Sunday, March 11, 2018

သင်္ဘောကြီးနဲ့ ခရီးသွားကြမယ် - အပိုင်း (၂)

(၃)

Ferry boat ပေါ်မှာ
 .

ဆိပ်ခံဘောတံတားလေးကို ဖြတ်သွားလိုက်တဲ့အခါ စီးရမယ့် ferry boat လေးဆီကို ရောက်ပါပြီ။ ferry boat ကို ကူးတို့လှေလို့ မသုံးချင်လို့ စက်လှေပဲ ဆိုကြပါစို့။ အပေါက်ဝမှာ လက်မှတ်ပြ အထဲဝင်တော့ စက်လှေဦးပိုင်းနဲ့ အလယ်ပိုင်း ခွဲထားပါတယ်။ ဦးပိုင်းကို သွားရင် အဆင့်လေး တဆင့် ထပ်ဆင်းရပါတယ်။ ကျွန်မတို့ကတော့ ဦးပိုင်းမှာမှ ဟိုးရှေ့ဆုံးထိ ရောက်အောင် သွားပြီး စီးကြတယ်။ ပုံမှာ မြင်ရတဲ့အတိုင်းပါပဲ ထိုင်ခုံလေးတွေက သပ်သပ်ရပ်ရပ်နဲ့၊ စုစုပေါင်း လူ တရာကျော်လောက် ဆန့်မယ်လို့ ခန့်မှန်းရပါတယ်။ စက်လှေထဲမှာ လေအေးပေးစက်လွှတ်ထားတယ်၊ အသက်ကယ် အင်္ကျီတွေ အလုံအလောက်ရှိတယ်၊ ဆေးလိပ်မသောက်ရပေမဲ့ အစားအသောက် စားလို့ရတယ်။ အမှိုက်ထည့်ဖို့ အမှိုက်ပုံးတွေလည်း ရှိတယ်။
 .

ကျွန်မတို့ဖုန်းတွေက စင်္ကာပူ SIM card ကို ထည့်ထားတာမို့ စင်္ကာပူ နယ်နိမိတ်ကျော်ရင် လိုင်းပြတ်သွားမှာပါ။ အဲဒါကြောင့် ကျွန်မက စက်လှေစီးရင်း အင်တာနက်ကို မပြတ်ဖွင့်ပြီး ဘယ်အချိန်ပြတ်သွားမလဲလို့ ကြည့်နေမိတယ်။ ဘေးနားက အကို့ကိုတောင် ဂရုမစိုက်နိုင်ဘဲ ကျွန်မတယောက်ထဲ စက်လှေပေါ်မှာ အလုပ်များနေခဲ့တာ။ အင်တာနက် လိုင်းမပြတ်ခင် ဖေ့စ်ဘွတ်တင်ရ၊ Google map ကိုပါ ဖွင့်ထားပြီး location ကြည့်ရ၊ အဲဒီ map ကို screen shot ယူရ၊ လိုင်းပြတ်မပြတ် သေချာ သိရအောင် ဟိုလူ ဒီလူဆီ မက်ဆေ့ခ်ျ လှမ်းပို့ရ၊ ပြတင်းပေါက်ကနေ ပင်လယ်ပြင်ကြီးကို ဓာတ်ပုံလှမ်းရိုက်ရနဲ့ပေါ့။
 .

နောက်ဆုံး စင်္ကာပူရေပိုင်နက် ကျော်သွားတဲ့အခါမှာတော့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်သွားပြီး ဖုန်းမျက်နှာပြင်မှာ လက်ရှိရောက်နေတဲ့ ရေပိုင်နက်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ စံတော်ချိန်နဲ့ စင်္ကာပူ စံတော်ချိန် နာရီ နှစ်မျိုး ပေါ်လာတာ တွေ့ရတယ်။ အဲဒီလို ပေါ်လာတော့ အကို့ လက်ပတ်နာရီနဲ့ တိုက်ကြည့်၊ အချိန်တွေ မှတ် … note ထဲ ချရေး၊ တယောက်ထဲ အလုပ်ရှုပ်နေတဲ့ ကျွန်မပါ။ အင်တာနက်ကြည့်စရာမရှိတော့မှပဲ ပါလာတဲ့ စာအုပ်လေး ထုတ်ဖတ်နေလိုက်တယ်။
 .

အဲဒီစက်လှေလေးစီးပြီး မိနစ် ၄၀ လောက် အကြာမှာတော့ အင်ဒိုနီးရှား ပိုင်နက်ဖြစ်တဲ့ Nongsapura Batam ferry terminal ကို ရောက်သွားပါတော့တယ်။ စက်လှေပေါ်က ဆင်းတော့ အင်္ကျီဆင်တူ ဝတ်ထားတဲ့ လူတွေက Transit pass လေးတွေကိုင်ထားပြီး Cruise  စီးမယ့် သူတွေကို တဖက်မှာ စုခိုင်း ထားပါတယ်။ ကျွန်မတို့လို cruise စီးမယ့်လူတွေ ခပ်များများမို့ အကိုက “အားကစား သမားတွေအများသား မေရေ့” လို့ နောက်နေသေးတယ်။ များသောအားဖြင့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပါပဲ။ ကာစီနို သင်္ဘောမို့ ကာစီနို လောင်းကစားသမားတွေသာ အဓိက သွားကြတာကိုး။
 .


စုရပ်မှာ လူစုံတော့ နောက်ထပ် စက်လှေ ထပ်စီးရပြန်ပါတယ်။ သူကတော့ ခုနက စက်လှေထက် နည်းနည်း ပိုကြီးပြီး ကျွန်မတို့ကို စက်လှေရှေ့ဦးပိုင်းအထိ သွားခိုင်းပါတယ်။ ကျွန်မတို့လည်း ဦးပိုင်းမှာ ထိုင်နေကျမို့ ဟိုးရှေ့ထိသွားပြီး ထိုင်ကြတယ်။ စက်လှေထဲမှာ ဈေးသည်တွေလည်း ပါပါတယ်။ ဈေးသည်တွေ့တော့ အကိုက အငြိမ်မနေနိုင်ဘဲ ငါးမုန့်ကြော် တထုတ် ဝယ်စားလိုက်သေးတယ်။ တိုရည်ရှားရည် နည်းနည်းလေးပဲ ပါတဲ့ ငါးမုန့်ကြော်တထုတ်ကို စင်္ကာပူ ၃ ဒေါ်လာဆိုပဲ။ ရင်းဂစ် မဟုတ်ဘူးလား ဆိုတော့။ နိုး နိုး စင်္ကာပူ ဒေါ်လာ တဲ့။ သူ့လက်ထဲက စင်္ကာပူဒေါ်လာရွက်ကလေး ထုတ်ပြပြီး ပြောသေးတယ်။ ငါးမုန့်ကြော် ဝယ်တော့ ကပ်ကြေးလေးနဲ့ ဖောက်ပေးပါတယ်။ ကျွန်မလည်း နည်းနည်းယူပြီး မြည်းကြည့်တော့ အရသာက သိပ်လည်း မကောင်းလှဘူး။ အဲဒီဈေးသည်တွေမြင်တော့ မြန်မာပြည်ရဲ့ ရထားတွေ သင်္ဘောတွေပေါ်က ဈေးသည်လေးတွေကို သတိရမိတယ်။
 .

အဲဒီစက်လှေလေး စီးလာလို့ မိနစ် ၂၀ လောက် အကြာမှာ အရှိန်နှေးသွားလို့ လှမ်းကြည့်လိုက်တော့ Aegean Paradise သင်္ဘောကြီးကို မလှမ်းမကမ်းမှာ မြင်လိုက်ရတယ်။ စက်လှေက သင်္ဘောကြီး နံဘေးကို ဖြည်းဖြည်းချင်း ကပ်၊ ဘေးချင်းယှဉ်ပြီး ရပ်တာ ကြည့်ရင်း ကျွန်မက အသည်းတယားယားနဲ့။ Aegean Paradise သင်္ဘောစီးမယ့်သူတွေ ဆင်းကြပြီး ကျွန်မတို့စက်လှေလေး ဆက်သွားပါတယ်။ နောက်ထပ် မိနစ် ၁၅ မိနစ် ၂၀ လောက် ဆက်သွားပြီးတဲ့အခါ ကျွန်မတို့သွားမယ့် သင်္ဘော Amusement World ဆီ ရောက်ပါပြီ။

***
(၄)

သင်္ဘောပေါ်ရောက်ပြီ …

ကျွန်မတို့ စီးလာတဲ့ စက်လှေလေးက ခုနကလိုပဲ သင်္ဘောကြီးနဲ့ ဘေးချင်းယှဉ်ပြီး ကပ်ရင်း စီးလာတဲ့ လူတွေကို ချပါတယ်။ လှေအဆင်း မြင်းအတက်မို့ ဆင်းရတာ ခက်လေမလား စိတ်ထဲ စိုးရိမ်ပေမဲ့ ထင်ထားသလို မခက်ခဲလှပါဘူး။ စက်လှေနဲ့ သင်္ဘောကြီးကူးတဲ့နေရာမှာ လူတယောက် နှစ်ယောက်လောက် စောင့်နေပြီး လက်တွဲခေါ်ပေးပါတယ်။ တွဲမခေါ်ရင်တောင် သက်သာ အေးဆေးစွာ ကူးလို့ရတဲ့ နေရာလေးပါ။ လှိုင်းကြောင့် နည်းနည်း လှုပ်တုပ်တုပ် ဖြစ်နေတာပဲ ရှိပါတယ်။
 .
သင်္ဘောဝမ်းထဲ ရောက်တော့ Reception လို ကောင်တာမှာ ကျွန်မတို့ ပတ်စ်ပို့နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပေးထားရပါတယ်။ အပြန်ကျမှ ပြန်ပေးမယ်တဲ့။ ကောင်တာရဲ့ ဘေးတဘက်တချက်မှာ ကာစီနို ကစားတဲ့ အခန်းကျယ်ကြီး နှစ်ခုရှိပါတယ်။ တခုက The Pharaohs Chambers နဲ့ နောက်တခန်း နာမည်တော့ မေ့သွားပါပြီ။ ကစားမယ့်သူတွေကတော့ (အထုတ်အပိုးမပါရင်) ပတ်စ်ပို့အပ်ပြီးတာနဲ့ အခန်းထဲကို တန်းသွားကြတာပဲ။ အထုတ်အပိုးပါပြီး အိပ်ခန်းမယူတဲ့သူတွေဆိုရင်တော့ မျက်နှာချင်းဆိုင် အခန်းမှာ ပစ္စည်းတွေ အပ်လို့ရပါတယ်။ ကျွန်မတို့ကတော့ အိပ်ခန်းယူမှာ ဖြစ်တဲ့အတွက် အိပ်ခန်းတွေရှိရာ ၄ ထပ်ကို ဓာတ်လှေကားနဲ့ တက်ရပါတယ်။
 .
ဓာတ်လှေကားမောင်းသူ ကောင်ကလေးက အသားလတ်လတ် မျက်နှာဝိုင်းဝိုင်းနဲ့ ဖော်ရွေပါတယ်။ ပစ္စည်းတွေ ကူသယ်ရင်း ကျွန်မတို့ကို တရုတ်လိုလားမသိတဲ့ ဘာသာစကားတမျိုးနဲ့ နှုတ်ဆက်တယ်။ ကျွန်မတို့က ပြန်မပြောဘဲ ပြုံးနေတော့ နောက်တမျိုးထပ်ပြောပြန်တယ်။ အဲဒါလည်း ကျွန်မတို့ နားမလည်ပါဘူး။ ဒါနဲ့ ကျွန်မက We are Myanmar. လို့ ပြောလိုက်တော့ …
“သြော် … မြန်မာတွေလား … ဒါကြောင့် တရုတ်လိုပြောလဲမသိ၊ မလေးလို ပြောလဲမသိ ဖြစ်နေတာကိုး” ပီသတဲ့ မြန်မာစကားနဲ့ ပြန်ပြောပါတော့တယ်။
“ဟားဟား အမတို့ရုပ်က တရုတ်နဲ့များ တူနေလို့လားဟယ်” လို့ ကျွန်မလည်း ခပ်နောက်နောက် ပြန်ပြောရင်း ၄ ထပ်ရောက်တော့ ဓာတ်လှေကားထဲက ထွက်ခဲ့တယ်။
 .
“လိုအပ်တာရှိရင် ပြောပါခင်ဗျ၊ အခန်းကို ဒီမှာယူရပါမယ်၊ ညစာကို အပေါ် ၅ ထပ်မှာ တက်စားရပါမယ်၊ အခု ၅ နာရီ ခွဲပြီဆိုတော့ စားလို့ရနေပါပြီ”
 .
ကျွန်မတို့လည်း ကျေးဇူးတင်ကြောင်းပြောပြီး အခန်းယူပါတယ်။ ဓာတ်လှေကားထဲက ထွက်ထွက်ချင်းပဲ အခန်းယူရမယ့် ကောင်တာကို တွေ့ပါတယ်။ အဲဒီမှာ နှစ်ယောက်ခန်း ဘွတ်ကင်လုပ်ထားကြောင်း ပြောတော့ သော့ နှစ်ချောင်းပေးပါတယ်။ ကျွန်မတို့ပစ္စည်းတွေကို room attendance လေးတယောက်က သယ်ပြီး အခန်းထိ လိုက်ပို့ပါတယ်။ ကျွန်မတို့နေရမှာက အခန်း နံပါတ် ၆၊ ဟိုးထောင့်ဆုံးမှာပါ။ ကော်ရစ်ဒါ တဆုံးသွားရပြီး ဆက်သွားရင် အရေးပေါ်ထွက်ပေါက်ပဲ ရှိတော့တယ်။ သော့လေးဖွင့်ပြီး ဝင်လိုက်တော့ အခန်းလေးက …. 
.

***
နည်းနည်းရှည်သွားပြန်ပြီမို့ ဒီမှာ ခဏနားပါဦးမယ်။
***
မေဓာဝီ
၁၁၊ မတ်၊ ၂၀၁၈
 

No comments:

Post a Comment