Wednesday, November 08, 2006

poem 6

ဒီနေ့တော့ ပျင်းပျင်းရှိတာနဲ့ အသစ်မရေးတော့ဘဲ ရေးပြီးသား ကဗျာအဟောင်းတပုဒ်ကိုပဲ ပြန်ရှာပြီးတင်လိုက်ပါတယ်။
ဟိုးအရင်က ပလန်းနက်မှာတော့ တင်ပြီးသားပါ။
ကိုယ့်ဘလော့ခ်မှာ မတင်ရသေးတဲ့အတွက် ..
***

ရင်ခွင်ဟောင်း
***
ငိုမှုရယ်မှု အဖော်ပြုပြီး
လူ့ဘ၀ကြီးထဲ
မရဲတရဲ အူဝဲမြည်ကြွေး
အကလေးအရွယ် လူမမယ်ကို
နို့ချိုတိုက်ကျွေး မွေးသမိခင်
မေ့ရင်ခွင်မှာ …
ပျော်ရွှင်ကြည်နူး …နေခဲ့ဖူးသည်။

နွေးထွေးကြည်လင် မေ့ရင်ခွင်မှ
အသွင်ကူးပြောင်း စာသင်ကျောင်းမှာ
ဖော်ပေါင်းတသင်း သူငယ်ချင်းများ
လေးစားစရာ မြတ်ဆရာများ
ကျောင်းသားဘ၀ဖော်ကစုံလင်
ကျောင်းရင်ခွင်မှာ …
လွတ်လပ်ရွှင်မြူး …ပျော်ခဲ့ဖူးသည်။

အေးမြပျော်ရွှင် ကျောင်းရင်ခွင်မှ
အလှကိုရှာ သစ္စာနဲ့တွေ့
မေတ္တာငွေ့သမ်း ရွှင်လန်းကြည်ဖြူ
ချစ်သူရင်ခွင် ခေါင်းမှီတင်ရင်း
တေးချင်းသီကျူး …ဆိုခဲ့ဖူးသည်။

သြော် .. အခုတော့ ..
ရယ်မှုငိုမှု အမှုဖြာဖြာ
ရှည်ကြာခံစား သွေးများအေးခဲ
မျက်စိလဲဝေ သွားလဲကြွေပြီး
မြေကြီးရင်ခွင် မ၀င်ခင်မှာ ..
မွေးမေ့ရင်ခွင် ပြန်မြင်တမ်းတ
သတိရမိပါသည်။ ။
(၁၉၉၃-၄)

4 comments:

  1. Ma May,
    Thank you very much for this poem.
    Please let me keep it in my document file.

    ReplyDelete
  2. မမေ….
    အရမ်း ကို ကောင်း တဲ့ ကဗျာ တပုဒ် ပါ။
    အမေ ရဲ့ ရင် ခွင် က တော အစဉ် အမြဲ ငြိမ်း ချမ်း သာ ယာ အေး မြ ပါ တယ်။

    မင်းသာလေး (သမုဒ္ဒရာ)

    ReplyDelete
  3. အောက်ဆုံးစာပိုဒ်မှာ ‘ရယ်မှုငယ်မှု’ လို့ မှားရိုက်မိထားတယ်။ အခုပြင်လိုက်ပါပြီ။
    ‘ရယ်မှုငိုမှု’ က အမှန်ပါ။ သိမ်းထားမယ်ဆိုရင် မှားသွားမှာစိုးလို့ ..။
    ကျေးဇူးတင်ပါတယ် .. ဟန နဲ့ မင်းသားလေး။

    ReplyDelete
  4. မမေ ကဗျာလေးကကောင်းတယ် ညီမ လဲ အမေဆီကိုပြန်ချင်းလိုက်တာ

    မေလေး

    ReplyDelete