Tuesday, March 13, 2007

နေထိုင်မကောင်းသော နေ့ရက်များ

မူးဝေခေါင်းကိုက်
မိုက်ကနဲဖြစ်
တစစ်စစ်နာ
ခန္ဓာတခုလုံး
အသုံးမကျ
ဖျားတဲ့ည … ။


အစချီပြီး “ဖျားတဲ့ည” ဆိုတဲ့ ကဗျာလေးတပုဒ် ငယ်ငယ်က ရေးစပ်ခဲ့ဖူးပါတယ်။ မှတ်မှတ်ရရ ဖျားနေတဲ့ည တညကပေါ့။
ငယ်တုန်းကတော့ နေမကောင်းတာတောင် ကဗျာတပုဒ် ရေးဖို့ ခေါင်းထဲက ထွက်နိုင်ပါသေးတယ်။
အခုတော့ … ။
***
နေလို့မကောင်းဘူး ဆိုပေမဲ့ ဖျားတာလည်း မဟုတ်ပြန်ဘူး။ ကြီးကြီးကျယ်ကျယ် ပြောရရင် … ကိုက် သုံးကိုက်၊ နာသုံးနာ ဝေဒနာကြီးကို ခံစားနေရတယ်လို့ ဆိုရလေမလား။
ဖြစ်ပုံကို ကြည့်ပါအုံး … ။

* .ခေါင်းကိုက် (တောင်တောင်အီအီ စဉ်းစားလို့မရ)
* မျက်စိကိုက် (ကွန်ပျူတာကြာကြာ ကြည့်လို့မရ)
* လက်ကိုက် (စာကို ကြာကြာရိုက်လို့မရ)
* ပါးစပ်နာ (အပူကန်နေလို့- အစာကောင်းကောင်း စားလို့မရ)
* ရင်ဘတ်နာ (ရင်နာတာ မှောက်အိပ်လို့တဲ့၊ ကျမ မှောက်လည်း မအိပ်ဘဲ ရင်ဘတ်ထဲကစူးစူးပြီး နာနေတာပါ)
* ခါးနာ (ကွန်ပျူတာရှေ့ ကြာကြာထိုင်လို့မရ)

အဲဒီလို ကိုက် သုံးကိုက်၊ နာ သုံးနာ ဖြစ်နေတဲ့အတွက် ကျမ စာရေးဖို့လည်း စိတ်မပါ၊ အလုပ်လုပ်လို့လည်း မရ၊ ဆေးခန်းလည်း မသွားချင် … ဒါနဲ့ သူ့အလိုလို ပျောက်မှာပဲ ဆိုပြီး ဒီလိုပဲ ပေတေ နေနေလိုက်တော့ … ပိုဆိုးလာပါတယ်။ ဒီနေ့တော့ မဖြစ်တော့ဘူး ဆေးခန်းသွားအုံးမှပါပဲ လို့ တွေးနေတာလည်း နေ့တိုင်းပါပဲ။ တနေ့သာ ကုန်သွားရော ဆေးခန်းလည်း မသွားဖြစ်ပါဘူး။

ဖြစ်တဲ့ ဝေဒနာတွေကို သေချာဆင်ခြင် ကြည့်လိုက်တော့ ကွန်ပျူတာနဲ့ ခဏအဆက်ဖြတ်ရမလို ဖြစ်နေပါတယ်။ တော်ကြာ ဆရာဝန်သွားပြမှ ၀က်ခြံတုန်းက သနပ်ခါးနဲ့ အဆက်ဖြတ်ရသလို ကွန်ပျူတာကိုပါ ဖြတ်ရမယ်ဆိုရင် … ။ အင်း … ဒီလိုဆို မဖြစ်သေးပါဘူး။

လောလောဆယ်တော့ ခေါင်းကိုက်တာကို ရှူဆေးကလေးရှူ၊ မျက်စိကိုက်တာကို ကွမ်းရွက်ကလေးကပ်၊ လက်ကိုက်တာနဲ့ ရင်ဘတ်နာ ခါးနာတာကို ဆေးရွက်ဆီ ပူပူရှိန်းရှိန်း ဆီတမျိုး လိမ်း၊ ပါးစပ်နာတာကို မန်ကျည်းဖျော်ရည်လေးသောက် … ဒီလိုနဲ့ ပျောက်သွားလဲ ကောင်းမှာပဲ။ ဆေးမြီးတိုကိုလည်း လျှော့တွက်လို့ မရဘူး၊ သူ့အစွမ်းနဲ့ သူရှိကြတာပဲ မဟုတ်လး။
ဘာတဲ့ … “ကတိသစ္စာ တည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” ဆိုတဲ့ စကားလည်း အရှိသားပဲ။ ဆေးမြီးတိုပေမဲ့ အထင်သေးလို့မရပါဘူး။

ခြံထဲမှာစိုက်ထားတဲ့ မီးကွင်းဂမုန်းဆို ၀မ်းကိုက်ပျောက်တယ်ဆိုပြီး လာလာတောင်းကြတယ်။
ဝမ်းချုပ်တယ်ဆိုရင်တော့ သင်္ဘောမယ်ဇလီရွက်လေး ရေနွေးဖျောပြီး တို့စားတဲ့။ အပူ အပုပ်ကျတယ်ဆိုလား။
လူကြီးတွေ သွေးတိုးတော့ ဒန့်သလွန်ရွက်လေးခူးပြီး ဟင်းချိုချက်သောက်ကြတယ်။
ခေါင်းမူးတယ်ဆိုရင် မာလကာရွက်ကလေး ချေပြီး ရှူရုံပဲတဲ့။
အဲဒါတွေကတော့ မှတ်မိသလောက် ခြံထဲမှာရှိတဲ့ အပင်တွေကို အသုံးချကြည့်တာပါ။

“နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” ဆိုတဲ့ စကား ခဏခဏတော့ ကြားနေရသား။
သို့ပေသိ အရှေ့က ခံထားတဲ့ “ကတိသစ္စာ တည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍” ဆိုတဲ့ စကားလုံးကို မေ့ထားလို့တော့မရဘူး။
အလကားနေ အလကား နွယ်ပင်မြက်ပင်က ဆေးဘက်ဝင်တာမှ မဟုတ်ကပဲ။ ကတိသစ္စာ တည်မှ ဆေးဘက် ၀င်တာ မဟုတ်လား။ ဒါကြောင့် ရှေးက ဆေးဆရာတွေ သမားတော်တွေဟာ ငါးပါးသီလ၊ ရှစ်ပါးသီလ စောင့်ထိန်း ကြတယ်။ ဒီလို စောင့်ထိန်းပြီး ကုသကြတဲ့အတွက် အရွက်တွေ အမြစ်တွေဟာ ပိုအစွမ်းထက်တယ်။ ယုတ်စွအဆုံး ရေကိုတောင် သစ္စာဆိုပြီးတိုက်ရင် ဆေးဖြစ်ပါတယ်။

အင်း ကျမလည်း ကိုယ့်ဝေဒနာကိုယ် ဘယ်လိုသစ္စာဆိုပြီး ကုသရမလဲ လို့ တွေးနေမိတယ်။ ဘာသီလမှ သိပ်မြဲတာမဟုတ်တော့ နွယ်မြက်သစ်ပင် ဆိုတာကြီးတွေလည်း ဘယ်လိုလုပ် ဆေးဘက်ဝင်ပါ့မလဲ။

တတ်နိုင်ဘူး …ဖြစ်ချင်ရာဖြစ် …နေလို့ရသလောက် ကလေးတော့ ပေတေပြီး နေအုံးမှ။ နောက်တော့မှသာ ပုဆိန်နဲ့ ပေါက်ရ ပေါက်ရ။
***

5 comments:

  1. Ma May so dar "Kyi Aye" lar ?

    ReplyDelete
  2. ဗုဒ္ဓေါ … ကျမ က ကြည်အေး မဟုတ်သလို ဆရာမကြီး (ဒေါ်)ကြည်အေးရဲ့ ခြေဖျားကိုတောင် မမီပါဘူးရှင်။
    ဖျားတဲ့ည ကဗျာက တကယ်ပဲ ဖျားနေတုန်း ရောက်တတ်ရာရာ လျှောက်ရေးမိတာပါ။ ကြည်အေးကဗျာကို ခိုးချသလို ဖြစ်နေလို့များလား။

    ညကြီးမင်းကြီး
    ထပြီးထိုင်နေ
    အိပ်ရာတွေလည်း
    ကြေမွတွန့်လိပ်
    သိပ်စိတ်ညစ်တယ်
    သတိပြယ်လွင့်
    ခိုတွယ်စရာ
    အတည်မကျ …. စသည် စသည် ရေးထားတဲ့ ဆရာမကြီး ဒေါ်ကြည်အေးရဲ့ “တစ္ဆေ” ကဗျာနဲ့ ဆင်တူရိုးမှား ခိုးချသလိုများ ဖြစ်နေခဲ့ရင် တောင်းပန်လိုက်ပါရဲ့။ ရေးချင်ရာ လျှောက်ရေးထားတဲ့ ဒီကဗျာကို ဘယ်မှမပို့ဘဲ ချောင်ထိုးထားခဲ့ရာက အခု နေမကောင်းဖြစ်တဲ့အခါ ဒီကဗျာလေး ပြန်သတိရလို့ ကိုယ့်ဘလော့ပေါ် ကိုယ် တင်လိုက်မိတာပါ။

    ReplyDelete
  3. ဆေးခန်းသွားရင် သက်သာမှာကို ပေပြီးနေတာကိုး..ဒေါ်ကြည်အေး. အဲ.. မမေဓာဝီရဲ့။ :P

    ReplyDelete
  4. Ha Ha,
    Ma May ko khoe cha tae loe pyaw par boo. poem ko tha baw kya loe 'sa tar par" . ku ,nay kg pi lar? myan myan nay kg par say.
    nyi ma

    ReplyDelete
  5. myanmar a myar su har kyan mar yay ko a yu ma saik tat kya buu, kyan mar yay a thi ma shi kya buu, shi thaw le, pay kat kat lote tat ee.. so tho kyaung,,, myanmar twe yay tein nit ya shar ee.. kyan mar yay ko, kyan mar tone hmar ga yu saik par lay..

    ReplyDelete