Thursday, September 10, 2009

ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ

ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ …
ကုန်လွန်ခဲ့တဲ့ ရက်ပေါင်း ခုနစ်ရာ ဆိုတာ
အတိတ်တွေလား … သမိုင်းတွေလား …
အရိုင်းဆန်လွန်းတဲ့ အဖြစ်အပျက်တွေကြောင့်
လှိုင်းထန်ခဲ့ရတဲ့ နေ့ရက်တွေပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

အဲဒီနေ့တွေမှာ …
စက်တင်ဘာရဲ့ တိမ်တိုက်တွေ အရည်ပျော်ကျခဲ့တယ်။
စက်တင်ဘာရဲ့ မိုးရေစက်တွေ ခါးသက်ခဲ့တယ်။
စက်တင်ဘာရဲ့ နေမင်းတောင် အလင်းရောင် မပေးနိုင်ခဲ့ဘူး။
စက်တင်ဘာရဲ့ လေပြင်းက သစ်ရွက်တွေကို တစစီ ခြွေချခဲ့တယ်။
စက်တင်ဘာရဲ့ ညကောင်းကင်မှာ လမင်းလည်း မသာနိုင်ခဲ့။
စက်တင်ဘာရဲ့ ကြယ်ပြာတအုပ်ကတော့ မှိတ်တုတ်တုတ် မှိန်ပျ …
စက်တင်ဘာရဲ့ ပန်းအလှလေးတွေလည်း နွမ်းလျခဲ့ရ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

ဒီလိုနဲ့ပဲ …
စက်တင်ဘာရဲ့ အနက်ရောင်ထက်မှာ အဖြူရောင်တွေ ဖုံးလွှမ်းခဲ့ပြန်တယ်။
စက်တင်ဘာရဲ့ အဖြူရောင်တွေက အ၀ါရောင်အဖြစ် ပြောင်းလဲလို့သွား၊
စက်တင်ဘာရဲ့ အ၀ါရောင်တွေက အပြာရောင်သံစဉ်တွေ ကျူးရင့် … ကမ္ဘာအနှံ့ ပျံ့လွင့်ခဲ့ပေမဲ့
စက်တင်ဘာရဲ့ ကံကြမ္မာကို အစိမ်းရောင်တွေက ကြီးစိုးလို့ သွားကြ
တစတစနဲ့
စက်တင်ဘာရဲ့ နေ့စွဲမှာ အနီရောင်နဲ့ ကမ္ပည်းထိုးခဲ့ရပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

စက်တင်ဘာရေ …
ကမ္ဘာမကြေ သီချင်းကို သံပြိုင် သီဆိုခဲ့ကြတာ သူငယ်တန်းကတည်းကပါ။
ဒါပေမဲ့ …
တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ … “တို့ပြေ” ဖြစ်ဖို့ …
ဘယ်လိုကြိုးကုတ် အားထုတ်ရမလဲ ဆိုတာ … ခုထိ မသိခဲ့ပါ စက်တင်ဘာ။
သစ္စာတွေ ပြုခဲ့ … မေတ္တာတွေ စုခဲ့ကြပေမဲ့
ကုမရတဲ့ ဒဏ်ရာကို တိုင်းသူပြည်သား လူအများတို့
ခံစားနေရတာ နှစ်ချို့ခဲ့ပေါ့ …
ဘယ်တော့မှ မမေ့ဘူး စက်တင်ဘာ … ။

အဲဒီနေ့တွေမှာ ...
စက်တင်ဘာရဲ့ ပေါက်ကွဲသံတွေ လျှံခဲ့တယ်။
စက်တင်ဘာရဲ့ ငိုရှိုက်သံတွေ ညံခဲ့တယ်။
စက်တင်ဘာရဲ့ ခြောက်လှန့်သံတွေ ထန်ခဲ့တယ်။
စက်တင်ဘာရဲ့ ကြွေးကြော်သံတွေ ကျန်ခဲ့တယ် …
ကျန်ခဲ့တယ် ... ကျန်ခဲ့တယ် … ကျန်ခဲ့ပါတယ် စက်တင်ဘာ …
ရင်ထဲမှာ ... နာ … လို့ …
ငါလေ ...
ကမ္ဘာမကြေဘူး ... စက် တင် ဘာ … ။ … ။
***
မေဓာဝီ
၁၀၊ စက်တင်ဘာ၊ ၂၀၀၉
၁၆း၂၇ နာရီ

Read More...

Thursday, September 03, 2009

သုံးနှစ် - သုံးရက်

သုံးနှစ်ပြည့် ပို့စ်တင်ပြီးကတည်းက ရှေ့ဆက် ဘလော့ဖို့ သင့် မသင့် ကျမ စဉ်းစားနေတာ ခုထိ ဆုံးဖြတ်လို့ မရသေးဘူး။ ကွန်မန့်တွေထဲမှာတော့ ကျမကို အားပေးကြပါတယ်။ သုံးနှစ်ဆိုတာ ဘာရှိသေးလို့လဲ … တချို့ဆို ၇-နှစ်၊ တချို့က ၈-နှစ်၊ တချို့ကတော့ ၅-နှစ် စသဖြင့်ပေါ့ … စောင့်ခဲ့ပြီးမှ လက်တွဲခဲ့ကြတာလို့ ဆိုကြပါတယ်။ အဲဒီလောက် နှစ်တွေကတော့ ကျမက ပျင်းပါတယ်၊ ကျမကိုယ်တိုင် ၁၂ နှစ်တိတိ ကြာရှည် မြဲမြံခဲ့ပြီး နောက်မှ လက်တွဲဖြုတ်ခဲ့တဲ့ အတွေ့အကြုံလည်း ရှိဖူးခဲ့တာကိုး။ :) ဘာပဲဖြစ်ဖြစ် ကျမကို စိတ်ဓာတ်ခွန်အား ဖြစ်စေဖို့ အားပေးကြသူတွေကို ကျေးဇူးအများကြီးတင်ပါတယ်။

နောက်ထပ် ကျေးဇူး တင်ရတာက ... ကိုရန်အောင်ပါ။ ကျမ ဘလော့ကို ခုလို အခြေအနေဖြစ်အောင် အချိန်ကုန်ခံပြီး ပြင်ဆင်မွမ်းမံပေးတဲ့ ကိုရန်အောင်ကို အထူးကျေးဇူးတင်ပါတယ်။ အနက်ရောင်နောက်ခံ ကျမဘလော့ကို ကိုသက်ဦးက အရောင်ပြောင်းခိုင်းနေတာ နှစ်နဲ့ချီကြာမြင့်နေပါပြီ။ ကျမက အနက်ရောင်ကြိုက်လို့ မပြောင်းဘဲ ပေနေခဲ့တယ်။ ဒီကြားထဲ တခြားသူတွေ ပြောကြပေမဲ့ ကျမ မပြင်ခဲ့ဘူး။ နောက်ဆုံး ပန်ဒိုရာပြောမှ ပြင်ဖို့ စိတ်ကူးခဲ့တယ်။ စမ်းလုပ်ကြည့်ပြီး ဆက်မလုပ်တတ်တာနဲ့ ဒီတိုင်း ထားထားရင်း တရက်တော့ ကိုရန်အောင်က လုပ်ပေးမယ်လို့ လိုလိုချင်ချင် ပြောပြီး လုပ်ပေးတာကြောင့် ခုလို လူတလုံး သူတလုံး ဖြစ်ခဲ့တာပါပဲ။

ဒါကြောင့် ကျမဘလော့ကို အစဉ်တစိုက် ဖတ်ရှုသူများ၊ ခဏတဖြုတ် ဖတ်ရှုသူများ၊ မှတ်ချက်လေးတွေ ချီးမြှင့် ပေးကြသူများ၊ ကောင်းနိုးရာရာ အကြံဉာဏ်ပေးကြသူများ၊ ဝေဖန်ထောက်ပြ ဆုံးမကြသူများ အားလုံး အားလုံးကို ကျေးဇူးတင်ကြောင်း ပြောရင်းနဲ့ ... အသိပေးချင်တာလေး ပြောပါရစေ။
***
အခု ကျောင်းပြန်ဖွင့်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ အချိန်မှာ ဦးရီးတော်ရဲ့ စာသင်နည်း စနစ် ပြောင်းသွားပြန်ပါတယ်။ အရင်ကလို တီဗီက သတင်းတွေ မဖတ်ခိုင်းတော့ဘူး။ လာမယ့် ဒီဇင်ဘာမှာ ဖြေရမယ့် Law ဘာသာရပ်ကို စပြီး သင်ပေးပါတယ်။ သိတဲ့အတိုင်း ကျမက အင်္ဂလိပ်စာ ညံ့ရတဲ့အထဲ Law ဘာသာရပ်မှာ သုံးနှုန်းထားတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပါယ်က သာမန်သုံးရိုးသုံးစဉ်လို မဟုတ်တော့ စာလုံးတိုင်းကို အဘိဓာန်ထဲမှာ ရှာနေရတော့တယ်။ အခန်းပေါင်း ၁၃ ခန်းကို ကျောင်းမဖွင့်ခင် ဦးရီးတော်က ကျမနားလည်အောင် ဖတ်ပေးပြီး ရှင်းပြပေးမယ် ဆိုတော့ ကျမမှာ အချိန်အားရယ်လို့ သိပ်မရှိတော့ပါဘူး။ စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာလည်း အရင်လို ဟိုဟိုဒီဒီ လျှောက်မသွားနိုင်တော့ဘူး။ ဟင်းချက်တာတောင် အချိန်ကုန် သက်သာအောင် တခါတည်း အများကြီးချက်ပြီး ဖရီဇာထဲ ထည့်သိမ်းထားပြီး နည်းနည်းချင်း ထုတ်စားဖို့ ဦးရီးတော်က ညွှန်ကြားပါတယ်။

တစက္ကန့် တမိနစ် အချိန်ကလေးကိုတောင် အလဟဿ မဖြစ်စေချင်တဲ့ ဦးရီးတော်ရဲ့ စေတနာကို ကျမ တန်ဖိုးထား လေးစားရမယ်လို့ နားလည်ပါတယ်။ ဒါပေမဲ့ တဖက်မှာ စဉ်းစားရပြန်တာလည်း ဘလော့ကို ရှေ့ဆက် မရေးဖြစ်ဘူးဆိုရင် … ဒါမှမဟုတ် ကြိုကြား ကြိုကြားပဲ ရေးဖြစ်တော့မယ် ဆိုရင် … ကျမ တင်လက်စ စာအုပ် နှစ်အုပ်က ခေါင်းပေါ်မှာ ၀န်ထုတ် ၀န်ပိုးလို ရှိနေပြန်ပါတယ်။ ဟိုးတုန်းက တစိုက်မတ်မတ် တင်ခဲ့တဲ့ ကိုပြူးကျယ်သို့ ပေးစာဟာ မပြီးခင် ရပ်လိုက်ရတယ်၊ အခုလည်းပဲ ကဗျာသင်္ဂဟမေဒနီနဲ့ သျှင်ဥတ္တမကျော် တောလားက တိုးလို့တန်းလန်း မပြီးသေးဘူး။ ကဗျာသင်္ဂဟမေဒနီကတော့ နည်းနည်းချင်း ရိုက်နေတာမို့ မပြီးနိုင်သေးပေမဲ့ သျှင်ဥတ္တမကျော် တောလားကတော့ အားလုံးရိုက်ပြီးသားပါ။ တခါတည်း အကုန်တင်လိုက်ရင် ရသော်ငြား ကျမရဲ့ ထုံးစံအတိုင်း တပတ်ကို သူနဲ့ဆိုင်တဲ့ ပို့စ် တခုလောက်သာ တင်ချင်တယ်။ ဆက်တိုက် တခါတည်း မတင်ချင်ဘူး။ ဒါနဲ့ပဲ မကြာသင့်ဘဲ အချိန်တွေက ကြာနေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျမစိတ်ထဲမှာ ဒီစာအုပ် နှစ်အုပ်ကိုတော့ ပြီးအောင် တင်ပေးချင်တဲ့ ဆန္ဒက ပြင်းပြနေခဲ့တယ်။
***
မနေ့ကတော့ ကျမ ဆုံးဖြတ်ချက် ချနိုင်မယ့် ကွန်မန့်တခု ၀င်လာပါတယ်။

Tyne has left a new comment on your post "မြန်မာရှေးစာဆိုတို့၏ ကဗျာများ (နိဒါန်း)":

အမရေ အမစာအုပ်နဲ့ တူတူပဲလားတော့ မသိဘူး၊ မြန်မာအီးလိုင်ဘရီ မှာတွေ့တယ်။ ဒီစာအုပ်က ပိုအိုပုံပေါက်တယ်။ အမ အမှတ်တရ သိမ်းထားချင် သိမ်းထားလို့ရအောင် ကျွန်တော် လင့်တင်ပေးလိုက်တယ်။

အဲဒီလင့်ခ်အတိုင်း သွားပြီး ဒေါင်းလုတ်ယူကြည့်လိုက်တော့ ကဗျာသင်္ဂဟမေဒနီ ပထမအကြိမ်ထုတ်တဲ့ စာအုပ် ဖြစ်လို့နေပါတယ်။ ၁၉၀၉ ခုနှစ်က ထုတ်ထားခဲ့တဲ့ စာအုပ်ပါ၊ နှစ်ပေါင်း ၁၀၀ ကြာပါပြီ။ ကျမကိုးကားတဲ့စာအုပ်က ၁၉၆၆ ခုနှစ်ကထုတ်တာဆိုတော့ ဒီစာအုပ်က ပိုပြီး ရှေးကျပါတယ်။ အဲဒီစာအုပ်ကလေး ebook အနေနဲ့ ရှိနေတာ ကျမ အလွန်အံ့သြသလို ၀မ်းလည်း သာမိပါတယ်။ ကျမအနေနဲ့လည်း ဒီစာအုပ်ကို ဆက်လက် ရိုက်ပြီး တင်စရာမလိုတော့တာမို့ ခေါင်းလည်း အင်မတန် ပေါ့သွားပါတယ်။ လိုချင်တဲ့သူများ ဒီလင့်ခ်မှာ သွားယူနိုင်ပါတယ်။ မြန်မာအီးလိုင်ဘရီက တင်ထားတာပါ။ ၂၄.၈ မက်ဂါဘိုက် ရှိပါတယ်။ တကူးတက လင့်ခ်လေး လာပေးတဲ့ Tyne ကို ကျေးဇူးတင်ပါတယ်။

ထိုနည်းတူစွာ သျှင်ဥတ္တမကျော်တောလား ဟာလည်း ကျမကိုးကား ဖော်ပြတဲ့ စာအုပ်အတိုင်း မြန်မာအိုင်အက်စ်ပီမှာ တင်ထားတာကို တလောက ကိုပရင့်စ်ညွှန်းလို့ သိခဲ့ရပါတယ်။

ဆိုတော့ … ကျမအတွက် ၀န်လေးနေမိတဲ့ ဒီစာနှစ်အုပ်ဟာ ebook အနေနဲ့ ရှိနေတာမို့ ကျမအနေနဲ့ ဆက်လက်ဖော်ပြဖို့ တာဝန် ကင်းသွားပါပြီ။ ဒါကြောင့်မို့ ဘလော့မှာလည်း အရင်လို စဉ်ဆက်မပြတ် ပို့စ်တွေ တင်ချင်မှ တင်ပါတော့မယ်။ လုံးဝကြီး မတင်တော့ဘူးလို့လည်း သံယောဇဉ်ပြတ်စွာ မဆိုနိုင်သေးပါဘူး။ ကိုယ့်အနာဂတ်ကို ကိုယ်မပိုင်တဲ့ အခြေအနေမှာ ရှေ့ကို ဘယ်လိုဖြစ်လာဦးမယ်ဆိုတာ ကြိုတင်မသိနိုင်တာကြောင့် လောလောဆယ်မှာ လော (Law) တွေနဲ့ နပန်းလုံးရင်း ကျောင်းဖွင့်ရက်ကို ကြိုနေမှာ ဖြစ်ပါကြောင်း အားလုံးကို အသိပေးအပ်ပါတယ်ရှင်။
***
မေဓာဝီ
၃၊ စက်တင်ဘာ၊ ၂၀၀၉
တော်သလင်းလပြည့်နေ့
၁၃း၄၂ နာရီ

Read More...