Thursday, February 25, 2010

အဖြေ

စောင့်ခဲ့ရတာ ကြာလှပြီ။
ဟုတ်တယ်။
လွန်ခဲ့တဲ့ ၂ လ ကျော်လောက်ကတည်းက ဆိုပါတော့။
တိတိကျကျ ပြောရရင် စောင့်ခဲ့ရတာ ရက်ပေါင်း ၁၁၀ ရှိပြီ။
ဒီထက်ပို တိတိကျကျ ပြောရအုံးမလား … ။
နာရီပေါင်း နှစ်ထောင့် ခြောက်ရာ လေးဆယ် နာရီ …
မိနစ်ပေါင်း တသိန်း ငါးသောင်း ရှစ်ထောင်လေးရာ မိနစ် …
စက္ကန့်နဲ့ဆို ကိုးသန်း ငါးသိန်းနဲ့ လေးထောင် စက္ကန့်။
စိတ္တက္ခဏတွေနဲ့တော့ မတွက်တော့ပါဘူး။ လက်ဖျစ်တတွက်မှာ ကုဋေတသိန်းဆို အနားက ဂဏန်းပေါင်းစက်က တွက်တတ်မှာ မဟုတ်ဘူး။ ကိန်းဂဏန်းတွေနဲ့ ကျင်လည် ယဉ်ပါးနေရတာများလို့ အကျင့်ပါပြီး တွက်ပြလိုက်တာပါ။ တကယ်တမ်း ပြောချင်တဲ့ လိုရင်းကတော့ ဒီအဖြေ ရဖို့အတွက် အချိန်တွေ အကြာကြီး စောင့်ခဲ့ရတယ် ဆိုတာပါပဲ။

အချိန်ဆိုတဲ့ အရာကလဲ တော်တော်လေး စိတ်ကုန်ဖို့ ကောင်းတယ်။ မသိလိုက် မသိဖာသာနေရင် ကုန်တာ အရမ်းမြန်သလို စောင့်နေပြီလားဟေ့ ဆိုရင်တော့ အရမ်းကြာတယ် ထင်ရတယ်။ အမှန်တော့ အချိန်က သူ့ဟာသူ နေတာပါ လူ့စိတ်က အဲဒီလို ထင်နေတာ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ချင်တော့ အချိန်ကို ကြံဖန် အပြစ်တင်ရတာလေ။ ကိုယ်က စောင့်နေရတဲ့အခါ အချိန်တွေက ကုန်ခဲလွန်းလှတယ်။ စက္ကန့် မိနစ် နာရီတွေ နှေးနေသလိုပဲ။ သိချင်လေ ပိုကြာလေ … ။ ဒီလိုနဲ့စောင့်စားရင်း တရွေ့ရွေ့ အချိန်ကုန်လာလိုက်တာ မျှော်နေခဲ့ရတဲ့ နေ့ကို ရောက်လာပါရော။

ရောက်လာပြန်တော့လည်း စိတ်က လှုပ်ရှားပြန်တယ်။ ညဦးပိုင်းကတည်းက လူက ဂနာမငြိမ်ဘူး။ ကျောင်းစာကို အာရုံစိုက်ပြီး ဖတ်လို့လည်း မရဘူး။ စိတ်တွေလှုပ်ရှားပြီး ထိုင်မရ ထမရ တကြွကြွ ဖြစ်နေမိတယ်။ ဒါနဲ့ပဲ ဘုရားမှ တပါး အားကိုးစရာ မရှိဘူး ဆိုပြီး မြတ်စွာဘုရား ရှေ့တော်မှောက်မှာ ဘုရားရှိခိုး သီလယူပြီး ၀တ်ရွတ်စဉ် စာအုပ်လေးကိုဖွင့်၊ နမောတဿ ရွတ်ပြီးတဲ့ သကာလ ပရိတ်ကြီး ၁၁-သုတ်လုံးကို သမန္တာက စလို့ ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ အထိ အစအဆုံး ပုဒ်ထီး ပုဒ်မ မကျန် အကုန်ရွတ်လိုက်တယ်။ ပရိတ်ကြီး ၁၁-သုတ် အဆုံးမှာ စိတ်က အတန်အသင့် တည်ငြိမ်လာပါရဲ့။ ဒါပေမဲ့ ရွတ်စရှိရင် ဆက်ရွတ်ချင်နေတုန်းပဲမို့ ဓမ္မစကြာပါ ဆက်ရွတ်တယ်။ ဓမ္မစကြာ အဆုံးပိုင်းမှာ နတ်ပြည် ခြောက်ထပ်နဲ့ ဗြဟ္မာ့ပြည်က နတ်ဗြဟ္မာတွေ ကောင်းချီးပေးတာကိုလည်း ခါတိုင်းလို ပေယျာလ မထိုးဘဲ တလုံးမကျန် အကုန်ရွတ်ပြီးတဲ့နောက် နည်းနည်း မောသွားတယ်။

ဘုရားရှိခိုးရင်ပဲ ဖြစ်ဖြစ် ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်သရဇ္ဈာယ်ရင်ပဲ ဖြစ်ဖြစ် အသံထွက်ပြီး ရွတ်မှ အားရကျေနပ်တာမို့ အဲဒီလို ရွတ်ရင်း ဓမ္မစကြာ အဆုံးမှာ မောလည်းမော အာလည်း တော်တော်ခြောက်သွားလို့ ရေထသောက်ရ ပါသေးတယ်။ ဓမ္မစကြာပြီးတော့ အနတ္တ လက္ခဏသုတ် ဆက်ရွတ်တယ်။ အနတ္တလက္ခဏသုတ် ရွတ်နေရင်း သညာ အနတ္တာ ဆိုတဲ့နေရာမှာ အင်း တယ်မှန်ပါလားလို့ တွေးမိသေးတယ်။ သင်ထားတဲ့ စာတွေ ဘယ်နှစ်ခေါက် ဖတ်ဖတ် အမြဲ ပြန်ပြန်မေ့နေတတ်လို့ပါ။

အနတ္တလက္ခဏသုတ် အဆုံးမှာတော့ စိတ်က အတော်လေး တည်ငြိမ်နေပါပြီ။ ဒါပေမဲ့ နေ့စဉ် ရွတ်နေကျ ပဋ္ဌာန်း ပစ္စယနိဒ္ဒေသကို ဆက်ရွတ်လိုက်ပါတယ်။ ပဋ္ဌာန်းရွတ်ပြီးတဲ့အခါ ခါတိုင်းလိုပဲ ၁၅ မိနစ် တရားမှတ်၊ (အဲဒီထက် ပိုမမှတ်နိုင်ပါဘူး၊ အများဆုံး နာရီဝက်ပဲ) တရားဖြုတ်အပြီးမှာတော့ စိတ်က အေးချမ်းငြိမ်သက် သွားပြီလို့ ဆိုရမယ်။ ညလည်း ၁၁ နာရီ ထိုးခါနီးပြီမို့ ဗုဒ္ဓအက်ဖ်အမ် အစီအစဉ်မှာ တရားလွှင့်ပေးဖို့ အချိန်ကျပါပြီ။ ဗုဒ္ဓအက်ဖ်အမ်ကို ဒေသစံတော်ချိန် ည ၁၁ နာရီကနေ မနက် ၆ နာရီထိ လွှင့်ပေးဖို့ တာဝန်ယူထားတာမို့ အဲဒီအချိန်ကတော့ ပုန်းလျှိုးကွယ်လျှိုးပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် အွန်လိုင်းမှာ အွန်ဂျူတီ ရှိနေရပါတယ်။ တကယ်က တရားလွှင့်ထားပြီး အိပ်နေရုံပါပဲ။ စိတ်မချလို့ ခဏခဏ ထကြည့်မှသာ အိပ်ရေးပျက်တာပါ။ ခါတိုင်းဆိုရင်တော့ မအိပ်ခင် ဟိုဘလော့ ဒီဘလော့ အလည်ထွက် စာတွေလိုက်ဖတ်ပြီး မျက်စိညောင်းလောက်ပြီ ဆိုတော့မှ အိပ်တယ်။ အဲဒီနေ့ကတော့ စာတွေဖတ်လည်း မျက်စိက မညောင်းဘူး။ အချိန်က ၁၂ နာရီ ထိုးလုပြီ။ မျှော်နေတဲ့ အဖြေကို မနက် ၅ နာရီ သိရမယ်တဲ့။ နာရီနှိုးစက်ကို ၅ နာရီ ထိုးဖို့ ၅ မိနစ်မှာ ပေးပြီး အတင်း ကြိုးစားအိပ်လိုက်တော့ မကြာခင် အိပ်ပျော်သွားတယ်။
***
အိပ်မက်တွေ မက်ပြီး ပြန်နိုးလာတဲ့အချိန် နာရီက 00:30 တဲ့။ ဟင် … ဒါဆို အိပ်တာ ဘယ်လောက်မှ မကြာသေးပါလား။ ခုမှ ည ၁၂ နာရီခွဲပဲ ရှိသေးတာ။ ပြန်အိပ်အုံးမှပါပဲ … လို့ တွေးပြီး ပြန်အိပ်။ နောက်ထပ် ၁ နာရီလောက်ကြာတော့ တခါပြန်နိုး။ အဲဒီလို အိပ်တခါ နိုးတလှည့်နဲ့ တညဥ့်တာ ကုန်ဆုံးခဲ့ပြီး မနက် ၄ နာရီခွဲမှာ နောက်ဆုံး နိုးခဲ့ပြီးနောက် ပြန်မအိပ်တော့ပါဘူး။ ၅ နာရီအထိုးကို စိတ်လှုပ်ရှားစွာ ထိုင်စောင့်ရပြန်ပါတယ်။ အဲဒီနာရီဝက် အတောအတွင်းမှာတော့ ဘလော့ပေါ်က စာတွေလည်း မဖတ်နိုင်တော့ဘူး။ ဘုရားစာလည်း ကပေါက်တိ ကပေါက်ချာတွေ ဖြစ်နေပြီ။ ဂျီမေးလ်ထဲမှာ ကိုယ်ဖျောက်ပြီး ၀င်ထားတာမို့ အွန်လိုင်းမှာ ရှိနေတဲ့သူတွေကို မြင်နေရတယ်။ စိတ်ပြေလက်ပျောက် နှုတ်ဆက်ဖို့လည်း အာရုံမရဘူး။

ဒီလိုနဲ့ ….
ဒီလိုနဲ့ ….
၅ နာရီ ထိုးသွားရော။

မေးလ်ဘောက်စ်လေးကို မမှိတ်မသုန်တဲ့ မျက်လုံးတွေနဲ့ စူးစိုက်ကြည့်နေမိတယ်။
ဘာမေးလ်မှလည်း မလာသေးဘူး။
တမိနစ် … … …
နှစ်မိနစ် … … …
သုံးမိနစ် … … …
သုံးမိနစ်ခွဲ ... ... ...
ရင်တွေက တဒိန်းဒိန်းခုန်စပြုနေပြန်ပါပြီ။ ဘယ့်နှယ့်လုပ်ရမလဲ။
အဖြေ … အဖြေ …
ဒီအဖြေက အကောင်းလည်း ဖြစ်နိုင်သလို အဆိုးလည်း ဖြစ်နိုင်တယ်။
အကောင်းတ၀က် အဆိုးတ၀က်လည်း ဖြစ်နိုင်တယ်။ ဒီအဖြေပေါ်မူတည်ပြီး စိတ်ဓာတ် အတက်အကျကလည်း နောက်ဆက်တွဲ ဖြစ်လာအုံးမှာ။ ရင်မောလိုက်ရပါဘိတော့။

လေးမိနစ် … … …
ငါးမိနစ် … … …
ငါးမိနစ်နဲ့ နှစ်ဆယ့်ငါး စက္ကန့်ခွဲ … …
မေးလ်က ၀င်မလာသေး။
နမောတဿရွတ်လိုက် ဣတိပိသော ရွတ်လိုက်၊ အိပ်ရာပေါ် ပက်လက်လှန်လိုက်၊ ဘေးတစောင်းနေလိုက်၊

ခြောက်မိနစ် … … …
ခုနစ်မိနစ် … … …
သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ … ဇယစက္ကော ဇယန္တောယော … ငုတ်တုတ်ထိုင်လိုက်၊ မတ်တပ်ရပ်လိုက်၊ ကွန်ပျူတာ မျက်နှာပြင်ကြီးကို ပြန်ကြည့်လိုက်၊

ရှစ် မိနစ် … … …
ကိုး … အိုး … အိုး … ....

မေးလ်ဘောက်စ်ထဲမှာ ResultsOnline ဆိုတဲ့ မေးလ်တစောင်။
ဒိန်းခနဲ … ရင်ဘတ်ကြီးက ထိန်းမရ သိမ်းမရ ခုန်သွားတယ်။
အသက်ကို မှန်မှန်ရှူ … မှန်မှန်ရှူ ….စိတ်ကို ငြိမ်ငြိမ်ထား ...
ကိုယ့်ကိုယ်ကိုယ် သတိပေးရင်း လက်ညှိုးကို အသာလေးဖွဖွ touchpad ပေါ်မှာ ရွေ့လျားလိုက်တယ်။ ၀င်လာတဲ့ မေးလ်အသစ်နေရာမှာ မောက်စ်ပွိုင်တာကို တင်ထားပြီး မဖွင့်သေးခင် နမောတဿ သုံးကြိမ် ဆိုလိုက်ပါသေးတယ်။ ပြီးတော့မှ touchpad ပေါ်မှာ လက်ညှိုးကို ဆတ်ခနဲ တချက်နှိပ်လိုက်တယ်။

အသက်ကို မရှူဝံ့လောက်အောင် ဖြစ်နေပြီး မကြည့်ရဲ ကြည့်ရဲနဲ့ ကြည့်လိုက်တော့ …
…. …. ….
…. …. ….
…. …. ….
Your examination results for the December 2009 session issued on 22-FEB-10 are:
Paper Details: xxxx
Result: Pass
Mark: xx
Paper Details: xxxx
Result: Pass
Mark: xx

YES!!! လို့ ခပ်တိုးတိုး ရွတ်လိုက်မိတယ်။
အဲဒီအခါကျမှ ရင်ထဲက အပူလုံးကြီး ဗြုန်းဆို ကျသွားသလို …. ၀ှူးးးးး ခနဲ သက်ပြင်းအကြီးကြီးကို ကစဥ့်ကလျား ချလိုက်မိပါတော့တယ်။
***
မေဓာဝီ
၂၅၊ ဖေဖော်ဝါရီ၊ ၂၀၁၀
၂၀း၄၅ နာရီ

ဆက်စပ်ပို့စ်
ပွဲတော်ချိန်

(ဒီဇင်ဘာမှာ ဖြေခဲ့ရတဲ့ စာမေးပွဲ အောင်စာရင်း ထွက်တဲ့နေ့ အမှတ်တရ)

Read More...

Friday, February 12, 2010

ရှင်သန်နေဆဲ ကိုးဆယ့်ငါး

တပေါင်းလဆန်း တရက်
နွေဦးနံနက်စောစော
ငှက်ဥသြတွေ တေးသံဝေ
အဲဒီ စနေနေ့မှာပေါ့ …

လောကကြီးကို အံတုပြီး
လက်သီးကို ကျစ်ကျစ်ဆုပ်ကာ
သူပုန်လောင်းဇာတာနဲ့
“သူ” မွေးဖွားလာခဲ့တယ်။

ငယ်စဉ်ကတည်းက
မယဉ်ကျေးလှတဲ့
ဘုကျကျ ခွကျကျ
လူ့ဂွစာ လူဆိုးလေးဟာ
ရိုးသားမှုကို တပ်မက်
လွတ်လပ်ခြင်းကို မြတ်နိုး
အမှန်တရားကို တန်ဖိုးထားတတ်သတဲ့။

ပြတ်သားတဲ့ စိတ်ဓာတ်နဲ့
မြင့်မြတ်တဲ့စိတ်ထားကြောင့်
အားလုံးက သူ့ကိုလေးစားကြတယ်။
သူတပ်မက်တဲ့ ရိုးသားမှုနဲ့
သူတန်ဖိုးထားတဲ့ အမှန်တရားကို အားကိုးပြီး
သူမြတ်နိုးတဲ့ လွတ်လပ်ခြင်းကိုလည်း
မရ အရ ယူပြခဲ့တယ်။

အချိန်မတိုင်မီ ခွဲခဲ့ရပေမဲ့
သူချစ်တဲ့တိုင်းပြည်ကို စောင့်ရှောက်ဖို့
သမီးတယောက်ကိုလည်း
သူ့ကိုယ်စား ချန်ထားခဲ့သေးတယ်။

…. …. …. ….
…. …. …. ….
…. …. …. ….

ကြာခဲ့ပြီလေ …
အချိန်တွေ တရွေ့ရွေ့ပြောင်း
နှစ်တွေလည်း ဟောင်းခဲ့ပြီ …
ဖေဖော်ဝါရီ ဆယ့်သုံးရက်
ဒီစနေ နံနက်မှာ
သူသာရှိရင် အသက် ကိုးဆယ့်ငါး ပေါ့
မေ့လျော့များနေကြမလား …
ဖျောက်ဖျက်များထားကြမလား …
ထားကြစမ်းပါစေ …
သမိုင်းဆိုတာ လူကမရေးရင်တောင်
သွေးတွေနဲ့ ရဲရဲနီကာ
ထာဝရရှင်သန်နေမှာ
သေချာပါတယ်လေ … ။
***
မေဓာဝီ
၇၊ ဖေဖော်ဝါရီ၊ ၂၀၁၀
၁၃း၁၈ နာရီ

တချိန်ကရေးခဲ့ဖူးသော ...
ဒို့အရေး
ဖေဖော်ဝါရီ ၁၃-မှာ
သတိရမိသော သီချင်းနှစ်ပုဒ်

သီချင်းနားထောင်ဖို့

Read More...