Tuesday, November 07, 2006

ရူးနေတော့လဲ ခက်သားလား ...

ကျမတို့ အိမ်ပတ်ဝန်းကျင်မှာ လှည့်လည်တောင်းရမ်း ကျက်စားနေတဲ့ အရူးတယောက်ရှိပါတယ်။
အဲဒီအရူးက ခြေတဖက်မရှိ ချိုင်းထောက်ကြီးနဲ့ပါ။
သူအော်ဟစ်ပြောဆိုနေတဲ့စကားများအရ သူ့ကို အရူးလို့ သတ်မှတ်လိုက်တာပါ။
ကျမ သူ့ကို စပြီး သတိထားမိတာက မနက်ခင်းတခုမှာပေါ့။
မိုးမလင်းသေးပါဘူး။ မနက် ၄ နာရီလောက်ပဲ ရှိအုံးမယ်။ ကျမ အိပ်နေရင်း အသံတခုကြောင့် လန့်နိုးလာပါတယ်။
အိပ်ရာထဲကနေ အသံကို နားစွင့်ကြည့်တော့ တပ်မတော်နေ့ အခမ်းအနားတွေမှာ မိန့်ခွန်းပြောနေသလိုလို အမိန့်ပေးသံလိုလို ကြားရတာနဲ့ တပ်မတော်နေ့လဲ မဟုတ်ပါဘူး … တပ်မတော်နေ့ဆိုလဲ ဒီနားမှာ လာပြီး အော်နေမှာတော့မဟုတ်ဖူး .. ဘာတွေလဲ ဆိုပြီး အသံကိုသေချာနားထောင်ကြည့်မိတယ်။
သူပြောနေတဲ့ စကားဆုံးခါနီးမှာ သေချာကြားလိုက်ရတာကတော့
‘ရဲဘော်တို့ .. မင်းတို့ကို ငါနောက်ဆုံး မှာကြားချင်တာကတော့ တပ်မတော်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ စိုက်လို့ရတာ အကုန်စိုက်၊ စားလို့ရတာ အကုန်စား ဆိုတဲ့ အချက်ကို အားလုံး လိုက်နာဖို့ပဲ’
ဟင် .. ဘယ်လိုကြီးတုန်း ဆိုပြီး ကျမ ဆက်နားထောင်နေဆဲ .. သူက
‘ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော် ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် .. တူနယ်တဲ့နယ် ..ဗျောင်’ ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း သီချင်းကို ထဟဲပါလေရော။
ဒီတော့မှ ကျမလဲ အိပ်ရာထဲကနေပြီး ရယ်လိုက်ရတာ အူကိုနာလို့။ မနက်မိုးလင်းတော့ အဲဒီအကြောင်းပြောပြတော့ အိမ်ကလူတွေက သိပါတယ်။ အဲဒီအရူး လျှောက်လျှောက်အော်နေတာ ကြာပြီတဲ့။ စစ်ဘက်ကဖြစ်လိမ့်မယ်တဲ့။ သူ အော်နေတဲ့ စကားတွေက တပ်ထဲမှာပြောတဲ့စကားလုံးတွေပဲ .. ဆိုပြီး ပြောကြတယ်။
ဒါနဲ့ အမှုမဲ့ အမှတ်မဲ့ နေရင်း တဖြည်းဖြည်းနဲ့ အရူးက ကျမတို့ ခြံပေါက်ဝနားရောက်လာပါလေရော။
မကြားဝံ့မနာသာတွေ အော်ဟစ်ပြောနေတဲ့အပြင် ခြံထဲကို ၀င်ကြထွက်ကြတဲ့သူတွေကို နှောက်ယှက်သလိုလိုတွေပါ လုပ်လာတယ်။
ဒါနဲ့ ကျမက ဗဟန်းရဲစခန်းကိုဖုန်းဆက်ပြီး ဒီနားမှာ အရူးတယောက် သောင်းကျန်းနေလို့ လာပြီး ခေါ်ပေးပါလို့ အကူအညီတောင်းပါတယ်။ သွားရေးလာရေးပါ စီစဉ်ပေးပါမယ်ဆိုတဲ့အကြောင်းပါ ထည့်ပြောရပါသေးတယ်။ တော်ကြာ ကိုယ့်စရိတ်နဲ့ကိုယ် မလာနိုင်ဘူးဖြစ်မှာစိုးလို့ပါ။
ဒါပေမဲ့ အဲဒီက လူကြီးမင်း ပြန်ပြောပုံက
‘ကျနော်တို့ လာတာကတော့ဟုတ်ပါပြီ။ လူအင်အားက လောလောဆယ် မရှိသေးဘူးဗျ။ ဒီတော့ကာ .. ကျနော်တို့အထက်ကို တင်ပြပြီးရင် .. .. ..’
‘ဟင် ..ခြေတဖက်မပါတဲ့ အရူးကိုဖမ်းဖို့ လူအင်အား ဘယ်လောက်လိုမှာတုန်း … ဒီမှာ အများပြည်သူ ထိတ်လန့်အောင် နှောက်ယှက်နေတာလေ’
တကယ်တော့ ဒီအရူးကို ရဲတွေက သိနေပြီးသားပါ။ သူတို့ဖမ်းလိုက် .. အရူးက ခဏပျောက်သွားလိုက် ..နောက် ပြန်ရောက်လာလိုက် .. ဒီလိုပဲ သံသရာလည်နေခဲ့တာပဲ။
အဲဒီနေ့ကတော့ အရူးဖမ်းဖို့ ဘယ်ရဲမှ ရောက်မလာပါဘူး။ ဒါနဲ့ပဲ ကျမနဲ့ခင်တဲ့သူတယောက်ကို အကူအညီ တောင်းလို့ သူက ရုံးအချင်းချင်း လှမ်းပြီးပြောလိုက်တော့မှ ဘယ်လိုစီရင်လိုက်လဲမသိ .. ၂ပတ်လောက် တော့ အရူးပျောက်သွားပါတယ်။
နောက်တော့လဲ ဒုံရင်း ဒုံရင်းအတိုင်း ဒီနားတ၀ိုက်မှာပဲ ပြန်ရောက်ရောက်လာတော့တာပါပဲ။
***
ဒီနေ့တော့ နေ့လည်စာမစားခင်အချိန်လောက် တဖက်ဆေးရုံဝင်းရဲ့အပြင်ဘက် အရိပ်ရတဲ့သစ်ပင်တပင်အောက်မှာ ဒင်းက ကျကျနနထိုင်ပြီး လည်ချောင်းကွဲသံကြီးနဲ့ ထုံးစံအတိုင်း အော်ဟစ်နေပါတယ်။
သူလက်ထဲက တိုလီမုတ်စတွေနဲ့လဲ ဖြတ်သွားဖြတ်လာတွေကို ပစ်ပေါက်လိုပေါက်လုပ်နေတာကို အိမ်ပေါ်ထပ်က မြင်နေရတယ်။
နေ့လည်စာ ထမင်းစားပြီးချိန်လောက်လဲကျရော .. ဒင်းက ကျမတို့ခြံထဲဝင်လာပါလေရော။
‘ထမင်းကျန် ဟင်းကျန်လေးများရှိရင် စွန့်ကြဲကြပါခင်ဗျာ’ ဆိုတဲ့ အက်ကွဲကွဲ အသံကြီးကြားရလို့ ကျမ ပြတင်းပေါက်က လှမ်းကြည့်တော့ သူက ခြံထဲ ရောက်နေပြီ။
ကျမတို့ဆီက ကလေးမလေးတွေက ကြောက်ကြတော့ .. သွား .. သွား .. မရှိဘူးလို့ ပြောလွှတ်ပါတယ်။
အဲဒါသူက မကျေမနပ်နဲ့
‘နင်တို့က ဘာလူပါးဝတာလဲ .. ငါ မရှိလို့တောင်းစားတာကို … နင်တို့က ဘုရင့်သမီးမို့လား … မတူသလို မတန်သလိုနဲ့ .. ဟင် ..ကောင်မတွေ …’
စသဖြင့် ရန်တွေ့ပါတော့တယ်။
ကျမတို့ဆီက ယောကျာ်းလေးတယောက်ထွက်သွားပြီး သူ့ကို သွားခိုင်းလိုက်တော့ .. မကျေမနပ် စောင်းငန်း စောင်းငန်းနဲ့ လျှောက်သွားပြီး
‘ကောင်းကြရဲ့လား အရပ်ကတို့ … မရှိလို့ ထမင်းကျန်ဟင်းကျန် တောင်းစားတာကို မလာရဘူးတဲ့ …’ ဆိုပြီး ခုနစ်သံချီအော်ဟစ် ထွက်သွားပါတော့တယ်။
***
တောင်းစားရင်လဲ သနားစရာကောင်းအောင် ပေးချင်ကမ်းချင်အောင် တောင်းမစားဘူး။ သူကပဲ မာရေကျောရေနဲ့ ..ကျမဖြင့် အဲဒီအရူးကို နဲနဲမှ ကြည့်မရပါဘူး။ သူ့အသံကြီးကိုရော သူနှောက်ယှက်တဲ့လုပ်ရပ်တွေကိုရော တော်တော် စိတ်ပျက်မိတယ်။
သူကလဲ မဟုတ်တာလုပ်သေး .. သူလိုချင်တာမရတော့ … သူကပဲ အသံကောင်းဟစ်ပြီး သူများအပြစ်ဖြစ်အောင်ပြောသေး ..တော်တော် တရားကျဖို့ကောင်းတဲ့အရူးပဲ။
ဒါပေမဲ့ … ရူးနေတော့လဲ သူဘာပြောပြော .. ရူးနေလို့ပဲလေ ဆိုပြီး ခွင့်လွှတ်ကြရတာပါပဲ။
မရူးတဲ့သူတွေ ငါစကားနွားရ ပြောတာကိုတောင် ကျမတို့တွေ အောင့်သက်သက်နဲ့ ခံနေကြရသေးတာပဲ မဟုတ်လား။
***

11 comments:

  1. အင်း အားကျစရာပဲနော်... အရူးဘ၀ကလည်း... သူပြောချင်ရာကိုပြောနိုင်တယ်...

    ReplyDelete
  2. Phone sat lite ya ma lar......:D

    ReplyDelete
  3. ဘယ်ကိုလဲ ဗဟန်းရဲစခန်းကိုလားဟင် :P

    ReplyDelete
  4. မရူးတဲ့လူတွေ ပြောတာ..
    ရူးတဲ့သူတွေ ပြောတာပဲ ခံနေရတာ ဟုတ်ဘူးလား။ ဟီး..

    ReplyDelete
  5. haha.. i laughed as i think of it in other implied sarcastic meaning... lol!!

    ReplyDelete
  6. အင်း.. ဗဟန်းမှာ နေတယ်ဆိုတာ ပေါ်သွားပြန်ပီ.. အစိမ်းရောင် အရူးတွေ ရောက်လာမှ ဟိုအရူးထက်ဆိုးနေမယ်.. ;P

    ReplyDelete
  7. အရှူးအော်တဲ့ ဟိုတခွန်းကို ကြိုက်တယ် မမေ
    စားလို့ရတာ အကုန်စား....... ^_^

    ReplyDelete
  8. Yah...

    some time .. it is good to be quiet... if some one is not listening and doing what he wants...... Being a mad mad, he could have done every thing he want to say or do...
    Other wise ... he could have hurt you...
    Becareful of those guys...

    Prince

    ReplyDelete
  9. yes, Ma May.
    Your words are deadly right!
    I love this post!!

    ReplyDelete
  10. ပြီးတော့ ဘ၀င်မြင့်ပြီး ကိုယ်ကလွဲရင် ကျန်သူတွေအားလုံး အသုံးမကျတဲ့သူတွေ၊ ကိုယ်ပဲအကောင်းလို့ထင်နေတဲ့သူတွေ၊ ကိုယ်လုပ်ရင်အမှန် သူများလုပ်ရင်အမှား၊ ကိုယ်ပြောရင်စကား သူများပြောရင် ဝေဖန်တာ၊ ကဲ့ရဲ့တာ လိုက်ပြိုင်တာ ဒါတွေလဲ တစ်နည်းအားဖြင့်တော့ အရူးတွေပါပဲ.... အရူးဆိုတော့လဲ ဘာပြောပြောဘာလုပ်လုပ် ခွင့်လွှတ်ထားရတယ်မဟုတ်လား (အောင့်သက်သက်နဲ့ပေါ့)

    ReplyDelete