Monday, February 26, 2018

ကြုံရဆုံရ ကမောက်ကမ မြန်မာစာ (၂)

=====================
ကျားစာမစားသူ …
*
မြန်မာစကားက တကယ်ပဲ နားလည်ရခက်ပါတယ်။ စကားတခွန်းကိုပဲ ပြောတဲ့သူက တမျိုး၊ နားထောင်သူက တမျိုး အဓိပ္ပါယ် အကောက်လွဲတတ်တယ်။
.
ကျွန်မမောင်လေး ငယ်ငယ်က အဖေနဲ့ သူ ဆော့ကြပြီဆိုရင် အဖေက လူဆိုးလုပ်ရတယ်။ လူဆိုးက သူ့ကို ဖမ်းမိတော့ ချီပြီး 

“မင်းကို ကျားစာကျွေးမယ်ကွ”
လို့ ချိန်းခြောက်တယ်။ အဲဒီတော့ မောင်လေးက ခပ်တည်တည်နဲ့ (ရုပ်ရှင်ထဲက ဇာတ်လိုက်စတိုင်နဲ့ပေါ့) ရင်ဘတ်လေးကော့ မျက်နှာလေးမော့ပြီး ပြန်ပြောလိုက်တာက … 

“ငါက ကျားစာမစားဘူးကွ” တဲ့ …

ဘေးနားက ကြားတဲ့ ကျွန်မတို့မှာ ရယ်လိုက်ရတာ၊ သူ့ကို ကျားစားမယ့်အစာ ကျွေးမှာကျနေတာပဲ။ အဖေဟာ ကြုံတိုင်း အဲဒါကို ပြန်ပြန်ပြောပြီး ရယ်နေတာ ခုထိပဲ။
***
စကားပြောသော ငါး …
*
ကျားစာနဲ့ ခပ်ဆင်ဆင် ကြုံရတာ ရှိပါသေးတယ်။ တရက် ကျွန်မသူငယ်ချင်းနဲ့ မြို့ထဲမှာ ဗိုလ်ချုပ်လမ်းရဲ့ ပလက်ဖောင်းပေါ်က စာအုပ် အဟောင်းဆိုင်လေးတွေရှေ့ ဖြတ်သွားတော့ ထုံးစံအတိုင်း ကျွန်မက စာအုပ်တွေကို ငေးကြည့် ငေးကြည့်နဲ့ပေါ့။ အဲဒီမှာ စာအုပ်တအုပ်ကို သွားတွေ့တယ်။

“ငါးဘာသာစကားပြောနည်း” တဲ့။ ကျွန်မလည်း သူငယ်ချင်းကို စ ချင်တာနဲ့ …

“ဟဲ့ … ငါးတွေက စကားပြောတတ်လား” လို့ မေးတော့ သူက …

“အင်း သူတို့အချင်းချင်း နားလည်တဲ့ လန်းဂွေ့ခ်ျတော့ ရှိမှာပေါ့၊ ဥပမာ မဂဓ စကားလိုပေါ့၊ တိရစ္ဆာန်တွေ ပြောကြတဲ့ စကားဆိုတာလေ”

“အေးဟ … အဲဒီ ငါးတွေ စကားပြောနည်းကို သင်ပေးတဲ့ စာအုပ်ရှိတယ်၊ နင်ပြောတတ်ချင်ရင် ဝယ်ဖတ်ကြည့်ပါလား၊ နင်လည်း အိမ်မှာ ရွှေငါးတွေဘာတွေ မွေးတယ် ဆိုတော့လေ”

“ဟာ … ငါး စကားပြောနည်းရယ်လို့ မဖြစ်နိုင်ပါဘူးဟာ” တဲ့။ ကျွန်မလည်း ရယ်ချင်စိတ်ကို အောင့်ထားရင်း …

“ငါပြမယ် … ဟိုမှာကြည့် တွေ့လား၊ ငါးဘာသာစကား ပြောနည်း တဲ့”

ဆိုင်ကို ကျော်သွားပြီးမှ ပြန်လှည့်ပြီး အဝေးက လက်ညှိုးထိုးပြတော့ သူက ခပ်လှမ်းလှမ်းက ကြည့်ရင်း …

“အေး … ဟုတ်သားပဲ၊ ဒါဆို မဂဓစကားပဲ နေမှာနော်၊ ငါ့ ငါးတွေနဲ့ စကားပြောရအောင် ဝယ်ဖတ်ကြည့်အုံးမှ” ဆိုပြီး ဆိုင်နားကို သွားတယ်။

ဒီတော့မှ ကျွန်မလည်း မနည်းဆွဲထားပြီး …

“ဟီးးး နင့်ကိုနောက်တာ … နင်တော်တော် အ တာပဲ၊ ငါးဘာသာစကားဆိုတာ ဘာသာစကား ငါးမျိုးကို ပြောတာလေ ဟားဟား” ရှင်းပြလိုက်ရတယ်။

သူကတော့ သူ့ကို ကြပ်ရကောင်းလားဆိုပြီး ကျွဲမြီးတိုလို့ပေါ့။ ဒါနဲ့ပဲ စင်ထရယ်မှာ ကော်ဖီတိုက်လိုက်ရပါတယ်။ အစကောင်းတော့ အနှောင်းသေချာ … အဲ … မဟုတ်ပါဘူး၊ အစ ကောင်းတော့ ကိုယ့်အိတ်ထဲက ပိုက်ဆံ ထွက်သွားတာပေါ့။
***
ထုတ်တင်ရဲ့ နှစ်ထပ်
*
အဲဒီတုန်းက အိမ်မှာ တောက်တိုမယ်ရလုပ်ဖို့ ခေါ်ထားတဲ့ အိမ်အကူမလေး နာမည်က ခပ်ဆန်းဆန်း … ထုတ်တင်တဲ့။ ထုတ်တင်က နာမည် ဆန်းသလို အဆန်းတွေလည်း ပြောတတ် လုပ်တတ်တယ်။ တရက်တော့ အိမ်မှာ ပန်းကန်တွေ တင်ပြီး ရေစစ်တဲ့ စင်ကလေး အသစ်တစ်ခု ဝယ်လာပါရော။ အဲဒါလေးက အထပ်လေးတွေနဲ့ ခပ်ဆန်းဆန်းလေးဆိုတော့ သူကလည်း သဘောကျနေတာပေါ့။ သူသဘောကျနေတာကိုတွေ့တော့ အိမ်သားတွေက မေးတယ်။

“ထုတ်တင် အဲဒီရေစစ် စင်ကလေး ကြိုက်လား”

“ဟုတ် … ကြိုက်တယ်”

ရေစစ်စင်ကလေးက အဖွင့်အပိတ်ကလေးနဲ့ဆိုတော့ သူ သုံးမှ သုံးတတ်ပါ့မလားလို့ …

“အဲဒါ သုံးတတ်လား”

“ဟင့်အင်း … အဲဒါ သုံးထပ် မဟုတ်ဘူး၊ နှစ်ထပ်” တဲ့။

သူ့အဖြေကြားတော့ မေးတဲ့သူတောင် ကြောင်သွားတယ်။ နောက်မှ သဘောပေါက်ပြီး တဟားဟား ထရယ်ရတယ်။ မေးတဲ့သူက ရေစစ်စင်ကလေးကို သူ သုံးတတ်ရဲ့လားလို့ မေးတာ၊ သူက အထပ် သုံးထပ်ရှိလား မေးတယ်ထင်ပြီး နှစ်ထပ် လို့ ပြန်ရှင်းပြနေတာပါ။
.
နှစ်တော်တော်ကြာကြာ ထုတ်တင်မရှိတော့တဲ့အထိ … သုံးတတ်လား … နှစ်ထပ် ဆိုတဲ့ စကား အိမ်မှာ ပြောစမှတ်ဖြစ်သွားတော့တာ … ။
***
မေဓာဝီ
၂၆၊ ၀၂၊ ၁၈

(၁) က မနှစ်က ရေးခဲ့တာပါ။
နောက်ဆက်တွဲတွေ နည်းနည်းတော့ ကျန်သေးတယ်၊ ရှည်ရင် မဖတ်မှာစိုးလို့ ဒီနှစ်တော့ ဒီလောက်ပဲ။

No comments:

Post a Comment