Thursday, August 09, 2018

အဲဒီတုန်းက ...

.
ငါးတန်းရောက်မှ အေဘီစီဒီ စသင်ပြီး
စီအေတီ ကတ်၊ အာအေတီ ရတ်
အော်အော်ပြီး ကျက်ခဲ့ရတဲ့ခေတ်။
...
ဆပ်ပြာဆို ကာဘော်လစ် ရွှေဝါ
မွှေးဆပ်ပြာဆိုတာ တခါတလေမှ
ပြည်သူ့ဆိုင်က ထုတ်ရတဲ့ခေတ်။

သွားတိုက်ဆေးက ပက်ဆိုးဒန့်
စီးကရက်ဆို ဒူးယားနဲ့ ခပေါင်း
အကောင်းလုပ် သောက်ရတဲ့ခေတ်။

ပိတ်စက တက်ထရွန် ပေါ်ပလင်
တခါတလေ ဝါကျင်ကျင်နဲ့
ရေနံဆီနံ့ပင် ရလိုက်သေး
ကလေးအနှီး နို့မှုန့်ပါ ကိုတာနဲ့ဝယ်ရတဲ့ခေတ်။

သမဆိုင်မှာ ဆီစာအုပ်နဲ့
တန်းစီပြီး ထုတ်ခဲ့ရတဲ့
ငစိန် ငကျွဲနဲ့ ဧည့်မထ
ဆန်ကွဲတွေ ရောသမမွှေ
စပါးလုံး စက်ချေးခဲတွေ နိုင်းချင်း
ဖယ်ရှားရင်း စားခဲ့ရတဲ့ခေတ်။

ကုန်တိုက်မှာ တန်းစီတိုး
မှောင်ခိုတွေ ကြီးစိုးတဲ့ခေတ်။

အမှန်ပျောက်နေတဲ့ ခေတ်
ပြန်မရောက်စေချင်တဲ့ ခေတ်
တိုင်းပြည် ချောက်ကျတဲ့ ခေတ်
သမိုင်းတွေ ဖျောက်ကြတဲ့ ခေတ်
အရိုင်းတွေ ကြောက်ရတဲ့ ခေတ်

ခေတ် … ခေတ် … ခေတ်
… … … …
အဲဒီခေတ်ကို ဖြတ်ရင်း
ကျွန်တော်တို့ ကြီးပြင်းလာခဲ့တဲ့ ခေတ်။
***
မေဓာဝီ
9.8.18
9.40

No comments:

Post a Comment