုတ်​မှာ ​ရေးထားတဲ့ "အမှန်​တရားဆီ ရဲရဲချီ" ဆိုတဲ့အတိုင်း မ​ပြောင်းလဲခဲ့ပါဘူး။
.
အိမ်​က​လေး ပြန်​ပွင့်​လာ​တော့ ရွာသူရွာသား​တွေက ​နွေး​ထွေးစွာ ကြိုဆိုကြပါတယ်​။ အဲဒီ​နောက်​ အိမ်​​လေးကို ပြင်​ဆင်​မွမ်းမံ အလှဆင်​ပြီး ​တွေးမိတိုင်း ​ရေး​နေ​တော့တာပဲ။ ဒါ​ပေမဲ့ အိမ်​သစ်​​တွေ များလာ​တော့ အရင်​လို အိမ်​​ပေါက်​​စေ့ ​လျှောက်​မလည်​နိုင်​၊ ​ရေးချင်​တိုင်းလည်း မ​ရေးနိုင်​​တော့ဘူး။
.
တဖြည်းဖြည်း နှစ်​​တွေကြာလာ​တော့ တချို့အိမ်​​တွေဟာ ရွာက​လေးကို စွန့်​ခွာသွားကြတယ်​။ ​သော့ခတ်​ထားတဲ့ အိမ်​၊ ဖြိုဖျက်​လိုက်​တဲ့ အိမ်​၊ တံခါးဖွင့်​ထား​ပေမဲ့ လူမရှိ​တော့တဲ့အိမ်​ ... အဲဒီလို အိမ်​​တွေ များလာတဲ့အခါ ရွာက​လေးဟာ တစတစ ​ခြောက်​ကပ်​ လာပါ​တော့တယ်​။ ကျန်​ခဲ့တဲ့ အိမ်​ တခုတ​လေကလည်း မှန်​မှန်​ ​ဆေးမသုတ်​ မပြုပြင်​ဆို​တော့ လာလည်​မယ့်​သူ​တောင်​ မရှိသ​လောက်​ ဖြစ်​ရတယ်​။
.
ဒီလိုနဲ့ပဲ ဘ​လော့ရွာ​လေးဟာ ပျက်​စီးသွားရ​တော့မှာလား။ ​ခြောက်​ကပ်​ ​အေးစက်​စွာ တစပြင်​လို ငြိမ်​သက်​​နေရ​တော့မှာလား။ ​တွေးမိ​တွေးရာ အိမ်​က​လေးက​တော့ ဧည့်​လာလာ မလာလာ သူ့အိမ်​က​လေးကို အသက်​သွင်းရင်း ရွာက​လေး ပြန်​စည်​ကားမယ့်​အချိန်​ကို တိတ်​တိတ်​က​လေး ​မျှော်​လင့်​​နေပါ​တော့သတဲ့။
***
ပုံပြင်​​လေးက​တော့ ဒါပါပဲ
မေဓာဝီ
310818
22.30
Blogday နဲ့ ​မေဓာဝီ ဘ​လော့ ၁၂ နှစ်​ပြည့်​ အမှတ်​တရ