Sunday, December 17, 2017

စာပေညီလာခံ၌ ... မပြောဖြစ်ခဲ့သော အတွေး ... မမေးဖြစ်ခဲ့သော မေးခွန်း ...

ဒီ​နေ့ (၁၇ ဒီဇင်​ဘာ ၂၀၁၇) ထုတ်​ မြန်​မာတိုင်းမ်​​နေ့စဉ်​သတင်းစာမှာ ပါတဲ့ ကျွန်​မ​ရဲ့ ဆောင်းပါး ...
***

 

ဒီဇင်ဘာလ ၁၃ ရက်နေ့က စလို့ ၁၆ ရက်​အထိ မြန်မာနိုင်ငံတဝန်းလုံးက စာရေးဆရာများ၊ စာပေပညာရှင်များ ပါဝင်တဲ့ စာပေညီလာခံကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပနိုင်​ခဲ့ပါတယ်။
.
ကျွန်မ တသက်မှာ ဒီတခါပဲ ကြုံတွေ့ဖူးတဲ့ စာပေညီလာခံကြီးမို့ ဖွင့်ပွဲကတည်းက သွားရောက် အားပေးချင်ပေမဲ့ အလုပ် တဖက်နဲ့ မသွားနိုင်ခဲ့ဘူး။ ဒုတိယနေ့ ဖြစ်တဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှာတော့ မဖြစ်ဖြစ်အောင် သွားမယ် ဆုံးဖြတ်ပြီး အရောက်သွားခဲ့ပါတယ်။
.
ညီလာခံကျင်းပတဲ့ မင်းဓမ္မလမ်း မြန်မာကွန်ဗန်းရှင်းစန်တာကို ရောက်သွားချိန် အခန်းအသီးသီးမှာ စာပေ စကားဝိုင်းတွေ စတင်တော့မှာမို့ “ဝတ္ထုတိုအတွေးနဲ့ ခေတ်ပြိုင်ခံစားမှု” အမည်ရ စာပေစကားဝိုင်း ကျင်းပမယ့် အခန်းဆီကို ရွေးချယ် ဝင်ရောက်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ မော်ဒရေတာအဖြစ် ဆရာညီပုလေးက ဆောင်ရွက်ပြီး ပါဝင် ဆွေးနွေး ကြသူတွေကတော့ ဆရာဆူးငှက်၊ ဆရာစိုးလှိုင်တင့်၊ ဆရာကိုရိုးကွန့်နဲ့ ဆရာထက်နိုင်တို့ပဲ ဖြစ်ပါတယ်။
.
ဆရာဆူးငှက်က နှစ်အလိုက် ပြောင်းလဲလာတဲ့ မန္တလေးမြို့နဲ့ အဲဒီခေတ်က အဖြစ်အပျက် ခေတ်ပြိုင်ခံစားမှုတွေကို ဝတ္ထုတို အနေနဲ့ရေးဖွဲ့ရာမှာ စာပေကင်ပေတိုင် လို့ ခေါ်တဲ့ စာပေစိစစ်ရေး လက်က လွတ်အောင် အတတ်ပညာသုံးပြီး ရေးဖွဲ့ကြရကြောင်း၊ ဆရာညီပုလေးရဲ့ စပါးကြီးမြွေ၊ လျက်ဆားတတို့ စတဲ့ ဝတ္ထုတွေနဲ့ ဥပမာပေးခဲ့ပါတယ်။ ဆရာစိုးလှိုင်တင့်ကတော့ စိစစ်ရေးကလွတ်အောင် ဝင်္ကဝုတ္တိတွေနဲ့ အဝှက်လွန်ပြန်တော့လည်း စာဖတ်သူတွေ နားမလည်ရင် ရေးတဲ့သူဘက်က ရှုံးတယ်လို့ ဆိုသွားပါတယ်။
.
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ မေးချင်ပါလျက် အချိန်ကို ငဲ့ကွက်လို့ မမေးခဲ့ရတဲ့ မေးခွန်းလေး တစ်ခုကို ဒီနေရာက မေးပါရစေ ဆရာများရှင့် ။
.
စာပေစိစစ်ရေးခေတ်ကို ကျွန်မကိုယ်တိုင်လည်း ခါးသီးစွာ ကြုံခဲ့ရဖူးပါတယ်။ လစဉ်ထုတ် မဂ္ဂဇင်းတွေရဲ့ တချို့စာမျက်နှာတွေ ငွေမင် သုတ်ခံရ စုတ်ဖြဲခံရတာကတော့ ကိုယ်က စာဖတ်သူ ဘဝမှာ မကြာခဏ တွေ့ရပါတယ်။ ငွေမင်တွေကို နေရောင်နဲ့ ထောင်ဖတ်၊ ကော်ကပ်ထားရင် ရေနွေးငွေ့နဲ့ ခွါဖတ် စသဖြင့် ခဲရာခက်ဆစ် ဖတ်ခဲ့ကြပြီး ပိတ်ထားတဲ့ စာကမှ ပိုကောင်းတယ်လို့တောင် ထင်မိပါသေးတယ်။
.
ကိုယ်တိုင် အပတ်စဉ်ထုတ် ဂျာနယ်လေး တစောင် လုပ်ခဲ့စဉ်မှာ စာပေစိစစ်ရေးကို မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရပါတယ်။ အပတ်စဉ် စာမူကြမ်း တင်တဲ့အခါ ခွင့်ပြုမိန့် ပြန်ချပေးတဲ့ အန်တီကြီးကို အပတ်စဉ်တိုင်း ပါတိတ်လုံချည် ပေးခဲ့ရတယ်။ စိစစ်ရေးက တာဝန်အရှိဆုံး ဗိုလ်မှူးကိုလည်း ရံဖန်ရံခါ ပန်ကာတို့ ပေါင်းအိုးတို့လို လိုအပ်ချက်တွေ ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ဂျာနယ်ထွက်လို့ အချောတင်ပြန်တော့ စာလုံးပေါင်း အကျအပေါက် ပါရင် စာရေးဆရာတွေကိုတွင် မကပါဘူး သူတို့ကိုပါ တောင်းပန်ရပါသေးတယ်။
.
နောက်ပိုင်းမှာတော့ ငွေမင်အုပ်၊ အမည်းအုပ်တဲ့ စနစ် မထားတော့ပါဘူး။ စာပေစိစစ်ရေးက ဖြုတ်တယ် အုပ်တယ် ဆိုတာမျိုး အထင်မခံနိုင်တော့လို့ တခါတည်း ဖြုတ်၊ စာပြန်စီပြီးမှ စာစောင်ကို အချောပုံနှိပ်စေပါတယ်။ အပတ်စဉ် အလျဉ်မီအောင် ထုတ်ရတဲ့ ဂျာနယ်အနေနဲ့ စိစစ်ရေးက ကျပြီးမှ ပုံနှိပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စိစစ်ရေးကို တင်ထားကတည်းက စ,ရိုက်နေရပါပြီ။
.
တခါတော့ စိစစ်ရေးက ဖြုတ်ခိုင်းတဲ့ စာတကြောင်းကို မဖြုတ်ဘဲ ရိုက်လိုက်မိလို့ စိုးရိမ်စွာနဲ့ မှင်အမည်းတွေ အုပ်လိုက်မိပါတယ်။ အချောတင်တော့ ပြဿနာတက်တော့ တာပါပဲ။ ဂျာနယ်ရဲ့ တာဝန်ရှိသူကို စိစစ်ရေးက ဆင့်ခေါ်တော့ ကျွန်မပဲ သွားလိုက်ရပါတယ်။
.
ဗိုလ်မှူးဆိုသူက ကျွန်မကို ခုလို မေးပါတယ်။
“ဒီစာသားကို ဖြုတ်ခိုင်းတာ ခင်ဗျား သိသလား”
“ဟုတ်ကဲ့ သိပါတယ်”
“သိတယ်ဆိုရင် ဘာဖြစ်လို့ မဖြုတ်တာလဲ”
“မေ့ပြီး မဖြုတ်မိတာပါ”
“ဒါဆို ခင်ဗျားကို ဘယ်သူက ခိုင်းလို့ အမည်းအုပ်တာလဲ …”
“ရှင် …”
“ဘယ်သူက အမည်းတွေ အုပ်ခိုင်းတာလဲ”
“အမည်းအုပ်ခိုင်းတာက ကျွန်မက ခိုင်းတာပါ”
“မဟုတ်ဘူးလေ … အမည်းမအုပ်ရဘူးဆိုတာ မသိဘူးလား၊ ခင်ဗျားကို ဘယ်အဖွဲ့အစည်းက ခုလို အမည်းအုပ်ခိုင်းတာလဲ”
.
ကျွန်မ အံ့သြသွားပါတယ်။ စာကြောင်းတကြောင်း အမည်းအုပ်တဲ့ ကိစ္စကို ဘယ်အဖွဲ့အစည်းက ခိုင်းတာလဲ ဆိုပြီး နိုင်ငံရေးနဲ့ မငြိငြိအောင် အတင်းသွတ်သွင်းနေတော့တာပဲ လို့ စိတ်ထဲက ရေရွတ်ရင်း ခုလို ပြန်ပြောလိုက်တယ်။
.
“ဒီလိုပါ၊ ဒီစာကြောင်းကို ဖြုတ်ခိုင်းတာ မဖြုတ်မိဘဲ ရိုက်ပြီးမှ သိတော့ ကျွန်မက စိုးရိမ်ပြီး တိုက်က ကလေးတွေကို အမည်းနဲ့ အကုန်လိုက်အုပ်ခိုင်းလိုက်တာပါ၊ ဒါကြောင့် အမည်းအုပ်တဲ့ ကိစ္စက ကျွန်မကသာ ကလေးတွေကို ခိုင်းတာပါ၊ ကျွန်မကို ဘယ်သူကမှ ခိုင်းတာ မဟုတ်ပါဘူး”
.
“အင်း … ခင်ဗျားတို့ဂျာနယ်က မိန်းကလေးတွေ လုပ်နေလို့ ခွင့်လွှတ်လိုက်မယ်၊ မဟုတ်ရင် ဂျာနယ် အပိတ်ခံရမှာ”
”သြော် … ဟုတ်ကဲ့ ကျေးဇူးပါ ဗိုလ်မှူး”
ကိုယ်ကလည်း မမှားဘဲ ကိုယ်က အကြိမ်းခံရ၊ ပြီးတော့ ကိုယ်ကပဲ ကျေးဇူးတင်စကားပြောရ … အဲဒီဘဝကို အင်မတန် စက်ဆုပ်မိခဲ့တယ်။
ဒီ့နောက်ပိုင်းမှာတော့ ဂျာနယ်ကို လုံးဝ ရပ်နားခဲ့လိုက်ပါတယ်။ မရပ်နားခင် နောက်ဆုံးစာအုပ်မှာ ကျွန်မ ရေးခဲ့တဲ့ “လျှောက်ခဲ့ဖူးသော လမ်းကလေး” ဆိုတဲ့ အက်ဆေးမှာလည်း တပိုဒ်လောက် အဖြုတ်ခံ လိုက်ရပါသေးတယ်။
.
အဲဒါကတော့ စာပေစိစစ်ရေးခေတ်မှာ ကျွန်မကြုံခဲ့ရတဲ့ ခါးသီးမှုပါ။ အဲဒီခေတ်မှာ စိစစ်ရေးက လွတ်အောင် အတတ်ပညာတွေနဲ့ ရေးကြတဲ့ ဝတ္ထု ဆောင်းပါး အက်ဆေးလေးတွေကို ကျွန်မ အလွန်သဘောကျခဲ့တယ်။ ကိုယ်တိုင် ရေးတဲ့အခါမှာလည်း ဟိုလိုလို ဒီလိုလို သွယ်ဝိုက်ပြီး ရေးခဲ့တာတွေ အများကြီးပါပဲ။
.
အခု စာပေစိစစ်ရေး မရှိတော့တဲ့ ခေတ်မှာ လွတ်လပ် ပွင့်လင်းစွာ ရေးသားနိုင်ကြတာ ဝမ်းသာစရာပါ။ ဒါပေမဲ့ ကျွန်မအနေနဲ့ အရင် စိစစ်ရေးခေတ်က လျှို့ဝှက်စွာ ရေးသားခဲ့ကြပြီး အဓိပ္ပါယ် အမျိုးမျိုး တွေးယူနိုင်တဲ့ ဝတ္ထုတွေလောက် မစွဲမိတာ အမှန်ပါပဲ၊ ဒီတော့ ကျွန်မမေးချင်တာက လွတ်လပ်စွာ ဖွင့်ရေးခွင့်ရတဲ့ အခါ အတတ်ပညာပိုင်း အားနည်းသွားတာလား၊ ဆရာတို့အနေနဲ့ အဲဒီကိစ္စကို ဘယ်လို ယူဆပါသလဲ ဆိုတဲ့ မေးခွန်းလေးပါပဲ။
***
ဆက်လက်ပြီး ဆရာကိုရိုးကွန့်ရဲ့ ဆွေးနွေးချက်ကို နားထောင်တဲ့အခါ …
စာရေးဆရာအများစုဟာ မြို့နေလူတန်းစားတွေ ဖြစ်တဲ့အတွက် ခေတ်ပြိုင်ခံစားမှုကို ရေးဖွဲ့တဲ့အခါ မြို့မှာ နေ့တိုင်းကြုံတွေ့ရတဲ့ ကားကြပ်တာတွေ၊ မြို့ပြရဲ့ ဒုက္ခတွေ စသဖြင့်သာ များသောအားဖြင့် ရေးဖွဲ့ကြကြောင်း၊ မြန်မာနိုင်ငံတဝှမ်းက တိုင်းရင်းသားတွေ ကျေးလက်ဒေသတွေရဲ့ ပုံရိပ်တွေ၊ ရေးဖွဲ့စရာတွေ အများကြီး ရှိပေမဲ့ အပြည့်အဝ မရေးဖွဲ့နိုင်ခဲ့ကြကြောင်း၊ ဒီလိုဒေသတွေကို သွားရောက်နိုင်ဖို့က လိုအပ်ချက် အခက်အခဲတွေ အများကြီးရှိကြောင်း၊ အစိုးရက ဖြစ်စေ, ဌာနဆိုင်ရာဖြစ်စေ, စီးပွါးရေး လုပ်ငန်းရှင်တွေ ဖြစ်စေ ကူညီဖို့ လိုအပ်ကြောင်း၊ စာရေးဆရာတွေမှာ ရေးဖို့လက်တွေ, ရေးနိုင်တဲ့ ဦးနှောက်တွေ ရှိပေမဲ့ ဝေးကွာလွန်းတဲ့ ဒေသတွေကို သွားရောက်ဖို့ အခြေအနေ အရပ်ရပ် လိုအပ်ချက် အခက်အခဲတွေ အများကြီး ရှိတာကြောင့် ဒါတွေကို ဖြည့်ဆည်းပေးကြဖို့ အကူအညီတွေ တောင်းဆိုရင်း နိဂုံးချုပ်ခဲ့ပါတယ်။
.
ဆရာပြောတာကို နားထောင်နေရင်း ကျွန်မ ခေါင်းထဲကို အတွေးတစ်ခု ဝင်ရောက်လာပါတယ်။ အဲဒါကတော့ သာသနာပြု လုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ကြည့်မိတာပါပဲ။ မြန်မာနိုင်ငံမှာ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာ ကတည်းက ခရစ်ယာန်သာသနာပြုတွေဟာ တောင်တန်း ဒေသလို သွားလာရေး ခက်ခဲတဲ့ ဒေသတွေကို အပင်ပန်းခံ သွားရောက် သာသနာပြုခဲ့ ကြတယ်။ ထိုနည်းတူစွာ ဗုဒ္ဓဘာသာ သံဃာတော်တွေဟာလည်း တောင်တန်း သာသနာပြု ခရီးတွေသွားပြီး ခက်ခက်ခဲခဲ အလွန်ပင်ပန်း ဆင်းရဲစွာနဲ့ သာသနာပြုခဲ့ကြ၊ ပြုနေကြပါတယ်။
.
ဘာသာ သာသနာအတွက်ကတော့ တာဝန်ရှိသူ ဘုန်းတော်ကြီးတွေက ဆောင်ရွက်နေကြပါတယ်။ ဒါဆိုရင် မြန်မာစာပေ ဖွံ့ဖြိုးဖို့အတွက် စာရေးဆရာတွေမှာ တာဝန်မရှိပေဘူးလား။ အဲဒီလို ဒေသတွေမှာ ဘုရားကျောင်း တွေရှိသလို ဘုန်းကြီးကျောင်းတွေလည်း ရှိတာပါပဲ၊ ဒါဆိုရင် စာကြည့်တိုက်ရော မရှိသင့်ဘူးလား။ စာပေမြင့်မှ လူမျိုးတင့်မယ်၊ ယဉ်ကျေးမှုဆိုတာ စာပေ အနုပညာမှာ ရှိတာမို့ စာပေ ဖွံ့ဖြိုးဖို့ ကိစ္စကို သာသနာပြုလုပ်ငန်း လုပ်သလိုပဲ သေသေချာချာ စီစဉ်တကျ လုပ်ဆောင်သင့်တယ်လို့ ထင်မိပါတယ်။
.
မြန်မာတနိုင်ငံလုံး အတိုင်းအတာအနေနဲ့ မြန်မာစာပေ ဖွံ့ဖြိုးရေးအတွက် စာရေးဆရာတွေမှာ တာဝန်ရှိတယ် ဆိုပါစို့။ ဒီလို ဒေသတွေကို သွားရောက်ဖို့ ရံပုံငွေ ရှိရမယ်၊ နိုင်ငံတော်က ပံ့ပိုးပေးရမယ်၊ သွားနိုင်လာနိုင်တဲ့ လူငယ် စာရေးဆရာတွေကို သက်ကြီး စာရေးဆရာကြီးတွေက သင်တန်းပေး ပို့ချပြီး ရွေးချယ် စေလွှတ်ရမယ်၊ စာရေးဆရာတွေဟာ နိုင်ငံတကာက အမြင်ကျယ်ပြီးသား သူတွေဆီကို မကြာခဏ သွားရောက် ဟောပြောကြမယ့် အစား မဖွံ့ဖြိုးသေးတဲ့ ဒေသက အရိုင်းပန်းလေးတွေကို ယဉ်ကျေးအောင် ပျိုးထောင်မယ်ဆိုရင် ပိုပြီးများ သင့်တော်လေမလားလို့ ကျွန်မတွေးနေမိတယ်။
.
ဒီလိုနဲ့ နိုင်ငံနဲ့အဝှမ်း စာဖတ်သူတွေ များလာရင် … စာကြည့်တိုက်လေးတွေ များလာရင် … ကျွဲကူးရေပါ … စာရေးဆရာတွေရဲ့ စာအုပ်တွေလည်း အများကြီး ထုတ်ဝေနိုင်လိမ့်မယ်လို့ ကျွန်မတွေးမိတာပါပဲ၊ ဆရာတို့ရော ဘယ်လိုများ ထင်ကြပါသလဲရှင်။
***
မေဓာဝီ

No comments:

Post a Comment