Saturday, February 17, 2018

... နှောင်ကြိုး ...


ညာဘက်ခြေထောက်ကို ဆောင့်ဆွဲလိုက်သလို တင်းခနဲ စစ်ခနဲ ဖြစ်သွားလို့ ကိုယ့်ခြေထောက်ကို ငုံ့ကြည့်လိုက်တယ်။ ဘယ်က ဘယ်လို လာရစ်ပတ်နေမှန်း မသိတဲ့ စွန် မှန်စာကြိုး အပိုင်းအစလေး။ ခြေထောက်မှာ လာငြိပြီး ရှုပ်ထွေးနေတယ်။ တတ်နိုင်သမျှ ဖြေဖို့ ကြိုးစားကြည့်မိတယ်။ ရုန်းလေ တင်းလေနဲ့ ခြေထောက် အပေါ်ယံ အရေပြား ပွန်းစုတ်သွားပြီ။ တော်တော်လဲ နာသွားတယ်။ မတတ်နိုင်ဘူး။ အစာကလဲ ရှာရဦးမှာ။ နာလဲ နာပါစေတော့။ ဒီကြိုးတန်းလန်းနဲ့ပဲ ပျံရမှာပဲ။ ငါ့အဖော်တချို့တောင် အစာစားဖို့ သွားကြပြီ။ ငါ့ကလေးတွေလဲ ဆာနေကြတော့မယ်။ အားတင်းပြီး ပျံတက်လိုက်တယ်။ 

.
စွန်ကြိုးကလေးက ငါ့ခြေထောက်ကနေ တန်းလန်းကျပြီး ပါလာတယ်။ ခက်လိုက်တာနော်။ စပ်ဖျင်းဖျင်း ရှတတ နဲ့ ခံရခက်လိုက်တာ။ ခေါင်မိုးတစ်ခုပေါ် နားလိုက်တဲ့ အချိန်မှာ ညာခြေထောက် ကောင်းကောင်း ထောက်မရတော့ဘူး။ ထော့ကျိုးဖြစ်နေပြီ။
.
ကြိုးလေး သေးမျှင်သလောက် ထက်မြက်ရှတလှတဲ့ မှန်စာတိုက် စွန်ကြိုးလေး။ ငါ့ခြေထောက်ကို ငြိတွယ် ရှုပ်ထွေးပြီး ဒဏ်ရာရစေတဲ့ နှောင်ကြိုးငယ်လေး။
***
ငါတို့ အဖော်အပေါင်းတွေ ကျက်စားနေကျ စားကျက်တော့ ရောက်ပြီ။ တိုက်တစ်ခုရဲ့ရှေ့ မြေကွက်လပ်မှာ အစာတွေ ဖြန့်ကြဲထားတယ်။ မြက်ခင်းစပ် တစ်နေရာမှာ ရေအင်တုံတစ်လုံး၊ ငါတို့တွေ နေ့စဉ် အန္တရာယ် ကင်းကင်း စားသောက်နိုင်ဖို့ လူသားတွေ ကုသိုလ်လုပ်ထားတာ။ ဒီနေ့တော့ ခါတိုင်းနေ့တွေထက် ပိုပြီး ဂရုစိုက် သတိထားရမယ်။ ငါက ရုတ်တရက် ပျံပြေးနိုင်တာ မဟုတ်ဘူး။ ခွေးရိပ်, ကြောင်ရိပ် တွေ့တာနဲ့ ပြေးဖို့ အသင့် ပြင်ထားရမယ်။
.
အခြေအနေကို အကဲခတ်ပြီး ငါ့အဖော်တွေနဲ့ ရောဆင်းလိုက်တယ်။ ဆန်တစ်စေ့ နှစ်စေ့ပဲ ကောက်ရသေး တိုက်ထောင့်က ခွေးမဲကြီး ထွက်လာတာနဲ့ ပျံတက်ရပြန်ရော။ မောလိုက်တာလေ၊ ခြေထောက်ကလဲ မျက်တက်တက်နဲ့၊ အိမ်ခေါင်မိုးပေါ်မှာ အသာဝပ်ပြီး အမောဖြေနေရတယ်။ ပါးစပ်ကလဲ တိုးတိုးလေး ညည်းနေမိတယ်။ ဒီအနှောင်အဖွဲ့က ဘယ်တော့မှများ လွတ်ပါ့မလဲလို့။
.
ညည်းနေလို့လဲ မဖြစ်သေးပါဘူးလေ။ သတ္တိကောင်းတဲ့ကောင် တချို့တောင် ဆင်းနေကြပြီ။ အန္တရာယ်ကြည့်ပြီး ဆင်းဦးမှပါပဲ။ ခြေထောက်က ထော့ကျိုး၊ ကြိုးက တန်းလန်းနဲ့ဆိုတော့ သွားရ စားရတာ ခရီးမတွင်ဘူး။ ဟိုသည်ကလဲ ကြည့်ရသေးတယ်။ ငါ့အဖော်တွေတော် တော်တော် စားပြီးနေပြီ။ ငါက ဘာမှ မစားရသေးဘူး။ အစာလဲ သိပ်မကျန်တော့ဘူး။ လုကောက်ကြရတာ မဟုတ်လား။ သူတို့ကတော့ အစာဝလို့ ရေတောင် ဆင်းသောက်နေကြပြီ။ ငါ့မှာတော့ သူတို့ စားကျန်လေးတွေကိုပဲ တရွေ့ရွေ့နဲ့ ကောက်နေရတယ်။ သူတို့ မမြင်တဲ့ မြက်ဖုတ်လေးတွေနား ပန်းပင်လေးတွေနားက အစာ တစ်စေ့ နှစ်စေ့ကို အားခဲပြီး သွားကောက်ရတယ်။
.
တော်ပါပြီလေ။ ငါမဝသေးပေမဲ့ ငါ့ကလေးတွေ အတွက်ကတော့ လုံလောက်ပါပြီ။ ညာခြေကလဲ ထောက်ကို မထောက်ချင်တော့ဘူး။ ငါ့အဖော်တွေလဲ ပြန်ကြပြီ။ ငါလဲ ပြန်မှပဲ။ အားတင်းပြီး ပျံအတက်မှာ အိမ်ရဲ့ ဆင်ဝင် အမိုးအစွန်းနဲ့ အတောင် ရိုက်မိပြီး ပြန်ကျလာတယ်။ ဘယ်ခြေတစ်ချောင်းထဲနဲ့ မထိန်းနိုင်လို့ ခွေကနဲ လဲကျသွားတယ်။ အတောင်လဲ အတော်နာသွားပြီ။
.
ဒီအတိုင်းဆို အသိုက်ဆီ ပြန်ဖို့တောင် လွယ်ပါ့မလား။ အဖော်အပေါင်းတွေလဲ တကောင်မှ မရှိတော့ဘူး။ ငါ့မှာ အားကိုးစရာ ဘယ်သူမှ မရှိဘူး။ ငိုညည်းနေလို့လဲ မဖြစ်ဘူး။ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်အတောင် ကိုယ်အားကိုးပြီး သိုက်မြုံဆီ ပြန်ရမှာပဲ။ တကိုယ်လုံးလဲ ကိုင်ရိုက်ထားသလို နုန်းချိလို့။
.
ရေတော့ အဝသောက်မှ ဖြစ်မယ်။ ဒါမှ လန်းမှာ၊ အားရှိမှာ။ ရေအင်တုံဆီ ရောက်ဖို့ မြက်ခင်းကို ဖြတ်ရမယ်။ ခါတိုင်းလို သန်စွမ်းနေလို့ကတော့ အကြောင်းမဟုတ်ဘူးပေါ့။ ခုလိုမျိုး ပင်ပန်းနေတော့ ခြေတလှမ်းလှမ်းဖို့တောင် အတော်ခက်နေတယ်။ တလှမ်းချင်း တရွေ့ချင်း ရေရှိရာကို … ။
.

အင်း … ရောက်တော့မယ်။ အားတင်းထား၊ အားမလျှော့နဲ့ ဆိုပြီး ငါ့ကိုယ်ငါ အားပေးရင်း ခြေလှမ်းသစ် တလှမ်းအတိုးမှာ ပူနွေးသေးငယ်တဲ့ လက်အစုံထဲ ငါ့ခန္ဓာ ပါသွားတယ်။ ရင်ထဲ အေးခနဲ ထိတ်ခနဲ တလှပ်လှပ် တုန်လှုပ်နေတယ်။ မျက်လုံးအစုံကို မှိတ်ထားရင်း လူသားတယောက်ရဲ့ လက်ထဲမှာ လိုက်ပါလာရတဲ့ ငါဟာ သေမင်းခံတွင်းဝကို တလှမ်းချင်း လှမ်းနေသလိုပဲ။
.
ငါ့မျက်စိထဲမှာ ဆာလောင်မွတ်သိပ်မှု ဒဏ်ကို ခံနိုင်စွမ်းမရှိတဲ့ ငါ့ကလေးငယ်တွေ ငါ့အလာကို မျှော်ရင်း တစာစာ ငိုညည်းနေမှာကို မြင်ယောင်မိတယ်။ စိတ်ကို ဒုံးဒုံးချပြီး အလျှော့မှာ ငါ့ကို သယ်ဆောင်သူဆီက စကားတစ်ခွန်း … ။ 
.
“ဖေဖေ … ခိုလေးတစ်ကောင် ခြေနာပြီး မပျံနိုင်လို့ သားယူလာတယ် ကြည့်ပါဦး” တဲ့။
စိတ်ကို ပြန်တင်းမိပြန်တယ်။ သယ်ဆောင်သူ့ ဖခင်ဖြစ်သူဆီက စကားကို မမျှော်လင့်ရဲဘဲ နားစွင့်နေမိတယ်။
.
“ဟုတ်သားပဲ၊ ပြစမ်း၊ ဟာ … မှန်စာကြိုးနဲ့ ငြိပြီး နာနေတာကိုး၊ ဖေဖေဆေးထည့်ပေးလိုက်မယ်၊ ပေး ပေး သား”
မျှော်လင့်မထားတဲ့ အကြင်နာစကား ရင်ထဲမှာ တဆတ်ဆတ်တုန်အောင် အံ့သြဝမ်းသာမိတယ်။ ငါမသေနိုင်သေးပါလား။
.
သားဖြစ်သူက ဖခင်ဆီကို လက်ပြောင်းပေးလိုက်တဲ့နောက်မှာ ဖခင်ကြီးက မှန်စာကြိုးကို ရှင်း၊ ဖြတ်ပြီး ပွန်းပဲ့တဲ့ ဒဏ်ရာတွေကို ဆေးထည့်၊ ပိတ်စလေးနဲ့ ချည်ပေးတယ်။ ပြီးတော့ …
“သားရေ … မင်းခိုလေးက ပျံနိုင်ဦးမှာ မဟုတ်ဘူး၊ အနာကျက်မှပဲ ပြန်လွှတ်တော့၊ အစာခွက် ရေခွက် ထည့်ပြီး ခြင်းကြားထဲမှာ အုပ်ထားလိုက် ကြားလား”
.
ဆိုတဲ့ စကားကို ကြားလိုက်ရတော့ အရမ်းကို တုန်လှုပ်သွားမိပြန်တယ်။
အကြင်နာကြည့်တွေနဲ့ ကြည့်ပြီး နွေးထွေးနူးညံ့တဲ့ လက်တွေနဲ့ ဆေးဝါးကုသပေးတဲ့ ဖခင်ကြီးရယ်။ ဘာလို့များ ဒီလိုအမိန့်မျိုး ချမှတ်ခဲ့ရပါလဲ။ ငါဟာ လွတ်လပ်သူ မဟုတ်ဘူးလေ။ ကျွေးမွေးပြုစုစရာ ကလေးတွေနဲ့။ ပြီးတော့ ငါဟာ သဘာဝကို နှစ်ခြိုက်တဲ့ တိရစ္ဆာန် တစ်ကောင်။ ငါအားတင်းပြီး ပျံနိုင်ပါတယ်။ ငါ့အတောင်ကို ငါ အားကိုးပါရစေလို့ နှုတ်က ပြောချင်နေတယ်။
.
ဒါပေမဲ့ ဖခင်စကားကို နားထောင်တတ်တဲ့ သားငယ်က စောင်ပိုင်းလေး ခင်းပြီး ငါ့ကို တင်တယ်။ အစာခွက်နဲ့ ရေခွက်ထည့်တယ်။ နောက်ပြီး ငါ့ကို ခြင်းကြားဆိုတဲ့ အကျဉ်းထောင်ထဲမှာ ပိတ်လှောင်လိုက်တယ်။ ငါဟာ အကျဉ်းသားဖြစ်သွားပြီ။ ငါ့ရင်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာကို သူတို့ မသိကြပါလား။ သူတို့လူသားတွေ နားလည်အောင် ငါ ဘယ်လို ပြောရမလဲ။ ငါ နူးညံ့တဲ့ စောင်ပိုင်းလေး ထက်မှာ များပြားပြည့်လျှံတဲ့ အစာတွေ ရေတွေ ရှိနေပေမဲ့ ငါ့ရဲ့ တစ်ခုတည်းသော ဆန္ဒ လွတ်လပ်စွာ ပျံသန်းခွင့်ပဲ။
.
အနာမကျက်မချင်း ငါ မပျံရဘူးလား။ ဒီလိုပဲ ပိတ်လှောင် ခံနေရမှာလား။ ကလေးတွေနဲ့လဲ မတွေ့ရတော့ဘူးလား။
အကြင်နာ ဖခင်ကြီးရယ်။ ဖခင်ကြီးရဲ့ မျက်စိဟာ ငါ့ခြေထောက်မှာ ရစ်တွယ်တဲ့ စွန်မှန်စာကြိုးကိုပဲ မြင်ခဲ့တာကိုး။
.
ငါ့ရင်မှာ ငါ့နှလုံးသားထဲမှာ ရစ်ပတ် ငြိတွယ်နေတဲ့၊ သေးငယ်ပေမယ့် စွမ်းအား ကြီးမားလှတဲ့၊ နှလုံးသားကို ထိခိုက် ပွတ်တိုက်နေတဲ့ ကြိုးတစ်စကို မမြင်ခဲ့ဘူးနော်။
***
နန္ဒာ
ပန်းဝေသီ မဂ္ဂဇင်း
၁၉၉၀ ဇူလိုင်လ
၂၅ အုပ်မြောက် ငွေရတု အထူးထုတ်

(မေဓာဝီ မတိုင်ခင်က နန္ဒာ နာမည်နဲ့ ရေးခဲ့စဉ်က)

No comments:

Post a Comment