Saturday, August 30, 2014

၈-နှစ်ပြည့် နဲ့ ဘလော့ဒေး အမှတ်တရ ...

.
“ကဗျာတွေ အရေးသားတွေ ဟိုအရင်ကလောက် မဟုတ်တော့ဘူး …” အစချီတဲ့ စကားကို ပြောလာသူကတော့ အများသိတော်မူတဲ့ တုံးဖလား သူကြီးမင်းပါပဲ။ သူပြောသမျှ အပြည့်အစုံကိုတော့ အောက်မှာ ရှုပါ။

အလွန်တထောင် အလုပ်များလှတဲ့ တုံးဖလား သူကြီးမင်းဟာ သူ့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေထဲက ဖေ့စ်ဘွတ်မှာ ကျမနဲ့ ပြောဖို့ မနေ့က ၈ မိနစ်တိတိ အချိန်ပေးပါတယ်။ အဲဒီ ၈ မိနစ် ပြည့်လုပြည့်ခင်မှာ ပြောလိုက်တဲ့ ပွင့်လင်းမြင်သာလှစွာသော သူ့ရဲ့ မှတ်ချက်ကြောင့် ကျမ အောင့်သက်သက်နဲ့ မချိပြုံးလေးသာ တုံ့ပြန်နိုင်ပါတယ်။ သူပြောတာက မှားမှ မမှားဘဲကိုး။ တကယ်တော့ … ကျမ စာကို သေချာမရေးဖြစ်တာ ကြာပါပြီ။ စာတွေ ကဗျာတွေ ရေးချင်စိတ်က ရင်ထဲမှာ အမြဲရှိနေပေမယ့် လက်က ချမရေးဖြစ်ဘူး။ ခေါင်းအေးအေးနဲ့ တွေးရမယ့် အတွေးတွေ စိတ်ကူးတွေ ကျမဆီ ရောက်မလာခဲ့ဘူး။ အမြီးအမောက် မတည့်တာတွေ နေ့တိုင်းမြင်တွေ့ ကြုံကြိုက်နေပေမယ့်လို့ အရင်လို ချရေးဖို့ရာ လက်တွန့်နေမိပြန်တယ်။

အရင်လို … ဟုတ်တယ် … အရင်လို လို့ပဲ ပြောပါရစေတော့ … ။

အရင်တုန်းက … ဘလော့မှာ တနေ့တပုဒ် ပို့စ်တွေ မှန်မှန်တင်ခဲ့တဲ့ ဘလော့ရွှေခေတ်ကို ကျမ ပြန်သတိရနေမိတယ်။ မြင်သမျှရေး၊ တွေးသမျှတင်၊ အမြင်မတူရင် ငြင်းကြခုန်ကြ၊ အပြင်လူ တယောက်ယောက်က ကိုယ့်မိတ်ဆွေ ဘလော့ဂါတွေကို လာထိပါးရင် ဝိုင်းဝန်းလို့ ဖေးမ … နည်းပညာ အခက်အခဲတွေနဲ့ ကြုံရင် ကူညီကြ … အဲဒီလို ပျော်စရာကောင်းတဲ့ အချိန် ဆိုတာ ဘလော့လောကမှာ တကယ်ပဲ ရှိခဲ့ဖူးပါတယ်။ တယောက်နဲ့တယောက် မမြင်ဘူးဘဲ ခင်မင်တွယ်တာ ခဲ့ကြတယ်၊ ကူညီ ဖေးမခဲ့ကြတယ်၊ တနေ့တပုဒ် ရေးနေကျသူ တယောက် တရက်လောက် ပို့စ်မတင်ရင် နေမကောင်းလို့လား … ဘာဖြစ်တာလဲ … စိတ်ပူကြ မေးမြန်းကြတယ်။ ကြည်နူးစရာ အချိန်လေးတွေပေါ့။
***
ဘာလိုလိုနဲ့ ဘလော့ရေးခဲ့တာ ဒီနေ့ ဆိုရင် ၈-နှစ် တင်းတင်း ပြည့်ပါပြီ။ ၂၀၀၆ ခုနှစ် သြဂုတ် ၃၀ ရက်နေ့က စတင် မွေးဖွားခဲ့တဲ့ “တွေးမိတွေးရာ ရေးမိရေးရာ” ဘလော့လေး ၈-နှစ်ပြည့်တဲ့ အချိန်မှာတော့ အရာရာဟာ အရင်ကနဲ့ မတူတော့ပါဘူး။ အရင်လို တနေ့တပုဒ် ရေးဖို့ နေနေသာသာ တလတပုဒ်လဲ မရေးဖြစ်တော့ … လာလည်သူ ကျဲတောက်တောက် နဲ့ မွဲခြောက်ခြောက် ပို့စ်တွေအတွက် ကိုယ်တိုင်လဲ အားမရ။ အားမရသည့်တိုင်အောင် အားလဲ မထုတ်မိ။ အကြောင်းပြချက် အမျိုးမျိုးပြလို့ပေါ့ … ။ 

"ကွန်နက်ရှင် မကောင်းလို့" … အဲဒါကတော့ အများဆုံး ပြောဖြစ်တဲ့ အကြောင်းပြချက်ပါ။
"မအားလို့" … ဒါက ဒုတိယ အများဆုံး ..

စရေးခါစ အချိန်ကလဲ ကွန်နက်ရှင်က မကောင်းခဲ့ပါဘူး။ တခါတလေ ဘလော့ပေ့ခ်ျတွေ ဘန်းထားတာ ခံရလို့ ကျော်ရ ခွရ ပါသေးတယ်။ အဲဒီတုန်းက အလုပ်လဲ လုပ်နေတာပါပဲ။ ခုလောက်တော့ အလုပ်ထဲမှာ တာဝန်မကြီးဘူးပေါ့။ ဒါပေမဲ့ မလျှော့သော ဇွဲလုံ့လနဲ့ တနေ့တပုဒ် ဘာဖြစ်ဖြစ် ရေးပြီး တင်ခဲ့တယ်။ တွေးမိတွေးရာ ရေးမိရေးရာ ဆိုတဲ့အတိုင်း တွေးမိတိုင်း ရေး၊ ရေးမိတိုင်း တင်နဲ့ ကိုယ့်လက်ကို မထိမ်းချုပ်မိပါဘူး။

ဒါပေမဲ့ နောက်ပိုင်း ကိုယ့်ဘလော့ ဖတ်သူများလာတော့ (အဟဲ အဲလိုထင်တာပဲလေ) ကိုယ့်လက်ကို ထိမ်းချုပ်လာ မိတယ်။ အရေးအသား၊ စာလုံးပေါင်း၊ စာအကျ အပေါက်ကအစ ဂရုစိုက်ဖြစ်တယ်။ ကိုယ်တိုင် ဖတ်ချင် ပြန်လည် မျှဝေချင်တဲ့ ရှေးမြန်မာ စာပေတွေလဲ အလျဉ်းသင့်သလို တင်ခဲ့တယ်။

ဒီလိုနဲ့ တဖြည်းဖြည်း … ဖေ့စ်ဘွတ်ကြီး သုံးစွဲသူများလာတာနဲ့ အမျှ ဘလော့ရဲ့ အခန်းကဏ္ဍက မှေးမှိန်လာခဲ့ပါတယ်။ တချို့တွေက ဘလော့ကို ပိတ်လိုက်တယ်၊ တချို့တွေက ရပ်လိုက်တယ်၊ တချို့ကတော့ ရေးတလှည့် ရပ်တလှည့်။ ကျမကတော့ တတိယလူ ဆိုပါတော့ … ။

အရင်ကတော့ ပိတ်ထားတာတောင် မရမက ကျော်ခွပြီး ပို့စ်တွေ တင်ခဲ့တယ်၊ ကွန်နက်ရှင် နှေးနှေးမှာ ဓာတ်ပုံလေးတွေကို စိတ်ရှည်ရှည်နဲ့ တင်ခဲ့တယ်၊ အင်္ဂလန် ရောက်ခါစ ကွန်ပျူတာ မဝယ်နိုင်ခင်မှာ ကျောင်းလိုင်ဘရီက စက်အစုတ်လေးနဲ့ မြန်မာစာ မရမက ရိုက်ပြီး တင်ခဲ့တယ်၊ တခါ ခင်မင်ရာ ခင်မင်ကြောင်း အကူအညီတောင်းပြီး အသံဖိုင် ပို့လို့တမျိုး ဘားဂလစ်လို ရေးလို့တဖုံ သူတို့ဆီပို့ … သူတို့က မြန်မာလိုပြန်ပို့တာကို ဘာတခုမှ မမြင်ရဘဲ မှန်းပြီး ပို့စ်တွေ တင်ခဲ့တယ်။ (သူတို့ဆိုတာ ကိုစေးထူးနဲ့ ကိုရန်အောင်ပါ။ တကယ်ကို ကျေးဇူးတင်ပါတယ်။) အဲဒီတုန်းက အရမ်းချမ်းအေးတဲ့ အင်္ဂလန် ဆောင်းရာသီမှာ အပူပေးစက်ပိတ်ချိန် ကျော်သည်ထိ လူတယောက်မှ မရှိတော့တဲ့ လိုင်ဘရီထဲ ဇွဲနပဲနဲ့ ခြေဖျားလက်ဖျားတွေ ထုံကျင် တုန်ရင်စွာနဲ့ ပို့စ်တွေ တင်ခဲ့ဖူးတယ်။

အဲဒီလောက်ထိ ဘလော့ကို ချစ်ခဲ့ … စွဲလမ်းခဲ့ရတာပါ။
***
အခုတော့ … တွေးမိတိုင်း ချမရေးဖြစ်သလို ရေးမိတိုင်းလဲ ဘလော့မှာ မတင်ဖြစ်တော့ဘူး။ တင်မယ်စိတ်ကူးနဲ့ ရေးခဲ့ပေမယ့် တချို့စာလေးတွေကို draft ထဲမှာပဲ သိမ်းထားဖြစ်ခဲ့တယ်။

ပုံမှန် တင်နေမိတာကတော့ ခုနကပြောတဲ့ ဖေ့စ်ဘွတ်ကြီးမှာပေါ့။ ကဗျာအတိုအစ၊ စာအတိုအစတွေ အပါအဝင် ဆွမ်းခံသံဃာတော်တွေလဲ မနေရ၊ သီလရှင်လဲ မနေရ၊ သစ်ပင်တွေ ပန်းပွင့်တွေ၊ ကြောင်တွေ ခွေးတွေ၊ ချက်သမျှ စားသမျှ ဟင်းပွဲတွေလဲ မနေရ အကုန် ဓာတ်ပုံရိုက်ပြီး တင်နေမိတော့တာပဲ။ အရင်က ဘလော့မှာမှ တနေ့ တပုဒ်ပဲ တင်ဖြစ်တာ ဖေ့ဘွတ်ကျတော့ တနေ့ တပုဒ်မကတော့ဘူး။ ဒါပေမဲ့လဲ ခေတ်ကြီးကိုက အမြန်ခေတ် ဆိုတော့ အမြန်တွေး၊ အမြန်ရေး၊ အမြန်တင်၊ အမြန် like ...  နောက်ဆုံး အမြန်ပျောက် သွားကြတော့ တာပါပဲ။

ဆိုတော့ … အမြန်ရေး အမြန်တင်တဲ့ အတိုအစ စာတွေ ကဗျာတွေဟာ ကိုယ့်စိတ်တိုင်းကျ ဘယ်ဟုတ်ပါ့မလဲ။ ဒါကြောင့်လဲ ဖေ့စ်ဘွတ်မှာ တင်သမျှ ကဗျာတွေ စာတွေတိုင်း ဘလော့ဆီ မရောက်ခဲ့တာပါ။ ဘလော့မှာ တင်ဖို့ကျတော့ အချိန်ပေးပြီး တွေးရမယ် … ရေးရမယ်မဟုတ်လား။ အသက်ကြီးလာလို့လား မသိဘူး၊ အရင်လောက် စိတ်မရှည်တော့တဲ့ ကျမက ကွန်နက်ရှင်ကို အကြောင်းပြ၊ အလုပ်ကို အကြောင်းပြရင်း စာရေးဖို့ လက်တွေ တွန့်ဆုတ်နေသလို တဖြည်းဖြည်း ဘလော့နဲ့ ဝေးဝေးသွားခဲ့တယ်။ အကြောင်းအရာတခုရလို့ ချရေးဖြစ်ရင်တောင် စိတ်တိုင်းမကျတော့ဘူး။ အရင်လို လက်က ရှောရှောရှူရှူ မထွက်တော့ဘူး။ ဒီလိုနဲ့ ပို့စ်တွေ ဖြစ်မလာခဲ့ဘူး … ။

ကျမ စာမရေးနိုင်တော့ဘူးလား …. ။ တခါတခါတော့ ဝမ်းနည်းစိတ်နဲ့ တွေးမိတယ်။ ပြန်ရေးချင်လို့ ပို့စ်ဟောင်းတွေ ပြန်ဖတ်ပြီး မုဒ်သွင်းလဲ အချည်းနှီးပါပဲ။

ကျမ ဦးနှောက်ထဲမှာ ကျမ ကျောင်းသားတွေရယ် … သူတို့ကို သင်ဖို့ စာတွေရယ် … စာမေးပွဲ မေးခွန်းတွေရယ် … နေ့စဉ်နဲ့ အမျှ ဖြေရှင်းနေရတဲ့ ပြဿနာတွေရယ် … ဒါတွေနဲ့ ပိတ်ဖုံးပြီး အတွေးတွေ မရတော့ဘူး … အရေးတွေ မလှတော့ဘူး … ဘယ်လိုလုပ်ရမလဲ … ။

ဒါကြောင့် အစမှာ သူကြီးပြောခဲ့သလို အရင်ကလောက် မဟုတ်တော့ဘူးဆိုတာ ကျမ လက်ခံပါတယ်။ သူကြီးရဲ့ မှတ်ချက်က ကျမကို လှုပ်နှိုးလိုက်သလိုပဲ … ပြီးတော့ တီတင့်ရဲ့ tag ကလဲ ကျမကို စာရေးဖို့ တွန်းအားပေးခဲ့တယ်။ ဒီလိုနဲ့ ကျမ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်။ ဟိုရောက် ဒီရောက်နဲ့မို့ သည်းခံပြီး ဖတ်ကြပါ။ ပြီးတော့ … အရင်လို မတွေးနိုင် မရေးနိုင်တော့တဲ့ ကျမကို နားလည်စွာ ခွင့်လွှတ်ပေးကြပါတော့ … ။
***
မေတ္တာဖြင့်
မေဓာဝီ
၃၀၊ သြဂုတ်၊ ၂၀၁၄
၂၃း၅၁ နာရီ (မြန်မာစံတော်ချိန်)

Read More...

Saturday, August 09, 2014

ဈေးဝယ်ထွက် ညည်းချင်း ... ဈေးဝယ်ခြင်း အတတ်ပညာ

ရော … သည်တခါ မေဓာဝီ ပျင်းမရ၊ ဟင်းချကာ အတင်းထပါလို့၊ ခြင်းမ-ကာ ဈေးကိုလစ်ရတယ် … ကွယ် … ညစ်ပြန်ပေါ့ မနက်ခင်း။

သက်ပြင်းကို အသာချပါလို့၊ ပါသမျှပိုက်ဆံလေးရယ်နဲ့၊ ဈေးဘယ်လို ၀ယ်ရပါ့၊ အကြံရခက်ပါဘိတောင်း၊ ခေါင်းကိုသာ တွင်တွင်ကုတ်၊ ငုတ်တုတ်ဖြင့် မေ့ချင်ပြီ၊ ဆီကလည်း ဈေးတွေတက်၊ ရေနဲ့ ချက်မရလို့သာပ၊ ချက်ရရင် ရေလုံပြုတ်၊ အဟုတ်သာ စားလိုက်ချင်တော့ရဲ့၊ သြော် ဘယ့်နှယ့် လုပ်ရပါ့၊ ဒုက္ခ … ဒုက္ခ … ဒုက္ခ … ပါတကား။

ကြက်သွန်နီ အာလူး၊ မထူးပေါင် အတက်သာရှိပေသမို့၊ ခက်ပါဘိလို့ တိတ်တခိုးညည်း၊ လိပ်ကျိုးကြီး လမ်းသွားသလို၊ ဈေးတန်းမှာ စမ်းတ၀ါးဝါး၊ လမ်းသလားကာ ဟိုသည်ကြည့်နေသမို့၊ လာပါလို့ လှမ်းကာခေါ်၊ ဒီမှာနော် ၀ယ်မှာလား၊ ငါးကြင်းက သုံးရာ့ငါးဆယ်၊ ငါးဖယ်က ရှစ်ရာဈေး၊ ညစ်ကာတွေးမနေနဲ့ ၀ယ်လို့ချက်၊ ၀က်သားက လေးရာ၊ ဘယ်ဟာကို စားမလဲ၊ အားခဲကာ စဉ်းစားလျက်၊ တွက်ချက်ရပြန်တော့တယ်။

ဈေးတန်းက အိမ်အပြန်၊ လက်ကျန်ငွေ နတ္ထိပေမို့၊ သတ္တိရှိရှိ ခေါင်းကိုမော့လို့၊ တောင်းကိုတော့ ဆွဲခဲ့ပါတယ်၊ ကဲ … ဒီနေ့ ချက်စရာ၊ ဒီမှာလေ ချဉ်ပေါင်ရွက်၊ ကြက်သွန်တတက်- ဆီတစက်နဲ့ ချွေတာရေးဟင်းချက်ပေရော့၊ ဟော့ဟိုမှာလေ … ငပိရည် နှစ်ရာဖိုး၊ ဆားထိုးလို့ ရေရော၊ ငရုတ်သီးမှုန့်မနှောဘဲ၊ ကျဲတောက်တောက် ညိုတိုတို၊ ဒီလိုသာ မြိုကြပါစို့၊ တို့စရာက ဆလတ်ရွက်၊ လိုက်ဖက်လို့ညီပါသည်၊ ဗီတာမင် အပြည့်အ၀၊ အားပါးတရ စားကြပေတော့၊ သွားပြန်ပေါ့တရက်၊ ဈေးဝယ်ထွက် မနက်ခင်း၊ ညည်းချင်းဖွဲ့ မဖြေသာပြီ၊ မေဓာဝီ ရူးချင်ပေါ့လေး။ ။

15.1.07
***
လွန်ခဲ့တဲ့ ၇ နှစ်ကျော်ကာလက ဒီမှာ ရေးခဲ့ဖူးတာလေးပါ။

အဲဒီတုန်းက အမေ ပြည်ပခရီးသွားနေချိန်မို့ ချက်ရေး ပြုတ်ရေး ဝယ်ခြမ်းရေးက ကျမတာဝန် ဖြစ်လာပါတယ်။ အမေ့နောက်က ဈေးခြင်းတောင်းဆွဲပြီး လိုက်နေကျမို့ တယောက်ထဲ ဈေးဝယ်ရတော့ ဈေးထဲမှာ တလယ်လယ် ဟိုဟာဝယ်ရ ကောင်းနိုး ဒီဟာ ဝယ်ရကောင်းနိုး စမ်းတဝါးဝါး ဖြစ်ရင်း “ဈေးဝယ်ထွက်ညည်းချင်း” ကို ရေးဖြစ်ခဲ့တယ် ဆိုပါတော့။

ဝါဆိုသင်္ကန်း ကပ်သည့်နေ့

အခုလဲပဲ ကျမ အမကြီး သီလရှင်ဝတ်နေတော့ ဈေးသွား ဟင်းချက် စီမံခန့်ခွဲရေး တာဝန် အရပ်ရပ်က ကျမခေါင်းပေါ် ကျရောက် လာပြန်ပါတယ်။ သူ လူဝတ်နဲ့တုန်းကတော့ များသောအားဖြင့် သူပဲ City Mart ကနေ ဈေးဝယ်ပေးပြီး ကျမကတော့ တခါတလေ အိမ်နားက ဈေးကလေးမှာ သွားဝယ်လေ့ရှိတယ်။ ဒါပေမဲ့လဲ အဲဒီဈေးကလေးကို တလတခေါက်တောင် မရောက်ဖြစ်ခဲ့ဘူး။ ဟင်းလဲ တခွက်ကောင်း တမယ်ကောင်းလောက်ပဲ ချက်စားဖြစ်ပြီး တခါတလေဆို ချက်မနေဘဲ ဆိုင်ကပဲ ဝယ်စားဖြစ်တယ်။ ခုတော့ သီလရှင် ဆွမ်းအမီကပ်ဖို့၊ သီလရှင် အာဟာရ မျှတစေဖို့၊ ခါတိုင်းလို တခွက်တလေ ပြီးစလွယ် မဟုတ်ဘဲ ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ကျမ ဈေးကို ပုံမှန် သွားရပါတော့တယ်။

ပုံမှန်ဆိုတာက နေ့တိုင်းတော့ မဟုတ်ပါဘူး။ တနင်္လာက သောကြာဆိုရင် မနက် ၇ နာရီ စာသင်ရတဲ့ ကျမအဖို့ နေ့တိုင်း ဈေးမသွားနိုင်လို့ ကျောင်းပိတ်ရက် ဖြစ်တဲ့ စနေနေ့မှ ဈေးသွားရတာပါ။ တပတ်စာ ဝယ်ရတာဆိုတော့ ဟင်းမထပ်အောင် စီစဉ်ရတာလဲ သိပ်တော့ မလွယ်လှပါဘူး။ ဘိလပ်မှာတုန်းကလို တခါထဲ အများကြီးချက် ဖရိုးဇန်း (frozen) လုပ်ပြီး နည်းနည်းချင်း ထုတ်စား ဆိုတာမျိုးကို အမကြီးက မနှစ်သက်လေတော့ တနေ့တခါ ချက်ရပါတယ်။ ဘိလပ်မှာ ကျမချက်ကျွေးသမျှ မညည်းမညူ မကုန်မချင်း အားပေးတဲ့ ဦးရီးတော်ကို ကျေးဇူးတင်မိတယ်။

ဒီလိုနဲ့ ကျမမှာ တနေ့တနေ့ အလုပ်ပြေးလုပ်၊ ဟင်းပြေးချက်၊ စာပြေးသင်၊ တောက်တိုမယ်ရ ပြေးလုပ် ... ဟုတ်လို့နေတော့တာပါပဲ။
***

တပတ်စာ ချက်ရန် ဟင်းလျာများ

တပတ်တခါ ဈေးဝယ်ထွက်ဖြစ်တော့ ရေးဖြစ်ခဲ့ဖူးတဲ့ ဈေးဝယ်ထွက်ညည်းချင်းလေးကို ပြန်သတိရမိတယ်။ အဲဒီတုန်းက ကုန်ဈေးနှုန်းနဲ့ အခုဈေးနှုန်း ယှဉ်ကြည့်တော့ နည်းနည်းတော့ ကွာနေပါတယ်။ အဲဒီတုန်းက ဝက်သား တဆယ်သား လေးရာဈေးကနေ အခု ၇၅၀ ဈေး ဖြစ်သွားတယ်။ ဒါတောင် အသားချည်း မဟုတ်ဘူး၊ အဆီအသား ရောလျက်ပါ။ ငါးပုဏ္ဏားက ဥနဲ့ဆို တဆယ်သား ၁၅၀၀ ကျပ်။ ပုဇွန်ထုတ် အကြီးစား ၂၃၀၀ ကျပ်၊ အလတ်စားက ၁၅၀၀ ကနေ ၁၈၀၀ ကြား။ ပုဇွန် ဘော့ချိတ်လေးတွေက ၈၀၀ ကျပ်။ ငါးဖယ်က ၁၅၀၀ ကျပ်။ (တချို့ဈေးတွေလဲ သိပ်မမှတ်မိတော့ဘူး၊ ပြောသလောက်နဲ့ပဲ ဝယ်ဖြစ်လိုက်တာပဲမို့)။ ပြီးခဲ့တဲ့ တပတ်က ငါးသလောက်ဥကြီးတွေ တွေ့လို့ မေးကြည့်တာ တဆယ်သားကို ငါးထောင်ကျပ် ဆိုပဲ၊ မဝယ်ပါဘူး။


ပန်း၊ သစ်သီးနှင့် အသီးအရွက်များ

ပုံမှန်ဝယ်ဖြစ်တာကတော့ အမကြီး အကြိုက် ပုဇွန်၊ ငါးပုဏ္ဏား၊ ငါးကြင်း သို့မဟုတ် ငါးရံ့ နဲ့ တနင်္ဂနွေ အရုဏ်ဆွမ်းလောင်းဖို့ ဝက်သားအမြဲ ဝယ်ရတယ်။ ကစ်ကစ် အတွက်ကတော့ ကြက်သား မပါမဖြစ်ဝယ်ရပါတယ်။ ကျန်တဲ့ အသီးအရွက် ကတော့ ကျမကြိုက်တဲ့ ရာသီစာတွေပေါ့။ ခုတလော မန်ကျည်းသီးစိမ်းလေးတွေ ပေါ်နေတော့ မန်ကျည်းသီး ခဏခဏ ဝယ်ဖြစ်တယ်။ နောက်ပြီး တညင်းဝက်၊ ဟိုတလောကတော့ အင်ဥ ဝယ်ချက်ဖြစ်တယ်။ (အင်ဥကြောင့် ရင်ထုရတဲ့ အဖြစ်ကိုတော့ နောက်မှ ရေးပါတော့မယ်။)


ဆရာလေး ဆွမ်းကပ်ချိန်

ဘုရားကပ်ဖို့နဲ့ ကိုယ်စားဖို့ အသီးတွေကလဲ ဈေးထဲမှာ ရှိရင်ရှိသလို ဝယ်ရပါတယ်။ ကြက်မောက်သီး မင်းဂွတ်သီး နဂါးမောက်သီး စသဖြင့်ပေါ့။ နောက်ပြီး ဘုရားပန်း၊ စပယ်နဲ့ သပြေငုတ်လေးတွေကတော့ မပြတ်အောင် ဝယ်တင်ဖြစ်တယ်။ ဒီကြားထဲမှာ တခြားပန်းတွေကတော့ အလျဉ်းသင့်သလိုပါပဲ။

ဆွမ်း ပန်း ရေချမ်း ကပ်လှူနေသော ဆရာလေး

ကြက်သွန် အာလူးကိုတော့ အများကြီး မဝယ်ထားရဲပါဘူး။ ပုပ်ပုပ်သွားတတ်လို့ အလွန်ဆုံး နှစ်ပတ်စာလောက်ပဲ ဝယ်ထားပါတယ်။ အမေတို့ကတော့ ဈေးမတက်ခင် အသစ်မပေါ်ခင် အများကြီး ဝယ်ထားတတ်ပေမယ့် ကိုယ့်အလှည့်ကျတော့ တက်လဲ တက်ဈေးပဲ လို့ သဘောထားပြီး နည်းနည်းပဲ ဝယ်ပါတယ်။ ဒါတောင် တခါတလေ ကြက်သွန် အာလူးတွေ အတက်ထွက်ပြီး အပင်ပေါက်ကုန်လို့ ကလေးတွေနဲ့ သစ်ပင်စိုက်တမ်း ကစားလိုက်ရတာတွေလဲ ရှိပါတယ်။ :)
***
ဈေးဝယ်ထွက်ရင်း စဉ်းစားမိတယ်၊ တကယ်တော့ ဈေးဝယ် ချက်ပြုတ် မီးဖိုချောင်အလုပ်မှာ စီမံခန့်ခွဲ့မှု management က တကယ့် business တခုလို အလွန်အရေးကြီးတာပဲ။

- Planning - ဘာဝယ်ရမလဲ၊ ဘာချက်ရမလဲ ကြိုတင်စီစဥ၊်
- Organizing - ဘာပြီးရင် ဘာဝယ်မလဲ၊ အစီအစဉ်တကျ၊
- Analyzing - ဘယ်ဈေးသည်က ဈေးသက်သာလဲ အလေးမှန်လဲ သဘောကောင်းလဲ စိစစ်ပိုင်းခြား၊
- Decision Making - အားလုံး အိုကေရင် ဆုံးဖြတ်ကာ အမြန်ဝယ်ချ၊
- Interaction - ဈေးသည် ဈေးဝယ် အပြန်အလှန် ကျေနပ်မှုရှိအောင် ဆက်ဆံ၊
- Financial - ပါလာတဲ့ငွေနဲ့ လောက်အောင် အသုံးချ၊

စသဖြင့် management role အားလုံး အသုံးပြုရတယ်။ နှယ်နှယ်ရရတော့ မဟုတ်။

ဒီလိုနဲ့ သင်ခဲ့ဖူးတဲ့ ဘုတ်အုပ်ထဲက စာတွေကို ပြန်စဉ်းစားရင်း တပတ်တခါ စနေနေ့တိုင်း ဈေးခြင်းတောင်းကို မနိုင့်တနိုင်ဆွဲလို့ ဈေးထဲမှာ တလယ်လယ်နဲ့ လျှောက်သွား နေသူ တယောက်များ တွေ့ခဲ့ရင် ... … … ။
***
မေဓာဝီ
၉ သြဂုတ်၊ ၂၀၁၄
၂၁း၄၃ နာရီ

Read More...