Saturday, March 31, 2007

အဖေ့ကဗျာ (၈)

ဒီနေ့ မအားတဲ့အတွက် စာမရေးနိုင်လို့ လူလည်ကျလိုက်ပါအုံးမယ်။

မနက်စောစော ဈေးသွား၊ ပြန်ရောက်လို့ ဟင်းစီစဉ် ချက်ပြုတ်ပြီးတာနဲ့ အမေ့ကို သွားဆရာဝန်ဆီ လိုက်ပို့၊ ပြန်လာတော့ အဖေနေမကောင်းလို့ အနားမှာပြုစုပေးနေရ …. ဒီလိုနဲ့ စာမရေးဖြစ်ပါဘူး။ ညကလည်း မီးပျက်နေလို့ မရေးဖြစ်ခဲ့ဘူး။ ဒါနဲ့ပဲ … ဒီနေ့အဖို့ ဘလော့မှာ အသစ်မတင်တော့ဘူးလို့ စိတ်ကူးပြီး အေးအေး နေလိုက်ပါတော့တယ်။

ဒါပေမဲ့ အဖေ့အနားမှာနေပြီး အဖေ့စာအုပ်စင် မွှေနှောက် ဖတ်ရှုရင်းနဲ့ အဖေ့ရဲ့ မှတ်စုစာအုပ် အဟောင်းလေးကို မမျှော်လင့်ဘဲ တွေ့ခဲ့လို့ ကျမယူထားလိုက်တယ်။ မှတ်စုစာအုပ်လေးက ၁၉၇၅ ခုနှစ်က စာအုပ်ကလေးပါ။ အဲဒီ မှတ်စုစာအုပ်လေးထဲမှာ အဖေက နေ့စဉ်မှတ်တမ်းလို မှတ်ထားတာလေးတွေပါတယ်။ တရားစာတွေလည်း ပါတယ်၊ နောက်ပြီး အတိုအစ လျှောက်ခြစ်ထားတဲ့ ကဗျာလေးတွေလည်း ပါပါတယ်။
ဒီတော့ ကျမ လူလည်ကျဖို့ အဖေ့ကဗျာတွေ ထပ်ရပြီမို့ … ဒီနေ့အဖို့ အဖေ့ကဗျာလေးပဲ တင်လိုက်ပါတယ်။

နေ့စွဲအရတော့ ဒီကဗျာလေးကို ၁၉၇၅ ခုနှစ်က အဖေရေးဖွဲ့ထားတာလို့ သိရပါတယ်။ အဲဒီတုန်းက အဖေဟာ အမေနဲ့ ခွဲခွါပြီး တနယ်တကျေးမှာ အလုပ်သွားလုပ်နေတဲ့ အချိန်ပေါ့။ တနယ်တကျေးဆိုတာလည်း မုံရွာမြို့မှာပါ။ အဲဒီအကြောင်းကတော့ အဖေခဏခဏ ပြန်ပြောပြဖူးလို့ ကျမတို့ သိနေခဲ့ပြီးသားပါ။ ဒီကဗျာကတော့ မုံရွာမှာ အဖေအလုပ်လုပ်စဉ် အမေ့ကို သတိရလို့ ရေးထားတဲ့ ကဗျာတပုဒ်ပေါ့ … ။ ဖတ်ကြည့်ကြပါအုံး။
***
“သလ္လာမှသည် ….”

* သလ္လာမှသည်၊ မေ့ကိုရည်၍၊ ဤမည်စာတန်း၊ ပုလဲပန်းဖြင့်၊ ရွှင်လန်းမေတ္တာ၊ ပို့လိုက်ပါသည်။ သက်လျာချမ်းမြေ့- သာပါစေ့။

* အနေ့နေ့လျှင်၊ သက်မြတ်ကြင်ကို၊ အစဉ်တမ်းတ၊ လွမ်းစိတ်ကြွလည်း၊ ဘ၀ရှေ့မျှော်၊ ပျော်ရာကိုဖဲ၊ တော်ရာခဲဖို့၊ ၀မ်းထဲမာန်ထောင်၊ မေ့သက်မောင်က၊ မရှောင်ဆူးလမ်း၊ ကြမ်းချင်ကြမ်းတော့၊ လျှောက်လှမ်းရှေ့ဆီ၊ ရီရီပြုံးပြုံး၊ လမ်းဆုံးရွာမြင်၊ စိတ်ဘ၀င်ဖြင့်၊ ဤတွင်စခန်း၊ မောင်မျှော်မှန်းသည်၊ သာဆန်းအေးရိပ် ဖြစ်စေသော်။

* တရွေ့ရွေ့ပင်၊ ပြောင်းရွှေလျင်သည့်၊ အရှင်နေမင်း၊ ဖန်ဖန်လင်း၍၊ ထိန်ဝင်းတခါ၊ မှောင်ခါတချက်၊ နေ့ရက်လီလီ၊ ကြာခဲ့ပြီမို့၊ ဒါလီပုလဲ၊ မောင့်လည်ဆွဲကို၊ စိတ်ထဲဘ၀င်၊ နေ့တိုင်းမြင်ခဲ့၊ သခင်နှမ၊ လွမ်းပါစလို့၊ မောင်ကမယ့်ကို၊ မေးပါလိုရှင့်၊ ရွယ်ပျိုရွှန်းသစ်၊ မောင့်အချစ်က၊ ခွန်းလှစ်မချွေ၊ ပေတေတေနှင့်၊ တွေဝေလွင့်ပါး၊ မုန်းစိတ်ပွါးလို့။ မောင့်အားဝေးမြေ၊ လွှတ်ရက်လေဟု၊ တေလေစိတ်က - ထင်ပါသော်။

* တစေ့စေ့မြင်၊ မောင့်ချစ်ကြင်နှင့်၊ လွင်လွင်ပျော်ပါး၊ သမီးများတို့၊ ကျောင်းသွားကျောင်းပြန်၊ ကစားဟန်နှင့်၊ တဖန်နွဲ့ဆိုး၊ အမျိုးမျိုးကို၊ မျှော်ကိုးမြင်ယောင်၊ ဗလောင်ပူမီး၊ သူဖိစီးလည်း၊ မညည်းမညူ၊ ပုတီးကူ၍၊ ပူလောင်ဝမ်းပန်း၊ ရေစင်ဖျန်းခဲ့၊ ရွှင်လန်းအောင်မြေ၊ ရောက်နိုင်စေဖို့၊ စိန္တေထံပါး၊ မောင်ဝပ်တွား၍၊ ပန်ကြားနေ့စဉ်၊ တောင်းဆုဆင်သည်၊ ချစ်ကြင်သူတို့ - ပျော်စေသော်။

5th Aug, 75
***
30.3.07
3:56 pm

Read More...

Friday, March 30, 2007

ဘကြီးဘဘေ၏ နိုင်ငံရေးရာအဖြာဖြာ အပိုင်း (၄)

ဒီတပတ် အပိုင်း (၄) အတွက် ဆက်လက်ဖော်ပြမယ့် ခေါင်းစဉ်က “တော်လှန်ရေး နဲ့ တွန်းလှန်ရေး” ပါ။ ဒီခေါင်းစဉ်အောက်က စာအားလုံးကိုတော့ မဖော်ပြတော့ပါဘူး။ ကျမနှစ်သက်ရာလေးတွေ ရွေးထုတ် ကောက်နုတ်လိုက်ပါတယ်။ အားလုံးလည်း နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ထုံးစံအတိုင်း မူရင်း သတ်ပုံအတိုင်းသာ ပြန်ရိုက်ထားပါကြောင်း။
***
တော်လှန်ရေးနှင့် တွန်းလှန်ရေး

“တော်လှန်ရေး” ဟူသော စကားသည် ကမ္ဘာနှင့် အနှံ့အပြား ခေတ်စားနေသော စကားပင်ဖြစ်သည်။ တော်လှန်သည် ဆိုသည်မှာ အထက်အမိန့်ကို အောက်က မနာခံခြင်း၊ အုပ်စိုးသူကို အုပ်စိုးခြင်း ခံရသူတို့က ခုခံခြင်းတို့ပင် ဖြစ်လေသည်။ တော်လှန်သည်နှင့် တပြိုင်နက် တွန်းလှန်ရန် ကိစ္စသည် ထက်ချပ်ပါ၍ လာပေသည်။ ထိရောက်စွာ တွန်းလှန်နိုင်လျှင် တော်လှန်ရေးသည် အောင်မြင်ခြင်းပင် ဖြစ်သတည်း။

ချို့ယွင်းချက်များ
တော်လှန်ရုံဖြင့် လွတ်လပ်ရေးကား မရ၊ ထိရောက်စွာ တွန်းလှန်စေကာမူ လွတ်လပ်ရေးသည် မတည်မြဲပေ၊ မည်သည့်အတွက် ဤသို့ဖြစ်ရပါသနည်း၊ အရင်းစစ်လျှင် အမြစ်မြေက ဆိုသည့်အတိုင်း တော်လှန်ရာတွင် ထိရောက်စွာ တွန်းလှန်ခဲ့သော်လည်း ရရှိသော လွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစွာ လက်ဝယ် သိမ်းပိုက်မထား နိုင်ခြင်းမှာ အခြားကြောင့်မဟုတ်၊ မြန်မာတို့တွင် ချို့တဲ့သော အချက်များ ရှိ၍ သာလျှင် ဖြစ်ပေမည်။ အဆိုပါ ချို့ယွင်းချက်တို့ကား မည်သည်တို့နည်း။

ရိုးရိုးသားသားနှင့် လုပ်ကြပါ
“ပြည်ညှင်းက-မင်းမခံနိုင်” “သံဃာ့အား-ဘုရား မဆန်နိုင်” ဟူသော စကားများသည် သွေးထွက်အောင် မှန်သော စကားများပင် ဖြစ်သည်။ တိုင်းပြည်က စစ်အုပ်ချုပ်ရေးကို မလို၊ ဘုရင်ခံ၏ အာဏာရှင် အုပ်ချုပ်ရေးကို မနှစ်သက်၊ ၉၁-ဌာန အုပ်ချုပ်ရေး ပြန်လည် အသက်သွင်းသည်ကို မနှစ်မြို့၊ လွတ်လပ်ရေးစစ် ရမှသာလျှင် ကျေနပ်မည်ဟု တကယ်ရိုးရိုးသားသားနှင့် ယုံကြည်ကြပါလျှင် စက္ကူဖြူ စာတမ်းအရ စီမံဖန်တီးနေသော အလုပ် ဟူသမျှတွင် ပါဝင်ရွက်ဆောင် အားပေးကူညီနေခြင်းကို မပြုသင့်ပေ။ ပါဝင် ရွက်ဆောင် အားပေးကူညီခြင်းသည် စက္ကူဖြူစာတမ်း စီမံကိန်းကို ထမြောက်အောင်မြင်ရန်ပင် ဖြစ်ပေသည်။

ပြည်သူပြည်သားတို့ တာဝန်
အထက်ပါ စဉ်းစားချက်များကို သေချာစွာ ဝေဘန်ပါမူ မြန်မာပြည်၏ လုံးဝလွတ်လပ်ရေးသည် မြန်မာပြည်သားများ လက်တွင်ပင် ရှိနေသေးကြောင်း ထင်ရှား၏။ မြန်မာပြည်သားတို့၏ လွတ်လပ်ရေးကို ဖျက်ဆီးသော အချက်များ၊ မတည်တံ့ရန် ဖန်တီးသော အချက်များကို တွန်းလှန် ချိုးဖျက်ရန်မှာ မြန်မာပြည်သား တို့၏ တာဝန်၊ မြန်မာပြည်သားများ လက်ငင်း အရေးတကြီး ရွက်ဆောင်ရန် လုပ်ငန်းကြီးပင် ဖြစ်ပေသည်။ အဆိုပါ လုပ်ငန်းကား မည်သည်တို့ ဖြစ်သနည်း။

လက်ငင်းပြဿနာ
လွတ်လပ်ရေးရရန် တော်လှန်ရေးကား ယခုအခါ မလိုဖြစ်သည်။ တွန်းလှန်ရေးများကို ထိရောက်စွာ ရွက်ဆောင်ပါလျှင် တော်လှန်ရေးမပါဘဲ လွတ်လပ်ရေးရနိုင်၏။ နိုင်ငံရေးဘက်တွင်၎င်း၊ စီးပွါးရေး ကြီးပွါးရေး ဘက်တွင်၎င်း၊ တွန်းလှန်ရန်အချက်များ ရှိရာ ယနေ့အဘို့တွင် နိုင်ငံရေးဘက်မှ ယခုလက်ငင်း အရေးတကြီး တွန်းလှန်ရန် အချက်စုကိုသာ စဉ်းစားရန်ဖြစ်သည်။ နိုင်ငံရေးဘက်တွင် အောက်ပါ အချက်တို့ကို ပပျောက်အောင် တွန်းလှန်ဖြိုဖျက်ရပေလိ့မ်မည်။

မလိုအပ်သည့်အချက်များ
(က) ပါတီစွဲ ပါတီကျိုးသန်ခြင်း။
(ခ) ပုဂ္ဂိုလ်စွဲ ပုဂ္ဂိုလ်ကျိုး လိုလားခြင်း။
(ဂ) ၀ါဒစွဲ ၀ါဒပြန့်ပွါးမှု ရှေ့ရှုခြင်း။
(ဃ) ရာထူးစွဲ ရာထူးရမှု လုံးပန်းခြင်း။
(င) အတ္တဟိတစွဲ၍ ပရိဟိတကို ပယ်ခြင်း။
(စ) ဗိုလ်လုရေး ခေါင်းဆောင်လုပ်ချင်ရေး မွှန်နေခြင်း။
(ဆ) စည်းမစောင့် သစ္စာမရှိ မရိုးသားမှု များခြင်း။
(ဇ) အချင်းချင်း မယုံကြည် စိတ်မချခြင်း။
(ဈ) အချင်းချင်း မနာလို ၀န်တို အကျိုးမဲ့ပြုခြင်း။
(ည) ကိုယ့်အမျိုး ကိုယ့်အချင်းချင်း အထင်အမြင် သေးတတ်ခြင်း။
(ဋ) လူတကိုယ် ထင်တလုံးနှင့်အညီ ကိုယ့်ကိုယ်ကို အထင်ကြီး သွေးကြီးနေခြင်း။
(ဌ) အချင်းချင်း အပေးအယူ သဘောမထား အနစ်နာမခံ အသာယူလိုတတ်ခြင်း။
(ဍ) အချင်းချင်း နိုင်ချင်မှု ဂုဏ်ပြိုင်မှု တို့မီး ရှို့မီးလုပ်မှု အဆင်းတွန်းမှု ခြေထိုးမှု မီးစာတဘက် ရေမှုတ်တဘက် လုပ်မှုတို့တွင် လိုက်စားကြခြင်း။

တကယ့်လွတ်လပ်ရေးသို့
အထက်ပါ အချက်စုတို့ကို ပပျောက်အောင် တွန်းလှန်ဖြိုဖျက်ပါလျှင် တပြည်လုံး တစည်းတရုံး တညီတညွတ်ထည်း ဖြစ်၍ အပြင်က ရေပက်၍ မ၀င်ဖြစ်ပြီးလျှင် လွတ်လပ်ရေးကို တောင်းနေရန် မဟုတ် “တို့ လွတ်လပ်ပြီ” ဟု ဆိုရုံဖြင့်ပင် လက်တွင်းသို့ ရောက်နိုင်ပေသတည်း။
***
ဒီစာဟာ လွတ်လပ်ရေးမရခင်က ရေးခဲ့တာဖြစ်ပေမဲ့ သေချာ ဖတ်ကြည့်မယ်ဆိုရင် ခုချိန်မှာလည်း တိုက်ဆိုင်စွာ မှန်ကန်နေပါတယ်။ ကျမတို့ တိုင်းပြည်ဟာ တိုင်းတပါးအုပ်ချုပ်မှုအောက်က လွတ်လပ်ခဲ့ပြီ ဖြစ်ပေမဲ့ တကယ် လွတ်လပ်မှု ရှိပြီလား … ။ ဘာဖြစ်လို့ ခုလိုဖြစ်နေတာလဲ။ ဘကြီးပြောခဲ့တဲ့ ချို့ယွင်းချက်တွေ … မလိုလားအပ်တဲ့ အချက်တွေကြောင့်လား … ။ ကျမ စဉ်းစားနေမိပါတယ်။
***
မေဓာဝီ
30.3.07
10:50 am

Read More...

Thursday, March 29, 2007

ကျမနှင့် ဆေးမြီးတို ....

မန်ကျည်း သုံးပိတ်
ဆား သုံးပိတ်
သုံးပိတ် ကနခို
မနက် အုန်းလုံး - ည အုန်းလုံး
သွားရော့ သင်္ချိုင်းကုန်း … ။

မဟာသြသဓ အာယုဒီဃ ဆေးနည်းကြီး ဆိုပါတော့။
ငယ်ငယ်တုန်းက သူငယ်ချင်း အချင်းချင်း နောက်ပြောင်ပြီး ပြောခဲ့ကြတာပါ။ ဒီစာချိုးလေး ဘယ်က ဘယ်လို ရလာလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ တယောက်ယောက်က တခုခုဖြစ်လို့ ဆေးနည်းပေးမယ်ဆိုရင် အဲဒီ လင်္ကာလေး ရွတ်ပြီး စခဲ့ နောက်ခဲ့ဖူးတယ်။
မန်ကျည်းသီး သုံးပိဿာ၊ ဆား သုံးပိဿာ၊ ကနခို သုံးပိဿာကို မနက်အုန်းသီးလုံးခန့်၊ ည အုန်းသီးလုံးခန့် သောက်လျှင် သင်္ချိုင်းကုန်းသို့ မဆိုင်းမတွ သွားရလတ္တံ့။
အဲဒီလို ပြောတိုင်း သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံခဲ့ရတာပဲ။

ဟိုတလောက ရေးခဲ့တဲ့ “နေထိုင်မကောင်းသော နေ့ရက်များ” ပို့စ်မှာလိုပဲ ကျမက အနောက်တိုင်း ခေတ်မီဆေးဝါးတွေထက် ဆေးမြီးတိုကို အင်မတန် ၀ါသနာပါတာကိုး။ “လော” ကျမ်း တွေ ဘာတွေ ဆိုတာလည်း ဘာမှန်းညာမှန်း သိပ်မသိခင် အရွယ်ကတည်းက စာလုံးပေါင်းပြီး ဖတ်လာတာ။
“ဆူးစူးသော် မခက်လော၊ ခြေမကို တူနဲ့ထုသော် မပျောက်လော ..” ဆိုလား ဘာလား .. မမှတ်မိတော့ပါဘူး။ ကြာလည်း ကြာပြီဆိုတော့ ခပ်မေ့မေ့။

နောက်ပြီး ဥံခံမန်းရတဲ့ ဂါထာတွေဘာတွေ ရှိသေးတယ်။ (ဥုံ မဟုတ်ပါဘူး ဥံ ကအမှန်ပါ၊ ဥ=အု ဆိုတော့ကာ ဥံ ဆိုရင် အုံ ဖြစ်နေပြီးသားမို့ ဥကို တချောင်းထပ်ငင် စရာ မလိုတော့ပါဘူး၊ စကားချပ်)
“ဥံ - လက်ပံပင်ထိပ်ဖျား ဒင်ကျီးနား၊ ဒင်ကျီး ထိုးဟဲ့ ငါးရိုးထွက် …” တဲ့။
မှတ်မိနေတဲ့ ဂါထာတခု ဆိုပါတော့၊ ငါးရိုးစူးရင် အဲဒီဂါထာ ရွတ်ပေးရတယ် ဆိုပဲ။ ဟုတ်မဟုတ် တခါမှ စမ်းမကြည့်ဖူးလို့ မသိပါဘူး။

စာပေ၀ါသနာပါတဲ့ အရွယ်ရောက်တော့ ဂျာနယ်ကျော်မမလေးရဲ့ ဆေးပညာ ဆောင်းပါးတွေဖတ်ပြီး သဘောကျခဲ့ဖူးပါတယ်။ ဂျာနယ်ကျော်မမလေးက လူမမာတွေကို အပူဓာတ် အအေးဓာတ် ခွဲပြီး ကုသတယ်လို့ ဆိုပါတယ်။ လူတယောက်နဲ့ တယောက်က ဓာတ်ချင်း မတူညီကြတဲ့ အတွက် ဆေးကို ပုံသေပေးလို့ မရဘူးတဲ့။ ကျမ မှတ်မိနေတာ တခုကတော့ ကောက်ညှင်းစားရင် လူများစုက ၀မ်းချုပ်တယ် ဆိုပေမဲ့ ၀န်ကြီးချုပ်ဦးနုကတော့ ကောက်ညှင်းစားရင် ၀မ်းသွားပါသတဲ့။ အဲဒီလို သူ့ဓာတ်နဲ့သူ ရှိတယ်ဆိုပါတော့။ သူကုသတဲ့နည်းတွေမှာ ပုခက်စီးတာတို့ ရေစိမ်တာတို့ ဒေါနပန်းရှူတာတို့ အဲဒါမျိုးတွေပါတဲ့အပြင် မီးဖိုထဲက ကြက်သွန်နီတို့ အုန်းဆံဖတ်တို့ကလည်း ဆေးတလက် ဖြစ်နေပြန်ပါတယ်။

“မျက်စိမှာ-ရည်၊ နားမှာ-ဆီ၊ ဒန္တီမှာ-ခါး၊ ၀မ်းမှာ-ပျား”
ဆိုတဲ့ လင်္ကာလေးလည်း လူကြီးတွေ ပြောပြောနေလို့ မှတ်မိနေပါတယ်။
မျက်စိအတွက် ရေက အကောင်းဆုံးဖြစ်သလို၊
နားအတွက်ကတော့ ဆီဖြစ်ပါသတဲ့။
ဒန္တီ (သွား) မှာတော့ အခါးဖြစ်တဲ့ တမာက ကောင်းသလို
ဝမ်းအတွက်ဆိုရင်တော့ ပျားရည်က သင့်တော်တယ်လို့ ဆိုထားခြင်း ဖြစ်ပါတယ်။

စာအုပ်တွေ ဟိုဖတ် ဒီဖတ် ဖတ်ရင်း ဘယ်ကနေ ဘယ်လို ဖတ်မိလည်း မသိတော့တဲ့ ဆေးနည်းလေးတွေလည်း ပြောပြရအုံးမယ်။ စာချိုးလေးတွေနဲ့ ရေးထားလို့ ခုထိ မှတ်မိနေတာပါ။
မျက်စိနာသူတွေအတွက် …
“မျက်စိနာ -ချောင်ပို့၊ ဘုန်းကျည်း လီနဲ့တို့ …” တဲ့
အသံကျယ်ကျယ် ထွက်မဖတ်ပါနဲ့၊ အဓိပ္ပါယ်ကို အရင် ရှင်းပါအုံးမယ်။
မျက်စိနာရင် အလင်းရောင်တို့ နေပူစပ်ခါးတို့ ရှောင်ပြီး မှောင်မှောင်မဲမဲ ချောင်ထဲမှာ နေခိုင်းပါတဲ့။
ဘုန်း = ဘုန်းမသိမ်၊ ကျည်း = မန်ကျည်း၊ လီ = မယ်ဇလီ .. ဒီသုံးမျိုးကို … မည်သို့မည်ပုံ ပြုရမလဲတော့ ကျမလည်း မမှတ်မိတော့ပါဘူး။ ပြုချင်သလိုပြုပြီး နာတဲ့ မျက်စိကို တို့ရမယ် ထင်တာပါပဲ။

သွားကိုက်ရင်တော့ … “ငပိလက်လေးသစ်” တဲ့။
ငပိလက်လေးသစ် ကိုသိပ်ရင် သွားက ပိုတောင် ကိုက်လာမလားဘဲ လို့ အတွေးမမှားလိုက်ပါနဲ့အုံး။
င = ငရုတ်ကောင်း၊ ပိ = ပိတ်ချင်း၊ လက် = လက်ချား၊ လေး = လေးညှင်း၊ သစ် = သစ်ကြမ်းပိုး
ဒါတွေကို မည်သို့မည်ပုံ ပြုရမလဲ မသိတော့ပါဘူး၊ ပြုပြီး ကိုက်တဲ့သွားကို သိပ်ရမယ် ထင်တာပါပဲ။

ကျမတို့ ကိုးကွယ်တဲ့ ဘုန်းကြီး (ကျမကို ပုံပြောပြတဲ့ ဘုန်းကြီး) က ပြောဖူးတာကတော့
မီးတထောင်၊ ပန်းတထောင်၊ အခိုးတထောင်၊ အရွက်တထောင် … ဆောင်ရင် မအိုဘူး ဆိုလားပဲ။ ရုပ်ပျို ကိုယ်နု ဆေး ထင်ပါရဲ့။
မီးတထောင် ဆိုတာက ကျပ်ခိုးပါ၊ (ရှေးက ထင်းမီးဖိုတွေပဲ သုံးတာကြောင့်မို့ မီးဖိုရဲ့ အပေါ်မှာ ကျပ်ခိုးစင်လေး လုပ်ထားလေ့ရှိကြတယ်၊ နေ့စဉ်နဲ့အမျှ မီးမွှေး ချက်ပြုတ်ရင်း ကြာလာတော့ မီးခိုးမှိုင်းတွေက စင်မှာ ကျပ်ခိုးစွဲပြီး မည်းနေပါတယ်။ ဒါကြောင့် ကျပ်ခိုးကို မီးတထောင် လို့ ဆိုပါသတဲ့။)
ပန်းတထောင် ကတော့ ပျားရည်ပါ။ (ဒါကတော့ ရှင်းပါတယ်)
အခိုးတထောင် ဆိုတာကတော့ ရေခိုးရေငွေ့ တဖြစ်လဲ မိုးရေ ကို ဆိုလိုပါတယ်။
အရွက်တထောင် က … ဆိတ်ချေး ပါ။ ဆိတ်တွေက တွေ့ကရာသစ်ရွက်စားပြီး မစင်စွန့်တော့ သူတို့မစင်ထဲမှာ အရွက်တထောင် ပါတယ်ပေါ့။
အဲဒါတွေကိုလည်း မည်သို့မည်ပုံ ပြုရမယ် ဆိုတာ.. ဟုတ်ကဲ့ …. ကျမ မသိပါဘူး။ ကြုံမှပဲ မေးကြည့်ပါအုံးမယ်။

နောက်တခါ မှတ်မိနေတာကတော့ “ဆီးဖြူ၊ ဖန်ခါး ရဟန်းစား” ဆိုတဲ့စကားအရ ဆီးဖြူသီး၊ ဖန်ခါးသီးနဲ့ သျှစ်သျှားသီး သုံးမျိုး (တြိဖလ) ဟာ ရဟန်းတော်တွေ ဆေးအလို့ငှာ သုံးစွဲသင့်တယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးစွဲရမလဲ ဆိုရင် ဒီသုံးမျိုးကို အခြောက်လှန်း၊ ဂေါမုတ္တ ခေါ်တဲ့ နွားကျင်ငယ်ရေနဲ့ အကြာကြီး စိမ်ထားပြီး အဲဒီအရည်ကို ဆေးအဖြစ် သောက်သုံးရတယ်လို့ ကြားဖူးပါတယ်။ ဒါဟာ ဗုဒ္ဓ ခွင့်ပြုတဲ့ ဆေးနည်းလို့လည်း မှတ်သားခဲ့ဖူးပါတယ်။
နွားရဲ့ ကျင်ငယ်ရေထဲမှာမှ နွားနက်ရဲ့ ကျင်ငယ်ရေ ဆိုရင် ပိုပြီး စွမ်းတယ်လို့ သိရတယ်။
ဒါ့အပြင် ဆရာကြီး မင်းသုဝဏ်ရဲ့ ဆောင်းပါးတပုဒ်ထဲမှာ ဖတ်ဖူးတာက ဂျပန်ကြီးတယောက်က သိပ်ကျန်းမာတယ်၊ အသက်ရှည်တယ်၊ ဘာရောဂါမှ မဖြစ်ဖူး၊ ပြီးတော့ သူ့ဦးခေါင်းက ကျွတ်နေတဲ့ ဆံပင်တွေ ပြန်ပေါက်တယ် .. တဲ့၊ သူမှီဝဲတဲ့ ဆေးနည်းမေးတော့ သူက မနက်မိုးလင်းတာနဲ့ ဆီးသွားပြီး အဲဒီဆီးကို ပြန်သောက်တယ်လို့ ပြောပြပါတယ်။ ဒီလို နှစ်ပေါင်းများစွာ ပြုလာတဲ့အတွက် သူဟာ ကျန်းမာ သက်ရှည်ပြီး ထိပ်ပြောင်ခြင်းမှ ကင်းဝေး နေတယ်လို့ ဆိုပါတယ်။ အဲဒီလို ဆေးနည်းသာ သိလိုက်ရပေမဲ့ စမ်းသပ် သောက်ကြည့်ဖို့ တော့ မ၀ံ့ဘူး လို့ ဆရာကြီးက ရေးထားပါတယ်။

ဟုတ်တော့ ဟုတ်မလားမသိ၊ ကျမလည်း စဉ်းစားကြည့်နေတာ၊ ဆေးဘက်ဝင်တယ်ဆိုတဲ့ နွားနက် ကျင်ငယ်ကို ရေးတော့သာ နွားနက် လို့ရေးပေမဲ့ နွားမကို နမ လို့ဖတ်သလို နွားနက်ကို နနက် လို့ အသံထွက် ဖတ်ကြည့် မယ်ဆိုရင် ….
နနက် ကျင်ငယ် ..
နနက် ကျင်ငယ် …
နံနက် ကျင်ငယ် …
အင်း .. နံနက်ခင်းမှာ ပေါက်တဲ့ ကျင်ငယ် ဆိုတာ ဟုတ်ချင်လည်း ဟုတ်မှာပ … သံတူ ကြောင်းကွဲ … အဓိပ္ပါယ် နှစ်ခွ ထွက်တာပဲ၊ လိုသလိုသာ တွေးပြီး ကောက်ယူနိုင်တယ် လို့ တွေးရင်း ဆေးမြီးတို ဇာတ်လမ်း ဤတွင် တခန်းရပ်လိုက်ပါတယ်။
***
မေဓာဝီ
29.3.07
12:45 am

Read More...

Wednesday, March 28, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၁)

သို့
ကိုပြူးကျယ်

အပိုင်း (၁၁)ရောက်လာပြန်ပြီပေါ့ … ။ စာအုပ်ကတော့ ခုမှ တ၀က်ကျိုးပါတယ်။ ဒီစာအုပ်နှယ် ပြီးမပြီးနိုင်ပါလား .. လို့တော့ မညည်းလိုက်ပါနဲ့နော်။ ရှေးဟောင်း ကဗျာ ချစ်မြတ်နိုးသူများအတွက် ကျမ ဘယ်လောက် အပင်ပန်းခံရသလဲ ဆိုတာ ပြောပြရအုံးမယ်။
ဒီနေ့တင်မယ့် တေးထပ်အပိုင်းမှာက ပုံလေးတွေပါတာမို့ စကန်တင်ဖို့ လိုပါတယ်။ ဒီစာအုပ်ကို စကန်တင် ကြည့်လိုက်တော့ စာအုပ်ကထူထူထဲထဲနဲ့ ခပ်ရွဲရွဲဖြစ်နေပြီမို့ စကန်တင်ဖို့က မလွယ်ပါဘူး။ ကျမ အသုံးမကျတာလဲ ပါတာပေါ့လေ။ တင်လိုက်တိုင်း အဆင်မပြေတာနဲ့ နောက်ဆုံးတော့ မိတ္တူဆွဲပြီးမှ စာရွက်ကို ပြန်ပြီး စကန်ဖတ်လိုက်ရပါတယ်။ မိတ္တူဆွဲရတာလည်း သိပ်မလွယ်လှပါဘူး။ အတွင်းသားတွေ မည်းမနေအောင် စာရွက်တွေထိုး ဟိုခု ဒီခံနဲ့ …နောက်ဆုံးတော့ အခုမြင်ရမယ့်ပုံအတိုင်းပါပဲ၊ မပြေမပြစ်စွာနဲ့သာ ကျေနပ်လိုက်ရ ပါတော့တယ်။ စကန်တင်ပြီးချိန်က ည ၁၂ နာရီကျော်နေပြီ။ အခု .. စာစရိုက်တော့ ၁၂နာရီ ၁၅ မိနစ်ပေါ့။
အဲဒီလောက် ပင်ပန်းခံတယ် ဆိုပြီး ပြောနေတာ အကြောင်းမဲ့တော့ မဟုတ်ပေါင်၊ ဖတ်သူတွေများ သနားမလားလို့ပါ။
ကဲ … ကဲ … နိဒါန်းပျိုးတာတွေ ခဏရပ်ပြီး တေးထပ်အကြောင်း ဆက်ရေးလိုက်ပါအုံးမယ်။
***
ဟိုတပတ်က ပုလဲသွယ်တေးထပ် ပြီးတဲ့နောက် အခုပြမယ့်တေးထပ်နည်းက ပဒေသာ တေးထပ် ဖြစ်ပါတယ်။
အောက်ပါ ပုံကိုကြည့်ပါ။

ဒီပုံကိုကြည့်ရင် ဘာကြီးလဲ .. ဘယ်လိုဖတ်ရမှာလဲ … လို့ အူကြောင်ကြောင်တွေ ဖြစ်ကုန်မှာပဲ။ ဒီလို ဖတ်ရပါသတဲ့။

လေးတဖေ-ဆွေးပွေခ၊ လေးမေလှ-တွက်တာ၊
ကွဲလေရ-မသက်သာတယ်၊ ကွဲရတာ-အမြဲ၊
ပါပနှင့်-မာနထန်၊ ပါပကံ-စိတ်မှတ်လို့စွဲ။
စမ်းမက-သီတာရေ၊ စမ်းဖြာဝေ-တနဲ၊
မူရာဉာဏ်-ပိုကဲလို့၊ မူမလွဲ-မူရှာ၊
တော်ကညာ-တော်ရှာ၍၊ တော်ပါပေ့-ခင်ပျို့သက်လျာ။
လှဲ့ကျလို့-နွဲ့ရတာကို၊ လှဲ့ပြကာ-ခင်ခင်နွဲ့တော့၊
မြင်ချင်တဲ့-တဖေနော်၊ မြင်လို၍-မျှော်၊
မြင်စမ်းပ-ခင်နွဲ့ဖော်ရယ်၊ မြင်လှဲ့တော်မူစမ်းပါကွဲ့လေး။ … ။

ဒါက နောက်တပုဒ်ပါ။

ခုလို ဖတ်ရပါမယ်။

လေးဒီသာ-ဌာန၊ လေးပါယ-ကင်းစေ၊
ပွင့်သမျှ-ပန်းအနေ၊ ပွင့်ပါစေ-မျက်ထား၊
ပန်းရနံ့-တလှိုင်လှိုင်၊ ပန်းခိုင်ခိုင်-သင်းပျံ့အလား။
အောင်နမော-အောင်ဗုဒ္ဓါ၊ အောင်သြဘာ-ဆင့်ပွါး၊
ပြေပေါ်မှာ-ကျော်ကြားလို့၊ ပြေသူများ-ကြည်ဖြူ၊
သပြေဆို-ညိုညိုလန်းရယ်နှင့်၊ သပြေပန်း-ဗုဒ္ဓတင်လှူ၊
အောင်ဇေတု-အောင်ဆုကူတယ်၊ အောင်မှုဟူ-အောင်ဟိတ်နှင့်၊
အောင်နိမိတ်-အောင်ဘိသေ၊ အောင်စေ့-အောင်စေ၊အောင်သမှု-အောင်ဆုချွေတယ်၊ အောင်သပြေ-အောင်ပန်းပွင့်လေး။ … ။

နောက်တနည်းက စကြာတေးထပ်ပါ။
အခုဖော်ပြမယ့်ကဗျာက နှစ်ထပ်ကျော့ စကြာတေးထပ် ဖြစ်ပါတယ်။

အခုလို ဖတ်နိုင်ပါတယ်။

လွမ်းစပွေ-လွမ်းလေတော့၊ လွမ်းခွေပျော့-ညှိုးမှိုင်၊
လွမ်းငွေဖော့-တိုးလှိုင်တယ်၊ လွမ်းအိုးဒိုင်-ပေါက်ကွဲ၊
လွမ်းတဖေ့-လွမ်း၍နေတယ်၊ လွမ်းလေ့လေ-လွမ်းရအမြဲ။
လွမ်းတတ-လွမ်းရရှာ၊ လွမ်းကသာ-လွန်ကဲ၊
လွမ်းကြွကာ-ချွန်သဲ၍၊ လွမ်းစွန်ပွဲ-ပြိုင်ကာ၊
လွမ်းညှိုးပွေ-လွမ်းဝေလျက်၊ လွမ်းခွေလျက်-လွမ်းရခါခါ။
လွမ်းတွက်ကြောင့်-လွမ်းခက်ဖြာတယ်၊ လွမ်းစက်ပါ-ပျော်ဘဲမို့၊
လွမ်းသော်လဲ-လွမ်းပြေပေါင်၊ လွမ်းစတွေ-ထောင်။
လွမ်းမီးက-လွမ်းပြီးလောင်းတယ်၊ လွမ်းသည်းခေါင်-ကျွမ်းလှုပေါ့လေး။ … ။

ဒီတပုဒ်ကတော့ လေးထပ်ကြော့ စကြာတေးထပ်ပါ။

ဒီလိုဖတ်ပါ။

ချစ်အာရုံ-ချစ်ဇောနှင့်၊ ချစ်အပြော-ချစ်ဆို၊
ချစ်မနော-ချစ်ကိုယ်ငယ်၊ ချစ်အပို-ချစ်ဆဲ၊
ချစ်ဆန္ဒ-ချစ်အာသာ၊ ချစ်ခါခါ-ချစ်ကပိုကဲ။
ချစ်မ၀-ချစ်စစ်ပါတယ်၊ ချစ်မေတ္တာ-ချစ်စွဲ၊
ချစ်သစ္စာ-ချစ်မြဲလို့၊ ချစ်အသဲ-ချစ်ပုံ၊
ချစ်ရာထောင်-ချစ်သိန်းသန်း၊ ချစ်ကိန်းခန်း-ချစ်လို့မကုန်။
ချစ်ပြီးရင်း-ချစ်အဟုန်ငယ်၊ ချစ်နှစ်စုံ-ချစ်ပေါင်းလို့၊
ချစ်အဟောင်း-ချစ်သစ်တွေ၊ ချစ်စို့-ချစ်ကေ၊
ချစ်သမို့-ချစ်မသွေတယ်၊ ချစ်တမေ-ချစ်အုံးဗျလေး။ … ။

ဖော်ပြခဲ့ပြီးတဲ့ တေးထပ်ဆန်း၊ တေးထပ်ကြီး၊ ပိုဒ်စုံ၊ ပုလဲသွယ်၊ ပဒေသာ၊ စကြာ .. စတဲ့ တေးထပ်တွေဟာ ကဗျာစည်းကမ်း နိုင်နင်းကျွမ်းကျင်တဲ့ ကဗျာဆရာတွေရဲ့ ကဗျာဉာဏ် ကွန့်မြူးဆန်းကြယ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကဗျာစည်းကမ်းနဲ့ မဆန့်ကျင်ရင် ဒီ့ထက်ပို ကွန့်မြူး ဆန်းကြယ်နိုင်ခွင့် ရှိတယ်လို့လည်း ရေးထားပါသေးတယ်။
ဒီတပတ် တေးထပ်အခန်းကိုတော့ ကျမ်းပြုသူ ဓမ္မာစရိယ ဦးထွန်းရွှေရဲ့ ဆုတောင်းစကားနဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေရှင်…။

“ကဗျာဉာဏ် ကွန့်မြူး၍ အထူးအဆန်း စီကုံးလိုကုန်သော သူတို့သည် ကဗျာစည်းကမ်းကိုလည်း မဆန့်ကျင်စေမူ၍ အဓိပ္ပါယ်လည်းပါ, ကာရန်လည်းမိ,ငြိသည်ထက်ငြိ, ထိသည်ထက် ထိ၍ အကောင်းဆုံး ကဗျာ ဖြစ်စေရန် အထူးဂရုစိုက်၍ ကဗျာဉာဏ် အညွန့်အဖူးတို့ကို တလွန့်လွန့်ဖြင့် ခူးခူးပြီး ကွန့်မြူး ဆန်းကြယ် နန်းမပြယ်အောင် မှန်းရွယ် စီကုံးနိုင်ကြပါစေ ကုန်သတည်း။”
***
မေတ္တာဖြင့် …
မေဓာဝီ
28.3.07
10:45 am

Read More...

Tuesday, March 27, 2007

မတ်လ တော်လှန်ရေး ...

ဒီနေ့ …တော်လှန်ရေးနေ့။
ပြက္ခဒိန်ထဲမှာတော့ တပ်မတော်နေ့ပေါ့။
ဘယ်လိုပဲ အမည်ပြောင်းထားပေမဲ့ ကျမကတော့ တော်လှန်ရေးနေ့လို့သာ စိတ်ထဲ စွဲနေမိတယ်။
(ဖက်ဆစ်) ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့မို့ တော်လှန်ရေးနေ့လို့ သတ်မှတ်ခဲ့တာ မဟုတ်လား။ ထားပါတော့ …. ခုချိန်မှာတော့ သမိုင်းတွေကိုလည်း ပြောင်းချင်သလို ပြောင်းနေချိန်ဆိုတော့ တော်လှန်ရေးနေ့က တပ်မတော်နေ့ ဖြစ်တာ အထူးအဆန်း မဟုတ်တော့ သလိုပါပဲ။

ငယ်ငယ်တုန်းကတော့ ခုလိုတော်လှန်ရေးနေ့ဆိုရင် မှတ်မိနေတာက မနက်စောစော စစ်သားတွေ ချီတက်တယ်၊ တချို့လူတွေက ပန်းကုံးစွပ်ကြတယ်၊ ညဆိုရင် တော်လှန်ရေးပန်းခြံမှာ မီးရှူး မီးပန်းဖောက်ကြတယ်၊ ကျမတို့က တခါတလေ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်၊ တခါတလေလည်း အိမ်ပေါ်ထပ်ကပဲ မီးပန်းဖောက်တာတွေ ကြည့်ပြီး ဟေးကနဲ ဟေးကနဲ အော်ကြတယ်။ မီးပန်းဖောက်သံ တထိန်းထိန်း ကြားရင် အလိုလို စိတ်ထဲ တက်ကြွလာတယ်၊ ပျော်မိတယ် … အော်မိတယ်။ အဲဒီလောက်ပါပဲ … ဘာရယ်ညာရယ် သိပ်မသိပါဘူး၊ တော်လှန်ရေးနေ့ အနှစ်သာရဆိုတာ ကလေးဘ၀ကတော့ မီးရှူး မီးပန်းတွေ မြင်ရလို့ ပျော်တာတခုပါပဲ။

နောက်ပိုင်း တဖြည်းဖြည်း အသက်ကြီးလာတော့ ငယ်တုန်းကလို လွတ်လပ်ပေါ့ပါးတဲ့ စိတ်မရှိတော့လို့ပဲလား တော့မသိ။ ဒါကိုလဲ ပျော်စရာ မမှတ်တော့ပါဘူး။ တော်လှန်ရေးနေ့နီးရင် စစ်ရေးပြလေ့ကျင့်ကြလို့ လမ်းတွေပိတ်တော့ သွားရလာရ ဒုက္ခရောက်တယ်လို့သာ စိတ်ထဲရှိတော့တယ်၊ ၀ိဇယပလာဇာမှာ အလုပ်လုပ်တုန်းကဆို လမ်းပိတ်ထားလို့ အဝေးကြီး လမ်းလျှောက်ပြီး ရုံးကို သွားခဲ့ရတာ မှတ်မိနေပါသေးတယ်။ ခုတော့ မြို့တော်သစ်မှာ ကျင်းပတာမို့ အဲဒီတုန်းကလို ဒုက္ခတွေ ရန်ကုန်မြို့သူ မြို့သားများ မခံစားရတော့ဘူးပေါ့။

တော်လှန်ရေးနေ့နဲ့ ပတ်သက်ရင် ဆရာကြီး ဒဂုန်တာရာရဲ့ မတ်လ တော်လှန်ရေး ကဗျာကို အမြဲ အမှတ်ရမိပါတယ်။ ကဗျာစာအုပ်ကိုရှာဖို့ အချိန်မပေးနိုင်လို့ စိတ်မကောင်းဖြစ်နေတုန်း ရိုးမ မှာ ဒီကဗျာလေးကို တွေ့လိုက်ရလို့ ၀မ်းသာသွားပါတယ်။ စာလုံး အမှားလေးတွေ နည်းနည်းပြန်ပြင်ပြီး တင်ပေးလိုက်ပါတယ်။
ဖတ်ကြည့်ကြပါအုံး … ။


“မတ်လ တော်လှန်ရေး”

မိုးကုပ်ကုပ်ဝယ်
အို...ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ၊ ဟ ... ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အရုဏ်ပေါ်စ ဝိုးတဝါး။

မှုန်မွှားမွှားလျှင်
ဝိုးဝါးတိတ်ဆိတ်၊ ကြယ်ရောင်ရိပ်ဝယ်
မြစ်ဆိပ်နှင့်လည်း၊ မနီးမဝေး
ချောင်းရိုးဘေးမှ၊ ဖြည်းဖြည်းညင်းညင်း
လှေတစ်စင်းထက်၊ တောတွင်းသားပျို
ဖျင်လက်တိုနှင့်၊ ကိုယ်ကိုဝပ်၍
စိုက်စိုက်ရွေ့သည်၊ ခြောက်သွေ့မြက်ထုံး
ကောက်ရိုးဖုံးလျက်၊ ကွယ်ပုန်းဝှက်လာ
ယူကာလက်ထောက်၊ အလျားမှောက်သည်
လှေအောက်ဝမ်းမှ စက်သေနတ်။

အမှောင်ရိပ်ဝယ်
မှေးမှိတ်ငြိမ်သက်၊ ချောင်းကွေ့ထက်တွင်
အုပ်ယှက်ထွေးရော၊ သင်ပေါင်းတော၏
နောက်ကျောစေးပျစ်၊ သောင်ရေစစ်မှ
ဖက်ဆစ် ကင်းစောင့် စစ်စခန်း။

ချောင်းကိုကွေ့သော်
တွေ့လျှင်တွေ့ချင်း၊ မြေငူရင်းသို့
ချဉ်းကပ်လှော်ကာ၊ နီး၍လာလျှင်
အသာရုတ်ချင်း၊ တိတ်ဆိတ်မင်းကို
ဖြိုခွင်းပြင်းထန်၊ သေနတ်သံသည်
မြစ်ယံပဲ့တင်ထပ်သတည်း။

ငွေလရောင်လျှင်
အမှောင်ညရိပ်၊ သေးသေးစိပ်သား
မိုးထိပ်တိမ်မော်၊ ငြိမ့်ငြိမ့်ပေါ်သည်
စန္ဒော်ပြုံးလှည့်၊ ငုံ့ကာကြည့်ရှင့်
ထွန်းသည့်ညဥ့်ခါ၊ ထိန်ထိန်သာသော်
ကျယ်စွာဝန်းလျား၊ လယ်ကွင်းနားမှ
တောဖျားညိုအုပ်၊ မှိတ်တုတ်တုတ်လျှင်
ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းစက်စက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။

ရွာတစ်ရွာကား
မှိုင်းပြာမည်းညို့၊ မီးရှို့လောင်ကျွမ်း
တင်းဝင်ရမ်းကြောင့်၊ ပရမ်းပတာ
ထွက်ပြေးရှာရ၊ လဟာသွေ့သွေ့
ခိုးငွေ့ဝေဝေ၊ မီးလောင်မြေမှ
နွမ်းခွေပျောင်းယဲ့၊ ညင်းလေဖွဲ့က
သဲ့သဲ့ခွေးဟောင်သံတကား။

ခရေပွင့်လျှင်
ကြွေရင့်ဝါဝါ၊ မြေ၌မှာလျှင်
ရောကာပေါင်းယှက်၊ ဟောင်းသစ်ရွက်နှင့်
တစ်ဝက်မောင်းနီ၊ ဝေ့လည်လည်ကို
လေချီသုတ်ဖြူး၊ နီဝါကူးသည်
နွေဦးပေါက်မို့ ရော်ရွက်ကြွေ။

ရင့်ကြွေညောင်းသည်
ရွက်ဟောင်းစွန့်ပစ်၊ ဘဝသစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မီသည်
အနီထဲမှ ကြယ်ဖြူပွင့်။ ။

တာရာမဂ္ဂဇင်း (၁၉၄၇)
***
၂၇ မတ် ၂၀၀၇
၆၂ နှစ်မြောက် တော်လှန်ရေးနေ့

Read More...

ပိတောက်ဦး ...


ဒီကနေ့ ပွင့်တဲ့ ဦးဦးဖျားဖျား ပိတောက်ပန်းလေးပါ။
မနက် အမေဈေးသွားတော့ ၀ယ်လာပြီး ဘုရားတင်ထားတဲ့ ထဲက
နည်းနည်း ပြန်စွန့်ယူပြီး တင်လိုက်ပါတယ်။

***
27.3.07
11:05 am
***
နောက်ဆက်တွဲ …

မနက်က ကမန်းကတန်းနဲ့မို့ ဒီကဗျာလေးကို တင်ချင်ပေမဲ့ မတင်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် အခုထပ်ပြီး ဖြည့်စွက် တင်ပေးလိုက်ပါတယ်။ အားလုံးသိကြတဲ့ ဆရာဇော်ဂျီရဲ့ “ပိတောက်ပန်း” ကဗျာလေးပါ။

ပိတောက်ပန်း ကဗျာကို ရေးဖြစ်ရခြင်းအကြောင်းကို ဆရာဇော်ဂျီက ခုလိုပြောခဲ့ပါသတဲ့။

“… ပိတောက်ပန်း ကဗျာကို ရေးဖြစ်တာကတော့ ပထမနှစ် ဘီအေတန်း ကျောင်းပိတ်တော့ အိမ်ပြန်လာရတယ်၊ အိမ်ခေါင်းရင်းမှာ ပိတောက်ပင်ကြီးရှိတယ်။ ဆရာကတော့ အမှတ်တမဲ့ပဲ။ မနက်အစောကြီး အိမ်ခေါင်းရင်းမှာ ဆူဆူညံညံ အသံတွေ ကြားရတယ်၊ သင်္ကြန်ရက်မို့ ပွင့်နေတဲ့ ပိတောက်ပန်းတွေကို ခူးကြ ချိုးကြနဲ့ကိုး။ အသံတွေ တိတ်သွားလို့ ပိတောက်ပင်ကြီးကို ကြည့်လိုက်တော့ ကိုင်းတွေကကျိုး၊ အရွက်တွေကြွေနဲ့ အရုပ်ဆိုးပြီး ကျန်ခဲ့တာကို တွေ့ရတယ်။ ဒီကနေ အတွေးတွေ ရလာတယ်။ တနှစ်မှာ တခါပွင့်တဲ့ ပိတောက်ကို မခူးစေချင်ဘူး။ သူလည်း သူ့အပင်မှာ အလှဂုဏ် ၀င့်ချင်မှာပဲလို့ တွေးမိပြီး ဒီကဗျာကို ရေးခဲ့တယ်။ ပန်းတွေကို အကြောင်းပြုပြီး ပြောပေမဲ့ အနှိပ်စက်ခံ အညှဉ်းပမ်း ခံရသူတွေ ဘက်ကို လိုက်ပြီး ရေးတာပဲ။ …”

ပိတောက်ပန်း

မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပေါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလဲလေ လောကီသားလို့ပ
ကြွားချင်လှ ပေလိမ့်မယ်။

တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပ သတိဆွယ်
ရည်ရွယ်တော့ လေသလား။

ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပ
အရေးအခါ သာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်း ပိတောက်များ။ … ။

တက္ကသိုလ် ကျောင်းတိုက် မဂ္ဂဇင်း (မတ် - ၁၉၂၈)
***
ပထမဆုံး ပိတောက်ပွင့်တဲ့ နေ့မို့ ဒီကဗျာလေးကို အမှတ်တရ ဘလော့မှာ တင်လိုက်ရင်း ကဗျာရှင် ဆရာဇော်ဂျီကို ဦးညွှတ် ကန်တော့လိုက်ပါတယ်။
***
မေဓာဝီ
၂၇.၀၃.၂၀၀၇
၃း၂၅ နာရီ

Read More...

Monday, March 26, 2007

ကျီးသာချိန် အတွေး ...

မနေ့ည ၁၂ နာရီလောက်က မအိပ်ခင် စာဖတ်နေတုန်း ကျမအခန်း ပြတင်းပေါက်ကနေ ကျီးအာသံ ကြားလိုက်ရပါတယ်။ လေးလေးမှန်မှန်နဲ့ တအာအာ အော်နေတဲ့ ကျီးသံကြောင့် စာဆက်မဖတ်တော့ပဲ ကျီးသံကို နားထောင်နေလိုက်မိတယ်။ ညကြီးမင်းကြီး ကျီးသာတော့ နည်းနည်း ထူးဆန်းသလိုလို အရှိသား။
ဧကန္တတော့ ကံ့ကော်ပင်ကြီးပေါ်မှာ ကျီးအသိုက် ရှိနေပုံရပါတယ်။ ညဘက်ကြီး ဒီကျီးက ဘာလို့ အော်နေရတာပါလိမ့်။

ကျီးသာရင် ဧည့်ကောင်း စောင်ကောင်း လာတတ်တယ်လို့ ငယ်ငယ်ထဲက လူကြီးတွေ ပြောဖူးတာ ကြားခဲ့ဖူးပါတယ်။ ခုလို ညဘက်မှာ ကျီးသာတာ ဧည့်သည် လာမလာတော့ မသိပါဘူး။
ကျမကတော့ စာဖတ်ရင်း ကျီးအာသံကို နားထောင်နေရင်းနဲ့ ငယ်ငယ်တုန်းက ရွတ်ခဲ့ ဆိုခဲ့ဖူးတဲ့ ကဗျာလေးတွေကို အမှတ်ရမိတာနဲ့ ဒီစာလေးကို ရေးဖြစ်သွားပါတယ်။

တိရစ္ဆာန်လေးတွေရဲ့ အမူအကျင့်လေးတွေကို ကလေးတွေ သိရှိနားလည်အောင် ဖွဲ့ထားတဲ့ ကဗျာလေးပါ။ ငယ်ငယ်က အားလုံး ဆိုခဲ့ဖူးကြမှာပါပဲ..။ သိပ်ချစ်ဖို့ကောင်းတဲ့ ကဗျာကလေး၊ ရွတ်နေရင်းနဲ့ မျက်စိထဲမှာ မြင်ယောင်လာစေတဲ့ ကဗျာလေးတပုဒ်ပေါ့။ သံစဉ်လေးနဲ့ သီချင်းလိုလည်း သီဆိုခဲ့ နားထောင်ခဲ့ဖူးပါတယ်။

ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ယောင်၊
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်၊
ရွှေဇီးကွက်ရဲ့ အိနြေ္ဒ
ဘုရင်ကြီးလိုနေ၊
မိုးလေတွက်ကာ ဗေဒင်ဟော
တောက်တဲ့ ကိုလူချော၊
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်တတ်တယ်ဆို၊
ရွှေကျီးညို သာပါစ
ဧည့်သည်လာပါစ။ … ။


ဒီကဗျာလေးနည်းတူပါပဲ … အဖေက ကဗျာတပုဒ် ရေးဖွဲ့ခဲ့ပါသေးတယ်။ အဲဒီကဗျာကတော့ တိရစ္ဆာန်လေးတွေ အော်တတ်တဲ့ အသံနဲ့ စားတတ်တဲ့အစားစာ လေးတွေကို ကဗျာဖွဲ့ထားတာပါ။ ကဗျာအမည်က
“သားသားပေးတဲ့ အလှူကြီး” တဲ့။

ကျီးကလေး တအာအာ
ထမင်းခဲလေး ပစ်ကျွေးမှာ၊
ကြောင်နက်ပြာ ညောင်သံပေး
နို့ချိုတိုက်မယ်လေး၊
ခွေးကလေး တဟောင်ဟောင်
အမဲရိုးကို ယူပါမောင်၊
နားရွက်ထောင် ငွေရောင်သွေး
ဖိုးရွှေယုန်လေး မြက်နုကျွေး၊
ကြက်တူရွေးလေး သံစာစာ
စကားတီတာ ပြောနေရှာ၊
ယူလှည့်ပါ ငှက်ပျောသီး
သားသားပေးတဲ့ အလှူကြီး။ … ။


ဒီကဗျာကို အဖေရေးတော့ ကျမတို့ ကလေးဘ၀ပဲ ရှိပါသေးတယ်။ အဖေ့မိတ်ဆွေကြီးက ဒီကဗျာကို သံစဉ်သွင်းပေးပြီး ကလေးတွေကို သီဆိုစေကာ ရေဒီယိုက ကလေးကဏ္ဍမှာ အသံလွှင့်ခဲ့ဖူးပါတယ်။ ဓာတ်ပြားရခဲ့ဖူးတဲ့ ကလေးသီချင်း တပုဒ် ဆိုပါတော့။

နောက်ထပ် သတိရမိတဲ့ ကဗျာတပုဒ်ကတော့ …
“ကျီးဖြူ ကျီးမဲ” ကဗျာလေးပါ။

ကျီးဖြူ ကျီးမဲ တကောင်ထဲ
ကျီးမဲ ဒီမှာနေ ..
ကျီးဖြူအိမ် ဘယ်မှာဆောက်
ဟောဒီမှာ ဆောက် …
အာလောက်လောက် .. အာလောက်လောက်

ကလေးလေးတွေကို ဒီကဗျာလေးဆိုပြရင် သိပ်သဘောကျကြပါတယ်။ သူတို့လက်ကလေးတွေကို ယူပြီး လက်ဖျားလေးကစလို့ လက်ညှိုးနဲ့ ထောက်ထောက်ပြီး ဆိုရင်း အာလောက်လောက် နေရာလဲရောက် .. သူတို့ချိုင်းကလေးကို ကလိထိုးရင် တခစ်ခစ်နဲ့ ရယ်ကြပါလေရော။

ဒီကဗျာလေးတွေကို ကြည့်ပြီး ကလေးတွေအတွက် ကဗျာရေးဖွဲ့ကြတဲ့ အခါမှာ တိရစ္ဆာန်လေးတွေကို သနားကြင်နာတတ်အောင် ချစ်တတ်အောင် နှစ်သက်စဖွယ် ရေးဖွဲ့ကြတာကို သတိထားမိပါတယ်။ ကြောက်ဖို့ကောင်းတဲ့ တောက်တဲ့ တို့ ပုတ်သင်ညို တို့ကိုတောင် ချစ်ဖို့ကောင်းအောင် ရေးခဲ့ကြတာပဲ။

တကယ်တော့ ကျီးကို အပြင်မှာဆို ကျမ မနှစ်သက်ပါဘူး။ အရောင်အဆင်းက မွဲမွဲ၊ အော်သံက ခြောက်ကပ် အက်ကွဲကွဲ၊ နှုတ်သီးကကောက်ကောက်၊ မျက်လုံးက ဂနာမငြိမ် ကျီးကန်းတောင်းမှောက်။ ပြီးရင် လိုက်လိုက် ထိုးတတ်သေးတယ်။ သူတို့သားပေါက်ချိန်မှာ အသိုက်ရှိတဲ့ သစ်ပင်အောက်က ဖြတ်ရင် ခေါင်းကို လိုက်ထိုးတာ ခံရတယ်၊ ပြီးတော့ လူပေါ်တည့်တည့် အညစ်အကြေး စွန့်လား စွန့်ရဲ့။ အဲဒီလို သူ့အမူအကျင့်တွေ မကောင်းပေမဲ့ ကလေး ကဗျာတွေထဲမှာတော့ ကျီးကလေးတွေက ချစ်စရာ ကောင်းနေပါတယ်။

ကဗျာထဲက ကျီးကလေးတွေကို တွေးနေမိရင်း အမေပြောခဲ့ဖူးတဲ့စကားကို သတိရမိပါတယ်။

“အမေ့ အဘွားတို့ အမေတို့က ကျီးကို ကျီးကန်း ဆိုပြီး မခေါ်ကြဘူး၊ ရွှေကျီးတို့ ကျီးညိုတို့ ဆိုပြီးပဲ ပြောကြတယ်။ ကျီးဟာ နဂိုကလည်း အရောင်အဆင်းကမလှ တဲ့အပြင် အမူအကျင့်ကလည်း အလစ်ချောင်းပြီး ခိုးစားတာတို့ အမှိုက်ပုံက စွန့်ပစ်တာတွေ နှိုက်တာတို့ လုပ်တတ်သေးတယ်၊ ဒါပေမဲ့ ဒါဟာ သူ့သဘာဝပဲ၊ ဒီလို သူ့သဘာဝ အလျောက်ဖြစ်နေတာကို လူတွေက ပစ်ပယ်ကြ မုန်းတီးကြတယ်၊ ကျီးကန်း ဆိုပြီး နှိမ်နှိမ်ချိုးချိုး ခေါ်ဝေါ်ကြတယ်၊ တကယ်တော့ သူတို့မှာလည်း ကောင်းကွက်လေးတွေ ရှိပါတယ်။ အမျိုးကို ထိရင် မခံဘူး၊ ကိုယ့်အမျိုးကို စောင့်ရှောက်တယ် မဟုတ်လား။ ဘယ်တော့မဆို တယောက်ရဲ့ ဆိုးကွက် ဟာကွက် အားနည်းချက်ကိုပဲ မကြည့်ရဘူး၊ မထောက်ရဘူး၊ ကောင်းတဲ့အချက်ကလေးကို ကြံဖန်ရှာပြီး တွေးတတ်ရတယ်”

အမေပြောတာ ဟုတ်ပါရဲ့။
ကျမတို့ဟာ တစုံတယောက်ရဲ့ အားနည်းချက်၊ ဆိုးတဲ့အချက်တွေကိုသာ မြင်ကြ တွေ့ကြ အပြစ်တင်ကြပြီး သူ့ရဲ့ ကောင်းတဲ့ အချက်ကလေးတွေကိုတော့ လစ်လျူရှုတတ်ကြပါတယ်။ တကယ်တမ်း … လူတိုင်းဟာ ခြောက်ပစ်ကင်းမှ မဟုတ်ဘဲလေ။ အကောင်းအဆိုး ဒွန်တွဲနေတာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် လူ့ဘ၀သက်တမ်း တိုတိုလေး တလျှောက်မှာ အဆိုးတွေ အများကြီး မလုပ်မိဖို့က အရေးကြီးတယ်လို့ ထင်တာပါပဲ။ တော်ကြာ ကြံဖန် နှစ်သိမ့်ဖြေတွေးစရာ ကောင်းတဲ့အချက် တခုတလေလောက်ကို ရှာမတွေ့မှာ စိုးလို့ပါ။

ကျီးသာသံ ကြားရင်းနဲ့ တွေးမိတွေးရာတွေ တွေးရင်း ရေးလိုက်မိတာမို့ … ကျီးသာချိန် အတွေး လို့ အမည်ပေးလိုက်ပါတယ်။ ကျီးသာချိန် အတွေးဆိုတော့လည်း … ကံ့ကော်ပင်ထက်က အော်နေတဲ့ ကျီးသံလိုပဲ ခပ်လေးလေးဆိုပါတော့။
***
မေဓာဝီ
26.3.07
12:15 pm

Read More...

Sunday, March 25, 2007

တွေးမိတွေးရာ အတွေးများ … (၃)

အခုဖော်ပြမယ့် စာကတော့ တွေးမိတွေးရာ အတွေးများ ခေါင်းစဉ်နဲ့ ကျမရေးခဲ့တဲ့ စာ နံပါတ် (၃) ပါ။ နေးတစ်ဖိုရမ်မှာ ၂၀၀၆၊ သြဂုတ်လ ၆ ရက် နေ့က တင်ခဲ့ဖူးပါတယ်။ တွေးမိတွေးရာ အတွေးများ (၁) နဲ့ (၅) ကိုတော့ ကျမဘလော့မှာ တင်ခဲ့ပြီးပါပြီ။ ဒီနေ့အဖို့ မအားလပ်တာကြောင့် အသစ်မရေးနိုင်တဲ့အတွက် ရေးပြီးသားထဲ ပြန်မွှေနှောက်ရင်း မတင်ရသေးတဲ့ နံပါတ် ၃ ကိုတွေ့လို့ တင်လိုက်ပါတယ်။
***
၂၀၀၆၊ သြဂုတ်လထုတ် လိုက်ဖ်စတိုင် မဂ္ဂဇင်းထဲမှာ ကံချွန်ရေးတဲ့ဆောင်းပါးတပုဒ်ဖတ်လိုက်ရပါတယ်။
မေးခွန်းများနှင့် ကြိုဆိုခြင်း .. ဆိုတဲ့ခေါင်းစဉ်ပါ။
ဝန်းကျင်အသိုင်းအ၀ိုင်းနဲ့နေထိုင်သူတိုင်း မေးခွန်းများနဲ့ မကင်းနိုင်ကြောင်း၊ မေးခွန်းတွေကို ရှောင်လွှဲလို့မရ ရင်ဆိုင်ရမှာဖြစ်ကြောင်း၊ မေးခွန်းမေးတဲ့သူဟာ မသိလို့မေးခြင်းနဲ့ သူသိရက်နဲ့ ကိုယ်သိရဲ့လားလို့ (ပညာစမ်းလို၍)မေးခြင်းမျိုးရှိကြောင်း၊ မမေးသင့်တာမေးမိလို့ လူမှုဆက်ဆံရေးမှာ ပြဿနာများပေါ်နိုင်ကြောင်း၊ မေးခွန်းတွေမှာ စေတနာပါသင့်ကြောင်း၊ အဖြေရခက်တဲ့မေးခွန်းမျိုး မမေးသင့်ကြောင်း၊ မေးခွန်းကိုလက်နက်သဖွယ် မသုံးသင့်ကြောင်း၊ မေးခွန်းနဲ့ မထိုးနှက်သင့်ကြောင်း .. စသည် စသည် ရေးသားထားပါတယ်။
အဲဒီဆောင်းပါးလေးဖတ်ပြီး မေးခွန်းမေးခြင်းနဲ့ပတ်သက်လို့ မကြာသေးခင်က ကျမရေးထားတဲ့ ဆောင်းပါးတပုဒ်ကို သတိရတာနဲ့ ဖော်ပြလိုက်ပါတယ်။ ကျမရေးထားတဲ့ဆောင်းပါးကတော့ ကလေးတွေ (လူငယ်တွေ) ရဲ့ မေးခွန်းများနဲ့သာပတ်သက်ပါတယ်။ လူကြီးတွေရဲ့ ကတ်သီးကတ်သတ် ထိုးနှက်တဲ့ မေးခွန်းတွေကို မဆိုလိုပါဘူး။
ဖတ်ကြည့်ပြီး ဝေဖန် ဆွေးနွေးပေးကြပါဦး။

(ဒါကတော့ နေးတစ်မှာရေးခဲ့တဲ့ နိဒါန်းပါ)
***
လစ်လျူရှုထားသင့်ပါလား

တရက် .... ကလေးတွေကို ကွန်ပျူတာသင်တော့ spelling checking လုပ်တဲ့ သင်ခန်းစာကို သင်ရပါတယ်။
“တခါတလေ ကိုယ့်ရဲ့စာလုံးပေါင်းက မမှားဘဲနဲ့ ကွန်ပျူတာက သူ့ရဲ့ dictionary ထဲမှာမရှိလို့ ဒီစာလုံးကို မသိဘူးဆိုရင် မှားတယ်လို့ ပြတတ်တယ်၊ အဲဒီလိုအမှားပြနေပေမဲ့ ကိုယ်က မမှားဘူးဆိုရင် ပြင်စရာ မလိုဘူး၊ ignore လုပ်ရမယ် ..လစ်လျူရှုလိုက်ရမယ်” လို့ ကျွန်မက ကလေးတွေကို ရှင်းပြတယ်။
အဲဒီအခါမှာ ကလေးတယောက်က ထမေးတယ်။
“တီချယ် .. လစ်လျူရှုတယ်ဆိုတာ ဘာလဲ” တဲ့။

သူက ၃ တန်းဖြေထားပြီး ၄ တန်းတက်မယ့် ကလေးမလေးပါ။ သူက အဲဒီလိုပဲ စကားလုံးခက်ခက်တွေ သိပ်မသိတတ်ပါဘူး။ တခါလဲ ကျွန်မက “ကမောက်ကမ” ဆိုတဲ့ စကားလုံးကို ပြောမိလို့ “ကမောက်ကမ ဆိုတာ ဘာလဲ တီချယ်” လို့မေးတာ ခံခဲ့ရပါသေးတယ်။
သူ အဲဒီလိုမေးတိုင်း ကျွန်မငယ်ငယ်ကဖတ်ခဲ့ရတဲ့ သိပ္ပံမောင်ဝရဲ့ “နှိုက်နှိုက်ချွတ်ချွတ်” ဆိုတဲ့ ဆောင်းပါးထဲက မောင်လူမွှေးကို သွားသွားသတိရမိတယ်။

“စာကလေးတွေက ဘာလို့ ဖိနပ်မစီးလဲ မေမေ”
မောင်လူမွှေးလို နှိုက်နှိုက်ချွတ်ချွတ်မေးတဲ့ ကလေးတွေ ကျွန်မတို့ဝန်းကျင်မှာ အများကြီးရှိပါ တယ်။ သူတို့ ဒီလိုမေးတာကို လူကြီးတွေက မငြင်းပယ်သင့်ပါဘူး။ ၀မ်းပမ်းတသာ ကြိုဆိုသင့်ပါတယ်။ သူတို့နားလည်အောင် အတတ်နိုင်ဆုံး ပြန်ရှင်းပြသင့်ပါတယ်။
“အလုပ်မအားတဲ့ကြားထဲ ဘာတွေလာမေးနေတာလဲ .. ရှုပ်ကိုရှုပ်တယ် .. သွားစမ်းပါ” ဆိုပြီး သူတို့ကို အော်ငေါက်ကြမှာလား။ သိချင်နေတဲ့ သူတို့ရဲ့ အတွေးတွေ, အမေးတွေကို ကျွန်မတို့ လစ်လျူရှု ထားသင့်ပါလား။
***
ဒါနဲ့ပဲ ကျွန်မ ခုလို ဆက်ပြီး တွေးကြည့်မိပါတယ်။
သူတို့ဘာလို့ ခုလိုမေးကြတာလဲ။
မသိလို့ပေါ့။
မသိတိုင်းရော မေးကြရဲ့လား။
မမေးကြပါဘူး။
ဘာဖြစ်လို့ မမေးကြတာလဲ။
. . . . . . .
. . . . . . .
. . . . . . .
***
တချို့ကလေးတွေက (တချို့လူကြီးတွေလဲ တူတူပါပဲ) မသိတာကို မမေးတတ်ကြပါဘူး။ မေးရကောင်းမှန်း မသိတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မ ငယ်ငယ်ကတော့ ကြောက်လို့မမေးရဲတာပါ။ အတန်းထဲမှာ ဆရာမ စာသင်နေတယ်၊ သူသင်တဲ့စာထဲမှာ မရှင်းတာတွေပါတယ်၊ ဒါပေမဲ့ ကြောက်လို့ မမေးရဲခဲ့ဘူး။ မေးလိုက်ရင် ဆရာမများ ဆူမလားပေါ့၊ ပြီးတော့ ရှက်တာလဲ ပါတယ်၊ မေးလိုက်ခါမှ မှားသွားမှာစိုးတယ်၊ သူများတွေ ၀ိုင်းဟားမှာ ၀ိုင်းကြည့်မှာ ရှက်တယ်။

နည်းနည်းကြီးလာတော့ အဲလိုမဟုတ်တော့ဘူး၊ မေးခွန်းတွေ မေးချင်လာတယ်၊ ဆရာမ ပြောတာ တွေကို စောဒက တက်ချင်လာတယ်။ ဒါဆို ဒီလိုရော မရဘူးလား။ ဒါကမှားတယ်ဆိုတာ .. ဘာကြောင့်မှားသလဲ .. မမှန်နိုင်ဘူးလား စသဖြင့် ဆန့်ကျင်ဘက် တွေးမိတယ်၊ ဆန့်ကျင်ဘက် မေးခွန်း တွေ ထုတ်မိတယ်။
အဲဒီရဲ့ ရလဒ်ကတော့ .... ကျွန်မဟာ ဆရာမတွေ မနှစ်သက်တဲ့ ကတ်သီးကတ်သတ် ကျောင်းသူ တယောက် ဖြစ်ခဲ့ရတာပါပဲ။ ဒါနဲ့ပဲ.. ကျောင်းမှာ ဆရာမတွေကို မေးခွန်းတွေ မေးချင်ပေမဲ့ ကျွန်မ မမေးဖြစ်တော့ဘူး။ ကိုယ့်ဟာကိုယ် စိတ်ထဲမှာဘဲ ထားတော့တယ်။ မမေးရတာတွေများတော့ မသိတော့ ဘူး၊ နားမလည်တော့ဘူး။

နားမလည်တာတွေများလာတော့ စာကို စိတ်မ၀င်စားတော့ဘူး၊ စိတ်မ၀င်စားတော့ စာမကျက်ချင် တော့ဘူး၊ စာမကျက်တော့ စာမရဘူး၊ စာမရတော့ စာမေးပွဲဖြေရတဲ့အခါ မဖြေနိုင်တော့ပါဘူး။ နောက်ဆုံး တော့ ကျွန်မ ကိုးတန်းမှာ စာမေးပွဲ ၂ ကြိမ်ကျပြီး ကျောင်းထွက်လိုက်ရပါတယ်။
ကိုးတန်းကို ၂ နှစ်နေပေမဲ့ စာတွေကို ကျွန်မ ဘာမှ နားမလည်ခဲ့ဘူး။ အပြင်ရောက်တော့ အမေက ကျွန်မကို ၀ိုင်းကျူရှင်ထားပေးပါတယ်။ အဲဒီမှာ ကျွန်မကို အလွန်နားလည်တဲ့ ဆရာတွေနဲ့ ကြုံတွေ့ရ ပါတယ်။

ကျွန်မရဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေကို လိမ်မာပါးနပ်စွာ ကျွန်မကျေနပ်တဲ့အထိ ဖြေပေးတဲ့ ဆရာတွေနဲ့ ကြုံရတဲ့အခါ .. ကျွန်မကြောက်ခဲ့တဲ့ စာတွေဟာလည်း တကယ်တမ်း ကြောက်စရာမကောင်း တော့ဘူး။ စာတွေကို နားလည် သဘောပေါက် သွားခဲ့ပြီး အဲဒီနှစ်မှာ ကျွန်မ ၉ တန်းအောင်သွားပါတယ်။ ၁၀ တန်းမှာလဲ ဒီဆရာတွေနဲ့ပဲ ဆက်ပြီးသင်ခဲ့တဲ့အတွက် ကျွန်မ ၁၀ တန်းကို နှစ်ချင်းပေါက် အောင်ခဲ့တယ်။

တက္ကသိုလ်ရောက်တဲ့အခါ ကျွန်မပိုပြီး သဘောကျ ကျေနပ်မိခဲ့တာက .. အထက်တန်း ကျောင်းတုန်းက ကြုံခဲ့ရတဲ့ ဆရာတပည့်ဆိုတဲ့ အလွန်ကြီးမားသော စည်းကြီးက လုံးဝ ကျိုးပေါက် သွားခဲ့လို့ပါပဲ။ ဆရာတွေဟာ ကျောင်းသားတွေကို အထက်အောက် ဆက်ဆံမှုမျိုး မဆက်ဆံတော့ဘဲ ဘေးတိုက် ဆက်ဆံမှုမျိုးနဲ့ နားလည်မှုရှိစွာ ဆက်ဆံပေးတယ်။ လွတ်လပ်စွာ တွေးခေါ်ခွင့် .. လွတ်လပ်စွာ စောဒက တက်ခွင့်တွေ ပေးခဲ့ပါတယ်။
အထက်တန်း ကျောင်းတုန်းက စာညံ့ခဲ့တဲ့ကျွန်မဟာ တက္ကသိုလ်တက်တဲ့ နှစ်တိုင်းမှာ ဂုဏ်ထူး တွေနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ပါတယ်။
***
ဒီတော့ ကြောက်လို့ မမေးတာ၊ ရှက်လို့မမေးတာ၊ မေးရကောင်းမှန်းမသိလို့ မမေးတာ၊ ကိုယ် သိလား မသိလား .. ဘာမှန်းကိုမသိလို့ မတွေးတတ်လို့ မမေးတာ .. ဆိုပြီး အကြောင်းအရာတစ်ခုကို နားမလည်သည့်တိုင်အောင် မမေးဘဲ နေတဲ့သူတွေ အများကြီးပါ။ အဲဒီလူတွေဟာ ကိုယ့်ဦးနှောက်ကို ကိုယ် သော့ခတ်ထားတဲ့သူတွေပါပဲ။

ဒါကြောင့် မမေးတဲ့သူတွေ အများကြီးထဲမှာ .. မေးရကောင်းမှန်း သိတဲ့သူတွေ မေးခွန်းတွေထုတ် လာတဲ့ကလေးတွေကို စိတ်မတိုပါနဲ့၊ သူတို့မေးခွန်းတွေကို လစ်လျူမရှုပါနဲ့၊ ၀မ်းပမ်းတသာ ကြိုဆိုကြပါ။ မေးခွန်းတွေ များများမေးတဲ့သူဟာ ဦးနှောက်ကို ဖွင့်ထားတဲ့သူ (open minded) တယောက်လို့ ဆိုနိုင်ပါ တယ်။ ကျောင်းသားတွေ မေးခွန်းမေးပြီဆိုရင် ကျွန်မကတော့ သိပ်သဘောကျပါတယ်။ ဒီလို မေးခွန်းထုတ် တယ် ဆိုကတည်းက ဒီသင်ခန်းစာကို စိတ်ဝင်စားလို့ပဲမဟုတ်လား။

“ဘာမေးစရာရှိလဲ” လို့မေးတိုင်း တုဏှိဘာဝေ ဆိတ်ဆိတ်နေကြတယ်ဆိုရင် ကိုယ်သင်တာပဲ နားမလည်လို့ မေးစရာမရှိတာလားဆိုပြီး ဇဝေဇ၀ါဖြစ်ရသေးတယ်။ ဒါကြောင့်လည်း ကျွန်မစာသင်တိုင်း “မေးစရာရှိရင် မေးနော်၊ မင်းတို့ မမေးရင် ဆရာမက ပြန်မေးမှာ” လို့ အမြဲပြောရပါတယ်။

ငယ်ငယ်က ကျွန်မတို့ မောင်နှမတွေ အားတဲ့ရက်ဆိုရင် အဖေက ဘာသာရေးနဲ့ပတ်သက်တဲ့ သိသင့် သိထိုက်တာတွေ သင်ပေးလေ့ရှိပါတယ်၊ အဲလို သင်ပေးတဲ့အခါ အဘိဓမ္မာတို့ ပဋ္ဌာန်းတို့သင်ရင် ကျွန်မတို့ မောင်နှမတွေရဲ့ ကတ်သီးကတ်သတ် အတွေးတွေ အမေးတွေကို ပြန်ဖြေရှင်းပေးနေရလို့ သင်ခန်းစာက တော်တော်နဲ့ ရှေ့မရောက်တော့ဘူး၊ မောင်လေးဆိုရင် ကတ်သီးကတ်သတ် မေးခွန်းတွေ အထုတ်ဆုံးပါပဲ၊ (ခု အမေရိကန်နိုင်ငံကိုရောက်နေတဲ့ မောင်လေးဟာ သူသိချင်တဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေ အဖေ့ကို လှမ်းလှမ်း မေးတတ်ပါသေးတယ်။) ဘယ်လိုပဲ မေးမေး အဖေဟာ မေးခွန်းတွေနဲ့ ပတ်သက်ပြီး တော်ပြီ မမေးနဲ့တော့လို့ တခါမှ မပြောခဲ့ပါဘူး၊ အလွန်နက်နဲတဲ့ တရားတွေကို သင်တဲ့အခါ မှာတောင် ကျွန်မတို့ နားလည် ကျေနပ်အောင် ရှင်းပြပေးခဲ့ပါတယ်။

တကယ်တမ်း ဆရာတွေဆိုတာ ကျောင်းသားတွေကို လွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာ မေးမြန်းခွင့်၊ လွတ်လပ်စွာ စောဒကတက်ခွင့် လမ်းဖွင့်ပေးသင့်ပါတယ်။ တွေးတတ်မှ မေးတတ်မှာပါ၊ ကတ်သီးကတ်သတ် တွေးတတ်လေ ကတ်သီးကတ်သတ် မေးတတ်လေပါပဲ၊ ဒီလို အတွေးလေးတွေ ရှိမှလည်း သူတို့အတွက် တိုးတက်မှုရှိမှာပါ၊ ကျွန်မတို့ရဲ့ နောက်မျိုးဆက်သစ်တွေဟာ ဒီဟာသင် ဒီဟာကျက်၊ ဒါမေးရင် ဒါဖြေ ဆိုတဲ့ ခေါက်ရိုးကျိုးနေတဲ့ သမားရိုးကျ သင်ရိုးညွှန်းတန်းကြီးက ရုန်းထွက် သင့်နေပါပြီ။
***
ကလေးတွေရဲ့အတွေးတွေ အမြဲဆန်းသစ်နေစေဖို့ သူတို့မေးလာမယ့် မေးခွန်းလေးတွေကို လက်ခံ ပေးကြပါ။ မေးချင်လာအောင်လှုံ့ဆော်ပေးကြပါ။ သူတို့အတွေးလေးတွေကို ဘောင်မခတ်ထားပါစေနဲ့ ... သူတို့ အမေးလေးတွေကိုလည်း လစ်လျူရှုမထားကြပါနဲ့ .. လို့ တိုက်တွန်းရင်း .. ။
***
လွတ်လပ်ဆန်းသစ်သော အတွေးများအားကြိုဆိုလျက်

မေဓာဝီ
၃၁.၅.၀၆
၀၀း၀၄ နာရီ
***

Read More...

Saturday, March 24, 2007

နှောင်း တန်ခူး ...

ညဘက် ပျင်းပျင်းရှိတာနဲ့ ခြံထဲခဏဆင်းပြီး လမ်းလျှောက်တော့ ဟိုးသစ်ပင်ကြို သစ်ပင်ကြားမှာ ခပ်ကွေးကွေး လကလေးကို တွေ့လိုက်ရတယ်။ သုံးရက်လ ခုံးမျက်စ ဆိုပြီး မျက်ခုံးမွှေး သေးသေးသွယ်သွယ်ကို လဆန်း ၃-ရက် လကလေးနဲ့ ခိုင်းနှိုင်းလေ့ရှိတာမို့ ဒီနေ့ရော … ဘယ်နှစ်ရက်နေ့ပါလိမ့်လို့ တွေးရင်း ပြက္ခဒိန်ကြည့်တော့ နှောင်းတန်ခူး လဆန်း ၆-ရက် နေ့တဲ့ ...။ လဆန်း ခြောက်ရက် လကလေးကတော့ မျက်ခုံးထူထူ ကလေးပေါ့။ သုံးရက်လ လောက်တော့ မပါးလျားတော့ပါဘူး။

ပြက္ခဒိန်ကြည့်ရင်း …သြော် တန်ခူးလတောင် ရောက်ပြီပဲလို့ တွေးမိပြန်တယ်။ မြန်မာ ၁၂-လရဲ့ အစဟာ တန်ခူးလ မဟုတ်လား။ တန်ခူးလဟာ ၁၂-လ ရာသီ ရဲ့ ဦးဆုံးလဖြစ်ပေမဲ့ နွေရာသီရဲ့ ဒုတိယမြောက်လ ဖြစ်ပါတယ်။ နွေရာသီရဲ့ ပထမလ ဖြစ်တဲ့ တပေါင်းလရဲ့ အလှအပကို စာဆိုတွေ ရေးဖွဲ့ခဲ့ကြသလို ဒုတိယမြောက် တန်ခူးလကို လည်း ဘယ်လိုတွေများ ဖွဲ့ခဲ့ပါလိမ့်လို့ သိချင်တဲ့ စိတ်နဲ့ စာအုပ်စင်မှာ မွှေနှောက် ရှာဖွေမိတယ်။ ကံကောင်းစွာပဲ ရှေးစာဆိုကြီးတွေ ရေးဖွဲ့ခဲ့တဲ့ ၁၂-လရာသီဘွဲ့ စာအုပ်လေးတွေ တွေ့လိုက်ရတဲ့အတွက် ကိုယ်တိုင် ဖတ်ပြီး သကာလ တဆင့်ပြန်ပြီး ဝေမျှ လိုက်ပါတယ်။
***
စာဆိုတော်ဦးမင်း ၁၂-ရာသီဘွဲ့မှ …
“တန်ခူးလ”

ဟောင်းရွက်ညှာ ခါလှစ်လို့၊ တာသစ်ကယ်တဲ့ နံ့ကြိုင်။
သုတ်ဖြူးလေဆော်က၊ ပန်းကံ့ကော်ဝတ်မှုံကျင်း၊
သင်းပျံ့လို့လှိုင် .. ။
ကြယ်နှစ်ပြိုင်၊ သွယ်ဆိုင်ပ၀င်း။
စိတြငယ်နှင့်၊ ငွေလသော်တာတို့
ယုဂန်ချာ တောင်တော်စွန်းမှာ … ထွန်းထိန်လို့လင်း ။…။
***
ဦးယာ၏ ၁၂ ရာသီဘွဲ့ လူးတားမှ …
“မိဿရာသီ တံခူးလဘွဲ့”
ပျော်မြူးရာသီ၊ ဖူးစီသရစ်၊ ရွက်သစ်ဖြန်းစ၊ လန်းလှလေ။ … ။
တေဇောဓာတ်အိမ်၊ နွေဂိမ္မန္တ၊ တံခူးလဟု၊ စရရာသီ၊ နာရီညဥ့်နေ့၊ မျှ၍တူညီ၊ သုံးဆယ်စီတည့်၊ အသ၀ဏီကြယ်၊ နေနှင့်ဆွယ်လျက်၊ ညဥ့်ဝယ်စိတြ၊ သော်တာလနှင့်၊ လှည့်ကြမချွတ်၊ ကေ၀ဋ်တာရာ၊ ယှဉ်ပြိုင်လာသား၊ အတာသဘင်၊ သည်ပွဲတွင်၌၊ ကေရှင်ညွန့်လန်း၊ နှင်းရည်ဖျန်းလျက်၊ ဖော့ပန်းမတူ၊ ဖလ်နန်းသူတို့၊ ဟန်ယူပျောင်းပျောင်း၊ ရွှေဖယောင်းသို့၊ မွှေးပေါင်းနံ့သာ၊ စမ္ပါအကျော်၊ ကန့်ကော်ရင်ခတ်၊ ပွင့်ဝတ်မြိုင်ခြေ၊ တောင်လေညင်းညင်း၊ ရစ်လှာသွင်းသော်၊ ရင်တွင်းငြိမ့်လေး၊ ဆိတ်ရုံဧ၏၊ ငယ်သွေးလဲ့ပြာ၊ မောနှင့်သာလျှင်၊ မေတ္တာမပျက်၊ လွန်းကြင်ငှက်သို့၊ သံမြွက်မွှေးကြိုင်၊ ဂူရွှေလှိုင်တွင်၊ တူပြိုင်ဆုတောင်း၊ ညောင်ရေလောင်းသည်၊ မွှေးပေါင်းနံ့သာရည်နှင့်လေ။ … ။ စက်ခြည့်တည့် နှစ်သိန်း ငါးသောင်းကိန်း၊ တြိန်းဘ၀ါးမှန်။ … ။ ဂိမှန်တည့်တံခူး သာဆန်းထူး။ … ။ နှစ်ဦးမိဿခွင်။ … ။ သဘင်တည့်ပျော်မြဲ အတာပွဲ။ … ။
***
ဆီသည်ရွာစား ဦးအောင်ကြီး၏ အင်းဝမြို့ဘွဲ့ ၁၂-ရာသီ လူးတား မှ …
“တန်ခူးလ-အတာသဘင်ပွဲ”
သာစွလေ။ … ။ ကြက်သရေဘုန်းတန်း၊ နေနှယ်ထွန်း၍၊ အကျွန်းကျွန်းနတ်၊ မကိုဋ်မှတ်သား၊ မန္ဓာတ်တို့သာ၊ ပျော်စံရာသည်၊ ရတနာပုရ၊ ရွှေဝမြို့ကြီး၊ ရပ်သီးထောင်တည်၊ အောင်ချာပြည်ဝယ်၊ နှစ်လည်မခန်း၊ ပန်းနှင့်သဘင်၊ ရေသော်ဖြင်မျှ၊ ကောင်းကင်မိုးလ၊ စိတ္တရနှင့်၊ မိဿရာသီ၊ အညီခါကျော်၊ နှစ်ဦးပေါ်က၊ ကန့်ဂေါ်, ရင်ကတ်၊ ပင်တိုင်းညွတ်မျှ၊ ပွင့်ဝတ်ဝေေ၀၊ တောင်လေ သုတ်ဖြူး၊ လတန်ခူးမူ၊ မြူးထူးပျော်ရွှင်၊ တာသဘင်ဝင်၊ ဆင်ရင်,တုပ၊ လှရရတည့်၊ ငြိမ့်မျှစောင်းငြှင်း၊ အဲးသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာ, ကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခွက်အပြည့်၊ မွှေးမျိုးထည့်မှ၊ လည်လှည့်ဆူလှယ်၊ တင့် စံပယ်လျက်၊ ပြုံးရယ်ရွှင်အား၊ စံပျော်ပါးသည်။ ကစားထုံရေ ဖြန်းတည့်လေ။ … ။ ပွင့်လင်းစည်သည်၊ ရွှေပြည်,ရွှေဝ၊ နန်းတည့်လေ။ … ။
***
ဦးကြင်ဥ၏ ပဒေသာသီချင်းများမှ …
“တန်ခူးလဘွဲ့”
အော်-ဘုံစိတြာ၊ ယုန်ဣဋ္ဌာလဲ၊ လိတ္တာလုံးညီ၊ တင့်ဆုံးမှီတဲ့၊ ရာသီတော်ခါ၊ သင်္ကြန်တာဝယ်၊ စံရာပန်းသတ်၊ နန်းဝရတ်က၊ မြတ်သမ္ဘာကြွယ်၊ ယဉ်တမွတ်ကျုံး၊ လှလွတ်နှုန်းသည်၊ တဘုန်းမယ်တို့၊ လွမ်းနယ်ပြားပြန့်၊ တားမတံ့အောင်၊ သားခြံ့ငယ်သိန်ညီ၊ တိမ်စဉ်စီကို၊ ပန်းချီငိုရေးက မောတော့တယ်။
ဈာနငယ်လာဘီ၊ သည်ခါမှီကို၊ ၀သီငါးရပ်၊ မပွါးတတ်အောင်၊ ချားရဟတ်နှောင်၊ နိဝရဏ၊ တိလောကမှာ၊ လောဘမှောင်နှင့်၊ ထောင်ပေါ်ရာငါး၊ ကိလေယှဉ်ယှဉ်၊ သံယောဇဉ်ကို၊ မကြဉ်မှားမို့၊ ယဉ်အားတန်တန်၊ မ,ဖိုတုံ့ခွန်း၊ ဘုံတသွန်းမှာ၊ လှုံညွှန်းသံနှင့်၊ စံသမ္ဘာညီ၊ မာယာပြီ၊ ပလီချိုဧက နှောက်တော့တယ်။

လေးချိုးသဖြန်
အထောက်ကတဲ့ မတန် ။ … ။
ရွှေကံ့ကော် ဇမ္ဗူကျုံးလို့၊ ကြူဆုံးတသိန်တင့်ပါဘိ၊ ပန်းမင်းလွတ်စံ။ … ။
မိဿဘုံ၊ ဂဠုန်ကူးတွင်မှ၊ ကြုံဘူးလေ့ဖြစ်ဟန်၊ ရစ်တန်ပိုင့် ဆင်တော်နဲ။ … ။
ချိန်ခါနွေ၊ ဣန္ဒာဆွေ ဘူပတိသော်မှ၊ ပူမိယင် ဘယ်ဖြေနိုင်လိမ့်၊ ခြယ်ရွှေစိုင် နေရုလေးနှင့်၊ ရာဇူမှာ သာပြူသေးချည်ငဲ့၊ ဆွေးတော်ညံ့ဘဲ။ … ။
***
ဒါကတော့ စာအုပ် ၄-အုပ်ထဲက စာဆို ၄-ဦးရဲ့ တန်ခူးလဖွဲ့ ၄-ပုဒ် ပါပဲ။
* ဖိုးသူတော်ဦးမင်း ရေးဖွဲ့တဲ့ပုံစံက လေးဆစ်သဖြန် ပုံစံပါ။ ဖိုးသူတော် ဦးမင်းဟာ ဘကြီးတော်ဘုရား လက်ထက်က စာဆို တဦးဖြစ်ပါတယ်။
* ဦးယာရဲ့ ကဗျာကတော့ လူးတား အမျိုးအစားပါ။ ဦးယာဟာ ငစဥ့်ကူးမင်းနဲ့ ဘိုးတော်မင်းတရား လက်ထက်တော်တို့မှာ ကွမ်းရေတော်ကိုင် ရာထူးနဲ့ အမှုထမ်းခဲ့တဲ့ စာဆို တဦးဖြစ်ပါတယ်။
* ဆီသည်ရွာစား ဦးအောင်ကြီးရဲ့ ကဗျာကလည်း လူးတား ပါပဲ။ ဦးအောင်ကြီးက ဒီကဗျာကို ဟံသာဝတီရောက်မင်း ခမည်းတော် ဆင်ဖြူရှင် တနင်္ဂနွေမင်း လက်ထက်မှာ ဆက်သတယ်လို့ သိရပါတယ်။
* ဦးကြင်ဥရဲ့ တန်ခူးလဖွဲ့ကတော့ ဦးကြင်ဥ၏ ပဒေသာသီချင်းများ ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ဖော်ပြခြင်းပါ။ ပဒေသာ သီချင်းထဲမှာ ညည်းချင်း၊ လေးချိုးသဖြန်၊ ဒွေးချိုးသဖြန်၊ ပတ်ယိုင်သံနဲ့ ဇာတ်စကားတွေပါပါတယ်။ ဦးကြင်ဥဟာ ဘကြီးတော်မင်းလက်ထက်မှ ပုဂံမင်းလက်ထက်ထိ စာပေရေးသားပြုစု ခဲ့တဲ့ စာဆိုတော်ကြီး တယောက်လို့ ဆိုပါတယ်။ စလေဦးပုညနဲ့ ခေတ်ပြိုင် ဖြစ်ပါသတဲ့။

မတူညီတဲ့ စာဆို ၄-ဦးရဲ့ ရေးဖွဲ့ပုံတွေကို ဖတ်ကြည့်ပြီး ရာသီဖွဲ့တွေမှာ ပါလေ့ရှိတဲ့ အကြောင်းအရာတွေကို သတိထားလိုက်မိပါတယ်။ ရာသီ-နက္ခတ်- ကြယ်-တာရာ-ပွင့်တဲ့ပန်းနဲ့ ကျင်းပတဲ့ ပွဲတော် .. စတာတွေ ပါဝင်တာကို တွေ့ရတယ်။ အဲဒီကဗျာ ၄-ပုဒ်ကိုဖတ်ပြီး …
မိဿရာသီဝယ် …
စိတြကြယ် ထွန်းလင်းပါလို့၊
ကံ့ကော်နဲ့ ရင်ခတ် …
ဆွတ်ပျံ့ ကြည်နူး … လတန်ခူးမှာ
အတာသင်္ကြန်ပွဲ ဆင်နွှဲကြတယ်လို့ … အတိုချုပ်မှတ်လိုက်ရင်း ….

အင်း … အိပ်ချိန်တောင် တန်ပါပေါ့လား … ။
***
မေဓာဝီ
23.3.07
11:55 pm

Read More...

Friday, March 23, 2007

ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ .. အပိုင်း (၃)

အခုဖော်ပြမယ့် စာကတော့ ဒီစာအုပ်ထဲက ခေါင်းစဉ်တွေအားလုံးအနက် ကျမ အကြိုက်ဆုံး ခေါင်းစဉ်တခုပါပဲ။ “လူကြီး ပညာပြန့်ပွါးရေး” တဲ့။ ကြိုက်လို့ အထပ်ထပ် ပြန်ဖတ်မိတယ်။ ဘကြီးဘဘေ ပြောတဲ့ အသင်းမျိုး ပြုလုပ်ချင်တဲ့ ရည်ရွယ်ချက်လည်း စိတ်ထဲဖြစ်မိတယ်။ ဒါကလည်း တဦး တယောက် ကောင်းနဲ့ လုပ်လို့မရပါဘူး။ ၀ါသနာတူ စိတ်တူ ကိုယ်တူ ရည်ရွယ်ချက်တူသူတွေ စုပေါင်းပြီး ကြိုးစားလုပ်ကိုင်မှ အဆင်ပြေနိုင်မယ် ထင်တာပါပဲ။
ဘကြီးဘဘေဟာ ဒီဆောင်းပါးတွေကို ၁၉၄၆ ခုနှစ် လောက်က ရေးခဲ့တာတွေပါ။ ဒါပေမဲ့ ခုချိန်ထိ ခေတ်မီ နေပါသေးတယ်။ မှန်ကန်နေပါသေးတယ်။ လက်ခံနိုင်ပါသေးတယ်။
ဟုတ်ကဲ့ … ကျမ အပိုဆာဒါးတွေ မပြောတော့ပါဘူး။ ဖတ်ကြည့်ကြပါအုံးရှင်။ မူရင်းသတ်ပုံအတိုင်း ရိုက်ပေးထားပါတယ်။
***
လူကြီး-ပညာပြန့်ပွါးရေး

တိုင်းပြည်တပြည် လူမျိုးတမျိုး၏ ကြီးပွါးထွန်းကားရေးသည် နောက်ဆုံး၌ ပညာပြန့်ပွါးသလောက်တွင် အခြေတည်၍ နေပေသည်။ အစိုးရ၏ အသုံးစာရင်းတွင် ပညာရေး၌ မည်မျှ သုံးသည် စသည်ကို ကြည့်ခြင်းအားဖြင့်၊ ထိုတိုင်းပြည်၌ ပညာကို မည်မျှ လိုလားသည် မလိုလားသည် ဆိုသောအချက်ကို သိနိုင်ပေသည်။ ကျွန်ုပ်တို့ မြန်မာပြည်တွင် ပညာရေးကို အစိုးရက မည်မျှ အရေးပေးသည်၊ မည်သည့် ပညာရပ်များကိုသာ လိုလားသည်မှာ အများအသိပင်ဖြစ်၏။

ပညာနှင့် သညာ
ပညာဟူသည် ငယ်စဉ်က ကျောင်းတွင် သင်ကြားခဲ့သည်ဖြင့် မပြီးပေ။ ကျောင်းတွင် သင်ကြားရခဲ့သည်မှာ အခြေခံရရန်သာ ရှိသည်။ အမှန်မှာ ပညာဟူသည် မွေးသည့်နေ့မှ သေသည့်နေ့အထိ ဆည်းပူး၍ မကုန်။ ကျောင်းတွင် သညာနှင့် ပညာ ရောရှက်၍ ရပေသည်။ ကျောင်းထွက်ပြီးနောက် ကိုယ်ထိလက်ရောက် ဆက်လက် ရှာဖွေလေလေ ပညာစစ် ပညာမှန် ရလေလေပင် ဖြစ်သည်။

အခြားနိုင်ငံများတွင်
မြန်မာပြည်တွင် ပညာတိုးပွါးရေးအတွက် စာသင်ကျောင်းများမှအပ အခြား နေရာများစွာ မရှိပေ။ တိုးတက်ကြီးပွါး၍ နေသော တိုင်းကြီးပြည်ကြီးများတွင် စာသင်ကျောင်း အမျိုးမျိုး၊ တက္ကသိုလ်အမျိုးမျိုး၊ ပညာရှာဖွေသော အသင်းအမျိုးမျိုး၊ စာကြည့် ပိဋကတ်တိုက် အမျိုးမျိုးစသဖြင့် ရှိလေသည်။ စာသင်ကျောင်းသား- သိပ္ပံကျောင်းသားများသာမဟုတ်၊ ကျောင်းတွင် ပညာ ထိထိရောက်ရောက် မသင်ခဲ့ရသူများ၊ ကျောင်းကထွက်ပြီးနောက် ဆက်လက် ပညာဆည်းပူးလိုသူများ အတွက် ပညာရှာဖွေရန် အခွင့်အရေးတို့မှာ လွန်စွာပေါများပေသည်။

ဘိလပ်၌
၁၉၂၀-ပြည့်နှစ် ဘိလိပ်သို့ မြန်မာနိုင်ငံရေး ကိစ္စနှင့် ရောက်ရှိစဉ်က ပညာပြန့်ပွါးရန် စီမံဖန်တီးနေသော အသင်းတသင်းနှင့် တွေ့ခဲ့ရပုံကို အနည်းငယ် ထုတ်ဖော်၍ ပြပါအံ့။ လန်ဒန်မြို့တွင် စာအုပ်ဆိုင်များသို့ လှည့်လည်ရာ တနေ့တွင် အာ-ပီ-အေ ဘုတ်စတော် R.P.A Book Stall သို့ရောက်၍ လိုချင်သော စာအုပ်များကို ရွေးနေရာ ဂျာမန်ပညာရှင်ကြီး အာနက်ဟေကယ်လ် ရေးသော ‘အီဘိုလူရှင်အော့မင်း’ Evolution of Manခေါ် စာအုပ်ကို တွေ့ရ၏။ ၎င်း စာအုပ်မှာ ဘီ-အေ အတန်းတွင် စာသင်စဉ်က ဘတ်ရန်ကောင်းသည်ဟု အကြိမ်ကြိမ် ညွှန်ကြားသဖြင့် ၀ယ်ရန် စုံစမ်းသောအခါ ငွေ ၆၀ိ-ကျော်ကျမှ ရနိုင်သဖြင့်၊ ကျောင်းသားဖြစ်၍ မ၀ယ်နိုင်ခဲ့ပေ။ သို့ရာတွင် ထိုနေ့က အထက်ပါ စာအုပ်ဆိုင်တွင် ၎င်း ဂျာမန်ဆရာကြီးရေးသော စာအုပ်ကို ၂တွဲ ခွဲပြီးနောက် တတွဲလျှင် ၆ပဲမျှနှင့် ရောင်းနေသည်ကို တွေ့ရာ၊ အလွန် အံ့အားသင့်သည့်ပြင် ၀မ်းသာ၍ ၀ယ်ယူ၏။

ပညာပြန့်ပွားရေးကို အားပေးပုံ
ဝယ်ယူပြီးနောက် စာအုပ်ဆိုင်တွင် ရောင်းနေသူအား ဤစာအုပ်ကို ဤကဲ့သို့ အဘိုချိုသာစွာနှင့် ရောင်းနိုင်အောင် မည်သို့ စီမံပါသနည်းဟု မေးသောအခါ ဤစာအုပ်မှာ အာ-ပီ-အေ အသင်းက အသင်းသားများအတွက် ပညာ တိုးပွါးရန် အဘိုးထိုက်တန်၍ လူတိုင်းဘတ်သင့်သော စာအုပ်များကို အဘိုးချိုချိုနှင့် ရိုက်နှိပ်ဝေငှသည်ဟု ပြန်ပြော၏။ ကျွန်တော်က ထိုအသင်းအကြောင်းကို သိလိုပါသည်ဟု ပြောရာ၊ အသင်း၏ အတွင်းရေးမှူး ထံသို့ ခေါ်သွား၏။ အတွင်းရေးမှူးနှင့် တွေ့၍ အကျိုးအကြောင်း မေးမြန်းရာ စိတ်ရှည်လက်ရှည်ဖြင့် ပြောပြ၏။ ကျွန်တော်လည်း အသင်းသားဖြစ်ခဲ့၏။

ရည်ရွယ်ချက်နှင့်အလုပ်
အသင်း၏ရည်ရွယ်ချက်မှာ လူကြီးပညာပြန့်ပွါးရေးပင် ဖြစ်သည်။ အသင်းသား ၅ သန်းကျော်ရှိ၍ အသင်းသား တယောက်လျှင် တနှစ် ရွှေဒင်္ဂါးတပြား ထည့်ရ၏။ ဤကဲ့သို့ ကောက်ခံရသော ငွေဖြင့် အသင်းပိုင် စာပုံနှိပ်တိုက် ရှိ၏။ တနှစ်ကို စာအုပ်အမျိုးပေါင်း ၁၀-အုပ်၊ ၁၂-အုပ် ထက်မနည်း ရိုက်နှိပ်၏။ အသင်းသားများကို ရိုက်နှိပ်သော စာအုပ်တိုင်း တယောက်တအုပ် အခမဲ့ ဝေ၏။ အသင်း သတင်းစာ တစောင်လည်း ထုတ်ဝေ၍ အသင်းသားတိုင်း အခမဲ့ရ၏။ အသင်းက စာအုပ်များ ရိုက်ရာ၌ အသင်းသားဦးရေထက် ပိုမို ရိုက်ပြီးနောက် အသင်းသား မဟုတ်သူ များကို ဈေးပေါပေါနှင့် ရောင်း၍ အသင်းသားများကို အလကားပေးသည့်ပြင် ထပ်မံအလိုရှိလျှင် ငွေ ၁၀၀ိ-လျှင် ၂၅ိ-လျှော့နှုန်းနှင့် ရောင်း၏။

မြန်မာတို့အဘို့
ဤ အာ-ပီ-အေ အသင်းသည် အလွန်ပင် ကြီးပွါးလျက် ရှိပေသည်။ မြန်မာပြည်တွင် အဆိုပါ အသင်းမျိုးရှိရန် အလွန်ပင် လိုလားအပ်၏။ လိုလားအပ်သည့်အတိုင်း လွန်ခဲ့သော ၈-နှစ်လောက်က တိုက်တွန်း နှိုးဆော်ခဲ့ သော်လည်း အထမမြောက်သေးပေ။ ဤအသင်းမျိုး ဖြစ်မြောက်လျှင် မြန်မာစာဟောင်း ပေဟောင်းများကို ရိုက်ခြင်း၊ နိုင်ငံခြားမှ စာကောင်းပေကောင်း များကို ဘာသာပြန်၍ ရိုက်ခြင်း၊ လောကဓာတ်လည်း လက်မှု စက်မှု ပညာတို့နှင့် ပတ်သက်သော စာအုပ်များကို ဘာသာပြန်၍ ၎င်း၊ အသစ်ရေး၍ ၎င်း ရိုက်ခြင်း စသဖြင့် စီမံနိုင်၏။ စီးပွါးရေးသန့်သန့် ဖြစ်သော စာပုံနှိပ်တိုက်တို့တွင် အဆိုပါ စာအုပ်မျိုးကို ရိုက်နှိပ်၍ ကြာရှည်စွာ ငွေစိုက်မထားနိုင် သဖြင့် ရိုက်ကြမည် မဟုတ်ပေ။ အာ-ပီ-အေ အသင်းမျိုး ရှိမှသာလျှင် လျင်မြန်စွာ ဖြစ်မြောက်နိုင်ပေသည်။

လူကြီးများပါ မကျန်
ကျောင်းတွင်၎င်း၊ တက္ကသိုလ်တွင်၎င်း ရှိနေသေးသော သူငယ်များ ကြီးပွါးမှ မြန်မာပြည် ပညာရေး ထွန်းကား မည်ဆိုလျှင် ကာလ အတော်ကြာမှသာ မြန်မာပြည်တွင် လိုအပ်သော ပညာရပ်များ ထွန်းကား ပေလိမ့်မည်။ ကျောင်းမှထွက်ပြီး လူရွယ် လူကြီးတို့လည်း တချိန်တည်း ပညာများကို ဆည်းပူးနိုင်ကြပါလျှင် မြန်မာပြည်၏ အတက်သည် မြန်ပေလိမ့်မည်။ ယင်းသို့ဖြစ်၍ မြန်မာပြည်၏ ပညာ ထွန်းကားရေးကို လိုလားကြသူတိုင်းသည် အာ-ပီ-အေ အသင်းမျိုး ဖြစ်မြောက်ရန် စီမံသင့်ကြပေသတည်း။
***
ဘကြီးဘဘေရဲ့ ဆောင်းပါးကတော့ ဤမျှပါပဲ။
လောလောဆယ်တော့ … ဘကြီးပြောတဲ့ အာ-ပီ-အေ အသင်းမျိုး ပေါ်ပေါက်လာဖို့ …. ဘယ်လိုများ စတင် လုပ်ဆောင်ရပါ့မလဲ လို့ … ကျမတယောက်ထဲ စဉ်းစားနေမိပါတော့တယ်။

***
မေဓာဝီ
22.3.07
11:55 pm

Read More...

Thursday, March 22, 2007

တပတ်အတွင်း မြင်ရ ကြားရလေသမျှ ...

ခုတလော ကြားရတဲ့ သတင်းတွေက ဆိုးတာတွေလည်း ရှိသလို ကောင်းတာတွေလည်း ရှိနေပါရဲ့။
အင်းလေ အကောင်းအဆိုး ဒွန်တွဲနေတဲ့ လောကကြီးပဲ မဟုတ်လား။ ဒါများ အဆန်းလုပ်ပြီး ပြောနေရသေးသလားနော်။

ဘာပဲဖြစ်ဖြစ် …ပြောတော့ပြောချင်ပါသေးတယ် … ။
မြန်မာပြည်က ၂စောင်တည်းသော သတင်းစာနဲ့ ဂျာနယ်တချို့ကို သပိတ်မှောက်ဖို့ တိုက်တွန်းလွှာတွေ တွေ့နေရပေမယ့် သတင်းစာက ဒီလအတွက် ငွေချေထားပြီးသား ဖြစ်တာကတကြောင်း၊ သာရေး နာရေး စီးပွါးရေး ကြော်ငြာတွေ မဖြစ်မနေ ဖတ်ဖို့ရှိတာက တကြောင်းကြောင့် ဆက်ယူနေရလိမ့် အုံးမယ် ထင်ပါတယ်။
ဒါကလည်း အစိုးရရဲ့ အားသာချက် တခုပဲ ဆိုပါတော့။ သတင်းစာနဲ့ ရုပ်မြင်သံကြားလို မီဒီယာကို ကိုင်ထားမှတော့ ၀ါဒဖြန့်ရေးအတွက် အထိရောက်ဆုံး လက်နက်တခုပေါ့။ ထားပါတော့။

ပြည်တွင်းဖြစ် သတင်းစာတွေကို ဖတ်တဲ့အခါ နောက်ဆုံးစာမျက်နှာ (ကျောဖုံးအတွင်း) က စလှန်ဖတ်တယ်လို့ ရယ်စရာအဖြစ် ပြောလေ့ရှိကြပေမဲ့ … အဲဒါ တကယ်ပါပဲ။ ထုံးစံလိုဖြစ်နေတော့ တခါတလေများ နိုင်ငံတကာက သတင်းစာ ဖတ်ဖြစ်ရင်တောင် နောက်ဆုံးစာမျက်နှာက စလှန်နေမိတတ်တာ။ အကျင့်ဆိုတာက ရုတ်တရက် ဖျောက်မရဘူးကိုး။

နောက်ဆုံးစာမျက်နှာက စလှန်မိပေမဲ့ တခါတလေကျ ခေါင်းကြီးသတင်းတွေမှာ … တခါတလေ ဆောင်းပါးတွေမှာ စာလုံးမဲကြီးတွေ ထင်းနေအောင်ရေး ကောက်စာ (catch phrase)တွေ ပြူးနေအောင် ရေးထားလို့ ဘာများလဲ ယောင်ယမ်း ဖတ်ကြည့်မိပါတယ်။ အဲဒီလို ဖတ်မိပြီးရင် လူက နင်တင်တင် ဆို့တို့တို့ ခံစားလိုက်ရသလိုပဲ။ ဘာပြောလို့ ပြောရမှန်းတောင် မသိလောက်အောင် ဖြစ်ရတယ်။ အရေးအသားကောင်းလွန်း ထိမိလွန်းလို့ရယ်ပါ။ နောက်ဆုံးတော့ ဟိုတလောက ရေးခဲ့ဖူးတဲ့ “ဟာသအတွေး ဟာသအမြင်” ပို့စ် လိုပဲ အရာရာကို ဟာသအမြင်နဲ့သာ မြင်တွေးကြည့်ရှု ခံစားတာ အကောင်းဆုံးလို့ ကိုယ့်စိတ်ကို ဖြေရတယ်။ ဖြေသော်လည်း မပြေပါဘူး။

ဟိုနေ့က ဖတ်လိုက်ရတဲ့ ဆောင်းပါးခေါင်းစဉ်က ဘာတဲ့ .. “ရာဇ၀င် လူဆိုး” ဆိုပဲ။ ဒီဆောင်းပါးရေးသူက ဟိုတလောကတုန်းကလည်း စာရေးဆရာဆိုတာ ဘာဖြစ်တတ်တယ် ညာဖြစ်တတ်တယ် ဆိုပြီး ရေးသေးတယ်။ သူ့ကိုယ်သူ စာရေးဆရာတဲ့။ စာရေးဆရာဆိုတာ ဒီလိုမျိုးတွေ ရေးသလား။ ကျမဖြင့် အံ့သြလွန်းလို့ပါ။ ကိုယ့်သိက္ခာကိုယ် မထိမ်းချင်ရင်တောင် ကိုယ့်ကလောင်ရဲ့ သိက္ခာကိုတော့ ကိုယ်ထိမ်းသင့်တယ် ထင်တာပဲ။ ဒါမျိုးကလောင် ခေတ်အဆက်ဆက်မှာ ကလောင်သက် ရှည်ပါ့မလား … ကျမ စဉ်းစားနေမိတယ်။

သူက ရာဇ၀င်လူဆိုး စွပ်စွဲ သတ်မှတ်တဲ့သူကို နေတာဂျီ ဆူဘတ်ချန်ဒရာဘို့စ် ဖောင်ဒေးရှင်းကနေ ၂၀၀၇ ခုနှစ် အတွက် ဆုချီးမြှင့် လိုက်တယ်တဲ့။ အဲဒီသတင်းကြားတော့ ၀မ်းသာလိုက်တာ။ ကိုယ့်တိုင်းပြည်ရဲ့ လက်ရှိ ခေါင်းဆောင်ပိုင်းက ပစ်ပယ်ထားတဲ့ သူတယောက်ကို ခုလို တခြားနိုင်ငံတွေက (ကမ္ဘာက) အသိအမှတ် ပြုကြတာဟာ ၀မ်းမြောက်စရာပါ။ ဂုဏ်ယူစရာပါ။ မုဒိတာပွားစရာပါ။
“သင်၏ မြွက်ဆိုချက်များသည် သင် ရဲရင့်စွာ ကိုယ်စားပြုနေသည့် အမှန်တရားကို ဖော်ကျူးပါသည်။ ဖိနှိပ်မှုနှောင်ကြိုးသည် သင့်တွင် လောင်မြိုက်နေသော မီးလျှံအား မဖုံးလွှမ်းနိုင်ပါ”
ဆိုတဲ့ စာသားကို ဆုချီးမြှင့်လွှာမှာ ဖော်ပြထားပါသတဲ့။
ဖတ်ပြီး ကျေနပ်လိုက်တာ … ၊ အမှန်တရားကို မြွက်ဟတဲ့အတွက် အမှန်တရားကို ဖော်ကျူးတဲ့အတွက် ဥာဏ်နုံ့နဲသူ လူတစုရဲ့ တားဆီး ပိတ်လှောင် ကြဉ်ဖယ်ခြင်းခံနေရပေမဲ့ ကျန်တဲ့သူ တကမ္ဘာလုံးကတော့ဖြင့် တလေးတစား အသိအမှတ် ပြုကြတာပါပဲ။

အင်း … ဒီလိုနဲ့ ပညာရေးသတင်း ဖတ်မိပြန်ပါတယ်။ မြန်မာပြည်မှာ ပညာရေးအဆင့်အတန်း မြင့်မားဖို့ ဘယ်သို့ ဘယ်ပုံ စီမံ ဆောင်ရွက်နေတယ်ပေါ့။ တကယ်ပဲလား တော့မသိပါဘူး၊ သာဓု တကြိမ်လောက်တော့ စိတ်ထဲက ကျိတ်ပြီး ခေါ်မိတယ်။ နောက်နှစ်ကြိမ်ကို ခဏလေး တေးထားအုံးမှ။

အဲ …ပြောလို့မှ မဆုံးသေး၊ သတင်းတပုဒ် ထပ်တွေ့ပြန်ပြီ။ ဒီမျက်လုံးကလဲ။
အမေရိကန်စင်တာမှာ သင်တန်းတက်နေကြသူ လူငယ်တွေထဲက တချို့ကို ခေါ်ယူစစ်ဆေးတယ်ဆိုပါလား။
အလို … ဒုက္ခ … ဒုက္ခ။ ဒီလိုသာဖြင့် လွတ်လပ်စွာ ပညာသင်ကြားရေးဆိုတာ … ဘယ်လိုပါလိမ့်။ အင်း … ခေါ်ယူစစ်ဆေးရခြင်းရဲ့ အကြောင်းပြချက်ကတော့ ရှိလိမ့်မယ်ထင်တာပါပဲ။ အဲဒီလိုပဲ ဘာကိစ္စမဆို ကြံဖန် အကြောင်းပြ နေကြမဟုတ်လား။ ဒါလဲ ထားပါတော့ … ။

ခုတလော ကြက်သားဈေးတွေလည်း ထိုးကျနေသတဲ့။ အရင်က ကြက်သားကို အနားမကပ်နိုင်တဲ့ သူတွေအတွက် ၀မ်းသာစရာပေါ့။ အဲ …. ၀မ်းမသာနဲ့အုံး … ဘာလို့ကျတာတုန်း … အကြောင်းမဲ့မှ မဟုတ်ဘဲနဲ့။ ရန်ကုန်တိုင်းက ကြက်ခြံတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်တဲ့ H5N1 ဗိုင်းရပ်စ်ပိုး တွေ့လို့ပေပဲ။ ဒါကြောင့် ကြက်သားဈေးတွေ ထိုးကျပြီး ငါးနဲ့ တခြားအသားတွေ ဈေးတက်တာ။ ကျမတို့ကတော့ ဟိုအရင်နှစ် ဒီရောဂါတွေ စဖြစ်ကတည်းက ကြက်သားကို ဝေရာမဏိထားတာ ဆိုတော့ ထူးပြီး ရှောင်စရာ မလိုပေါင်။

ဘယ်လိုပဲ ဗိုင်းရပ်စ်ပိုး တွေ့တယ် ဆိုပြီး ပြောပြော၊ ကြက်တွေငှက်တွေ သေကြေတယ်ပြောပြော သူ့ဟာသူ အပူရှပ်လို့ သေတာ၊ အစားမဆင်ခြင်လို့သေတာပါ၊ တုပ်ကွေးရောဂါ နဲ့ သေတာ တကောင်မှ မပါဘူးဆိုပဲ။ ပြောသာပြောတယ် … ကျမတို့အိမ်နား ညည လော်စပီကာကြီးနဲ့ လိုက်အော် နေတာကတော့ …. မီးသတိပေး နှိုးဆော်ချက်ပြီးရင် ကြက်ငှက်တုပ်ကွေး သတိပေးကြေညာချက်ပေါ့။ ခိုစာ မကျွေးဖို့ ဆိုတာတောင် ပါလိုက်သေးတယ်။ အိမ်နားက လမ်းကလေးထဲမှာ ခိုစာရောင်းတဲ့ အဖွားကြီးတော့ ဒုက္ခပါပဲ၊ သူ့နားမှာလည်း ခိုတွေက တ၀ဲဝဲ … ။ မင်းသိင်္ခလိုပဲ သဗ္ဗေသတ္တာ ကမ္မဿကာ လို့ သဘောထားလိုက်တာပဲ အေးပါတယ်။

လျှပ်စစ်မီး … အင်း .. အဲဒါနဲ့ ပတ်သက်လို့ မရေးချင်တော့ပါဘူး။ ရေးလဲ ထူးမှာမှမဟုတ်ဘဲ။ နွေရာသီမှာ မီးပျက်မယ်၊ မီးလောင်မယ် … နွေနဲ့မီး - မီးနဲ့နွေ .. ခွဲခြားလို့မှ မရတာ။ နောက် ၃-၄ နှစ်ကြာရင်တော့ ထူးခြားမယ် တဲ့ …စောင့်ကြည့်ရသေးတာပ။ စောစောက စာရေးဆရာ အမည်ခံ ဆောင်းပါးရှင်ကြီးက ဥာဏ်အမြော်အမြင် ကြီးစွာ ရေးခဲ့ပါသေးတယ်။ ကုန်ဈေးနှုန်းကျချင်သလား လျှပ်စစ်မီးမှန်ချင်သလား ဆိုတဲ့ ဆောင်းပါးထဲမှာပေါ့။ လေအေးစက်ဖွင့်သူတွေကို ဒဏ်တပ်ရမယ်ဆိုလားပဲ … ။

ဒါပေါ့ ..ဖြစ်သင့်ပါတယ်။ ဒါပေမဲ့ တခုတော့ရှိတယ်။ ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏ ဆိုတဲ့ စကားလို …ရှေ့က ဦးစီး ဦးဆောင်ပြုတဲ့ ခေါင်းဆောင်ကြီးတွေ အရင်လုပ်ပြရင် ကျမတို့လို ပြည်သူလူထုကလည်း လုပ်ရပေမပေါ့။ ခေါင်းဆောင်ကြီးတွေ စံမြန်းတဲ့ ဂေဟာက လေအေးစက်တွေ အကုန်ဖြုတ်၊ ဘုရင်ခေတ်ကလို ယပ်တော်သွင်း တယောက် ခန့်ထားပြီး မျက်နှာကြက်မှာ အ၀တ်နဲ့လုပ်တဲ့ ကြိုးဆွဲယပ်တခုထားပြီး ယပ်တော်သွင်းစေ လို့ လုပ်မယ်ဆိုလည်း ရတာပဲ မဟုတ်လား။ ဘုရင်ခေတ်ကို ပြန်အသက်သွင်းချင်တယ် ဆိုရင်ဖြင့် ဒါမျိုးလည်း လုပ်သင့်လုပ်ရမှာပဲပေါ့နော်။ ကျမတို့လို ပြည်သူလူထု ဆင်းရဲသားတစုကတော့ ယပ်တော်သွင်း မခန့်ထားနိုင်တဲ့အတွက် နှီးယပ်တောင်လေး ကိုယ့်လက်နဲ့ကိုယ်သာ တဖျပ်ဖျပ် ခပ်ရမှာပ။ ယပ်တောင်လုပ်ရောင်းတဲ့ သူတွေအတွက်တော့ ၀မ်းမြောက်စရာပဲပေါ့။

နောက်သတင်းတပုဒ်ကတော့ ခေါင်းဆောင်တဦး နေထိုင်မကောင်းလို့ တိုင်းတပါးမှာ ဆေးကုသမှု ခံယူနေတယ်ဆိုတဲ့ သတင်းပါ။ ဒါလဲ မုဒိတာ ပွားစရာပေပဲ … အဲ .. အဲ …နေထိုင်မကောင်းတာကို ၀မ်းမြောက်တာတော့ မဟုတ်ရပေါင်ရှင်။ နေမကောင်းတာကို ငွေကြေးအကုန်အကျခံပြီး ဆေးကုသ နိုင်တဲ့အတွက် ၀မ်းမြောက်ရကြောင်းပါ။ ဘာကြောင့်ဆိုတော့ ကျမတို့တိုင်းပြည်မယ် နေထိုင်မကောင်းတာကို ဆေးမကုသနိုင်လို့ ဆုံးရှုံးရတဲ့ အသက်ပေါင်းများစွာ ရှိပေတယ် မဟုတ်လား။ ခုလို ခေတ်မီ ဆေးဝါးတွေနဲ့ ကုသနိုင်ခြင်းဟာလည်း မုဒိတာ ပွားစရာပေပဲ။ နေကောင်းပါစေ … ကျန်းမာပါစေ … သက်ဇိုဝ်း ရှည်ပါစေ လို့ ဆုတောင်းလိုက်ပါရဲ့ ... ။

စကားမစပ် … ကျမရေးတာ သေချာလည်း ဖတ်ကြပါနော် .. ။ တချို့ မြန်မာဘလော့ဂါတွေထဲ စာဖတ်ရှန်းသူတွေ ပါလို့ သတိပေးရတာပါ၊ ကျမစာတွေဖတ်သာ ဖတ်တာ ကျမကို အထီးမှန်း အမမှန်း မသိဘူးလို့ ပြောတာ ကြုံဖူးလို့ပါ။ အံ့ အံ့ပါရဲ့။ ဟိုးအစထဲက ဓာတ်ပုံတွေ ဘာတွေတင်ပြီး ကျမကျမ နဲ့သုံးနှုံးလာခဲ့တာ ။ မေဓာဝီကို အထီးမှတ်လို့ ဆိုတော့ ဘာပြောရမှန်းတောင် မသိဘူး။ ထားပါတော့ … အခု သေချာဖတ်ပါဆိုတာက … ကျမ ရေးတဲ့ အသုံးအနှုံးနဲ့ ပတ်သက်လို့ပါ။ ကျမက သက်ဇိုဝ်း လို့ ရေးထားတာနော်၊ သက်ဆိုး မဟုတ်ပါဘူး။ လူကြီးကို ဒီလို ပြောပါ့မလား။ ရိုသေ ထိုက်သူ ကို ကျမက ရိုသေပါတယ် နော်။ တော်ကြာ ကျမ အသုံးမှားတယ်ထင်ပြီး မေဓာဝီကို ဖမ်းပါလားလို့ အမနာပ ပြောကြရင် ဒုက္ခ။ ကျမက ကြောက်တတ်တယ်ရှင့်။

တကယ်တော့ “သက်ဆိုးရှည်တယ်” ဆိုတဲ့ ဝေါဟာရ စကားက အမှားကြာလို့ မှန်သယောင်ယောင် ဖြစ်သွားတာ။ အမှန်မယ် “သက်ဇိုဝ်း” ဖြစ်ပါသတဲ့။ အသက်ဇီဝ ကို ဆိုလိုခြင်းပါ။ အရပ်ထဲ လမ်းထဲက ဆိုးသွမ်းတဲ့သူ တယောက်ယောက် နေမကောင်း ထိုင်မသာဖြစ် ရောဂါဝေဒနာ ခံစား၊ သေတော့မလားရယ်လို့ ထင်နေကြပေမဲ့ သေလည်း မသေနိုင် ပြန်ကောင်းသွားပြန်တဲ့အခါ ဒီလူ့နှယ် သက်ဆိုးရှည်လိုက်တာ လို့ သုံးနှုံးကြတယ် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် .. ဒါသည်လဲ အမှားကြာလို့ အမှန်ဖြစ်ရာက တိုးသွားတဲ့ ဝေါဟာရ အသစ်တခုပေပဲပေါ့။ အခု ကျမသုံးတာကတော့ သက်ဆိုး မဟုတ်ဘူးနော်။

အဲ …နောက်ဆုံးသတင်းကတော့ ဖတ်ရတာမဟုတ်ဘူး။ ကြားရတဲ့ သတင်းတခုပါ။
အဖေ့ရဲ့ အလုပ်သမားတယောက်ပေါ့။ လွန်ခဲ့တဲ့ လေးငါးရက်ကပဲ သူ့ကို လုပ်ခရှင်းပေးလိုက်တော့ အိမ်ပြန်သွားပါသတဲ့။ အိမ်မရောက်ခင်မှာ အရက်ဆိုင်ဝင်ပြီး တခွက် တဖလား ၀င်မော့တယ်၊ ပြီးတော့ အိမ်အတွက် ဟင်းစားဝယ်ချင်တာနဲ့ ညဈေးကလေးကို ၀င်ပြီး ငါးဝယ်ပါတယ်။ ငါးဝယ်ပြီးပြန်ထွက်လာတော့ ရဲက “ဟေ့ကောင် လာအုံး … မင်းလက်ထဲက ဘာတုန်း ပြစမ်း”
“ငါး .. ပါ”
“ပေးစမ်း”
ဆိုပြီး ငါးထုတ်ကို ဆွဲယူသွားတယ်။ ပြီးတော့
“မင်း အရက်သောက်ထားတယ် မဟုတ်လား” လို့ ဆက်မေးတယ်။ ဒီရဲက လူလည်ပဲ၊ အရက်နံ့ရမှတော့ အရက်သောက်ထားလို့ပေါ့။
“ဟုတ်ကဲ့”
“အေး … စခန်းကိုလိုက်ခဲ့”
ဒီလိုနဲ့ အဲဒီအလုပ်သမားခမျာ အူကြောင်ကြောင်နဲ့ ရဲစခန်း ရောက်သွားပါရောလား။ နောက်ဆုံးတော့ ၀ယ်ထားတဲ့ ငါးလည်းသိမ်း၊ ပါတဲ့ ပိုက်ဆံလည်းယူ၊ လူလည်း ဖမ်းခံလိုက်ရပါသတဲ့။ လုပ်အားတောင် ပေးခဲ့ရသေးတယ်ဆိုလား။ ၄ ရက်တိတိ အချုပ်ထဲမှာ နေခဲ့ရတယ် လို့ ဆိုပါတယ်။

ဒီလူကြီး အလုပ်ကို မလာတော့ အဖေကလည်း သူ့စောင့်နေရင် အလုပ်နှောင့်နှေးမှာမို့ နောက်တယောက် အမြန်ရှာပြီး အစားထိုးလိုက်ရတာပေါ့။ ဒီတော့ သူ့မယ် .. လုပ်အားခလဲ ဆုံး၊ အချုပ်လဲခံရ၊ အလုပ်လဲပြုတ် တဲ့ ဘ၀ရောက်တော့တာပါပဲ။ အင်းလေ … သူကလည်း သူပဲ … အရက်သောက်ထားတာကိုး … ရဲက မျက်စိနောက်လို့ လားမှ မသိတာ လို့ ကြံဖန် တွေးကြည့်မိတယ်။ တယောက်ကတော့ ပြောတယ် … ဒါက အရက်နဲ့ မဆိုင်ပါဘူး၊ ပါစင်နယ်လတီနဲ့လည်း ဆိုင်တယ် တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပ။ စုတ်တီးစုတ်ပြတ် ၀တ်စားဆင်ယင်ပြီး ရုပ်ရည် မတင့်တယ်သူတယောက် အရက်သောက်မယ်ဆို သတိသာထားလို့ လက်တို့လိုက်ကြပါအုံး။ မဟုတ်ရင် နေရင်း ထိုင်ရင်း အချုပ်ခန်းထဲ ရောက်နေမှဖြင့် … ။

အင်း …. ကျမလည်း တနေ့တနေ့ ဘာတွေ နားထောင်မိ ဖတ်မိနေလဲ မသိပါဘူး။
လူက ရယ်ရမလို ငိုရမလို …
မုဒိတာပွားရမလိုလို ကရုဏာထားရမလိုလို …
အို …ဗြဟ္မစိုရ်တရားဆိုတာ ကိုယ်နဲ့ လားလားမှ မထိုက်တန်တာ။
တော်ပြီ … မျက်စိမှိတ် နားပိတ်ပြီး အိပ်နေတော့တာပဲ ကောင်းလေမလား။
***
မေဓာဝီ
22.3.07
10:50 am

Read More...

Wednesday, March 21, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၁၀)

သို့
ကိုပြူးကျယ်

ပြီးခဲ့တဲ့ တပတ်က ပေးစာ အပိုင်း (၉) မှာ နမူနာ တေးထပ်မပါဘဲ ဥပဒေသတွေချည်း ရေးပေးလိုက်လို့ ခပ်ရှုပ်ရှုပ် ဖြစ်သွားသလား မသိဘူး။
ဒီတပတ်မှာတော့ နမူနာ တေးထပ်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဒီနမူနာ တေးထပ်နဲ့ ပြီးခဲ့တဲ့ တပတ်က ရေးခဲ့တဲ့ ဥပဒေသ တွေနဲ့ တိုက်ပြီး ကြည့်မယ်ဆိုရင်တော့ နားလည်ကောင်းပါရဲ့။ ကျမလည်း ဒီ့ထက်ပို မရှင်းတတ်လို့ပါ။ ကိုယ့်ဟာကိုယ် ဖတ်ကြည့်တာလည်း ခပ်ရှုပ်ရှုပ်ရယ်..။

အခု ဖော်ပြမယ့် နမူနာ တေးထပ်ကတော့ ကိုယ်တွင်းပြည့် ပိုဒ်စုံ တေးထပ်တပုဒ်ပါ။ ပိုဒ်စုံ ရတုမှာ ၃-ပုဒ် ရှိသလိုပဲ ပိုဒ်စုံတေးထပ်ကလည်း ၃-ပိုဒ် ရှိပါတယ်။ ကိုယ်တွင်းပြည့် ဆိုတဲ့အဓိပ္ပါယ်ကတော့ အပိုဒ်တိုင်း အပိုဒ်တိုင်းရဲ့ ပါဒတိုင်းကို ကာရန်ကိုက်အောင် ရေးဖွဲ့ထားခြင်းကို ဆိုလိုတာပါပဲ။ အချီပိုဒ်နဲ့ အချပိုဒ်၂ ခုထဲ ကာရန်ညီအောင် ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပထမစာပိုဒ်မှာပါတဲ့ ပိုဒ်ရေ ၁၈ပိုဒ် လုံးနဲ့ ဒုတိယ တတိယစာပိုဒ်က ပိုဒ်ရေ ၁၈ ပိုဒ်လုံး ကာရန်ညီပါတယ်။ ရေးဖွဲ့ရတာ အင်မတန် ခက်မယ် ထင်တာပါပဲ။ ဒီ တေးထပ်တွေကို မူရင်းသတ်ပုံအတိုင်း ပြန်ရိုက်ပေးထားပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
“ခန်းတော်ဝင် မနောဟရီ အိပ်မက်ဖွဲ့”
(၁)
ရွှေနံ့သာ-ထုံကာသ၊ စုံစွာပ-စီခြယ်၊
ဖုံဇာမြ-ကတီလယ်မှာ၊ မဒီမယ် စက်မြန်း။
မြင်မက်တဲ့-သုပိန္နံ၊ မှုကြိမ်ဖန်-တွေ့ပေါ့တခန်း။
ချစ်သူနှင့်-တွေ့ကာယှဉ်၊ မွေ့ရာတွင်-ဖက်ယမ်း။
ငွေ့ဇာသင်-တက်လှမ်းလို့၊ တသက်တန်း-ကြံကာ။
အုံးတော်ကို-ယောင်ကာဖက်၊ တောင်ညာရှက်-ရှက်ရလေတာ။
မေချစ်တဲ့-ကိုဒေ၀ါရယ်၊ ပျိုမေမှာ-လာမကလိပါနှင့်။
တချိချိ-ပန်းလှပါသရှင်၊ ခန်းဝ-ဇာသဉ်။
ရှောင်ရှားဘို့-ပဏာဆင်မယ်။
ကညာခင်-ထိတ်လွန်းလို့လေး။… ။

(၂)
မေကညာ-ကြုံပါရ၊ တုန်ကာဖျ-ကျီဆယ်။
အုံနာလှ-မဒီမယ်မှာ၊ မကြည်ဖွယ်-ရှက်သန်း။
ကြင်ဖက်နှင့်-ညုချိန်မှန်သည်၊ သုပိန္နံ-ပေးရော့ အဆန်း။
လျစ်လျူသင့်-မေ့ညာခင်၊ ငွေ့ဇာသဉ်-လက်လှမ်း။
တွေ့ကာယှဉ်-မပျက်တန်းဟာမို့၊ ဘ၀ဂ်မှန်း-ပန်ထွာ။
ဘုန်းမော်ပျို-ရှောင်ခွါထွက်လျှင်ဖြင့်၊ မောင်ညာခက်-ခက်ကြလေမှာ။
သွေမပစ်နဲ့-ဆိုပေရှာတယ်၊ ငိုနေမှာ-တကယ်အတိပါရှင့်။
ကလိ,ကလိ-စန်းလသာတွင်၊ မြန်းကြွလာရှင်။
ထောင်လွှားဘို့-ကညာတင်မယ်၊ နှစ်ဖြာပင်-စိတ်ယွန်းနှစ်စို့လေး။ … ။

(၃)
ဖေအသာ-ငုံကာစ၊ လုံညာက-ရည်မယ်။
မှုန်ဇာသ၊ အတည်ခြယ်တာ၊ ပလီဖွယ်-ပျက်ခန်း။
ရွှင်လျက်နှင့်-ရှုကြိမ်ဖန်တယ်၊ လူ့ဇိမ်စံ-ပေးပေါ့နှစ်ပန်း။
လှစ်ကြူရှင့်-လေ့လာလျှင်၊ သွေ့ပါရင်-ပက်ဖျန်း။
ရှေ့ကြာလျှင်-အသက်နွမ်းမှာမို့၊ မထွက်တန်း-စံမှာ။
နုန်းသော်ဆို-ပြောင်ကာစွက်၊ ယောင်ကာဖက်-ဖက်မိလေတာ။
ပွေရစ်ဖွဲ့-ထိုထွေဖြာတယ်၊ ဆိုလေတာ-မေမချိတာမို့၊
တအိအိ-နွမ်းသဖျ ဟာ,ဟင်၊ ပန်းလှပါသရှင်။
မောင်ကစားလို့-နှစ်ဖြာရွှင်တယ်၊ စက၀ါပင်-ရိပ်ကွန်းမို့လေး။ … ။

***
နောက်တပုဒ်ကတော့ ပုလဲသွယ် တေးထပ်ပါ။
ပုလဲသွယ် တေးထပ်ဆိုတာကတော့ ပုလဲသွယ် ပုလဲကုံးလေးတွေလိုမျိုး ခေါင်းစဉ်အက္ခရာကို သွယ်တန်းပြီး ရေးဖွဲ့အပ်တဲ့ တေးထပ်မို့ ပုလဲသွယ် တေးထပ်လို့ခေါ်ပါသတဲ့။
တိုတိုပြောရရင် ရှေ့ဆုံးစာလုံးတွေကို တန်းစီဖတ်ရင် အဓိပ္ပါယ်ထွက်တဲ့ တေးထပ်ပေါ့။

ပုလဲသွယ်တေးထပ်မှာလည်း တထပ်ကျော့ ပုလဲသွယ်နဲ့ နှစ်ထပ်ကျော့ ပုလဲသွယ်ဆိုပြီး ရှိပြန်ပါတယ်။
စာပိုဒ်ရေ ၁၈ ပိုဒ်အနက် မ- ၉ ပိုဒ်ရဲ့ အစ စာလုံးတွေကိုသာ ယူထားရင် တထပ်ကျော့ ပုလဲသွယ်၊ ၁၈-ပိုဒ်လုံးရဲ့ အစ စာလုံးတွေကို ယူထားရင် နှစ်ထပ်ကျော့ ပုလဲသွယ်လို့ ဖော်ပြထားပါတယ်။
တခုရှိတာက နှစ်ထပ်ကျော့ ပုလဲသွယ်တေးထပ်မှာ အစစာလုံးတွေကို ဖတ်ရင် ၁-၃-၅-၇-၉-၁၁-၁၃-၁၅-၁၇ပြီးမှ ၂-၄-၆-၈-၁၀-၁၂-၁၄-၁၆-၁၈ ဆိုပြီး ဖတ်ရပါမယ်။ နမူနာကို ဖတ်ကြည့်ရင်တော့ ပိုရှင်းမှာပါ။
***
“တထပ်ကျော့-ပုလဲသွယ်”
တင်းဂုဏ် စုံပျံ့လို့၊ ဘုံမဆံ့-တက်ဝေ၊
ထုံရနံ့-မက်မပြေအောင်၊ ကျက်သရေ-ဆောင်နှင်း။
မြို့တကာ့-မြို့တခွင်၊ မြို့ဘုရင်-ထူးတဲ့မြို့မင်း။
ပုဗ္ဗေစက်-ပဏ္ဍိတေ၊ ဥာဏ်ရှိထွေ-ထိန်လင်း။
ဗ္ဗာလလူ-ပျောက်ကင်းလို့၊ တောက်အဆင်း-ရောင်ဝါ၊
ရုံတရုံ-ပါကဋပါပေါ့၊ သာသနာ့-ထွန်းဖို့ဖန်လာ။
စာသုတ္တန်-၀ိနယာငယ်၊ ဘိဓမ္မာ-သွင်မူမချို့တာမို့၊
သင်ယူစို့-များထွေထွေ၊ ပျားသို့အုံနေ။
တိုက်တော်မြတ်-ဂုဏ်မတေငယ်၊ ထုံသရေ-တင့်ကြောင်းပလေး။…။

ဒီတေးထပ်မှာ အစစာလုံးတွေချည်းပဲ ဖတ်ကြည့်ရင် “သထုံမြို့ ပုဗ္ဗာရုံ စာသင်တိုက်” လို့ တွေ့ရပါမယ်။ နှစ်ထပ်ကျော့ကို ဆက်ကြည့်ပါအုံး။

ဥပဒေသဆောင်ပုဒ် “နှစ်ထပ်ကျော့-ပုလဲသွယ်”
နည်းတုံ-ပြကုန်ကြ၊ ပုံက ဆန်းကြယ်၊
လုံးဆင့်ဆင့်-တန်းသွယ်သည်၊ ကဗျာဝယ်-ဥာဏ်နု။
စီပုံနည်း-တွေးလေ့လာ၊ ရေး၍သာ-စပ်တော့စီမှု။
ခေါင်းစဉ်၌-အမြင်သာ၊ လျှင်မကြာ-ယခု။
စဉ်အလာ-စံတုလို့၊ ပုလဲဥ-ပမာ။
ပြီးစီးရန်-ဇွဲဝယ်မွေ့၊ လဲလှယ်၍-ထပ်ဘို့ကြံပါ။
လိုကျ-ရွယ်မှန်းရာကို၊ သွယ်တန်းကာ-၀ိုက်ပြလို့၊
ပိုဒ်အစ-ခေါင်းစဉ်ယူ၊ ဖြစ်၏သာဟူ။
ထူးပ-မည်မတူတယ်၊ သည်နမူ-နှစ်ထပ်ကျော့လေး။ … ။

ဒီနှစ်ထပ်ကျော့မှာတော့ ခုလိုဖတ်ရပါမယ်။
“တလုံးစီ ခေါင်းစဉ်ပြီး အပိုဒ် အစက ရေးလျှင် ပုလဲသွယ် ဖြစ်သည်” တဲ့။
***
ရှည်လည်း ရှည်သွားပြီ၊ လက်လည်း ညောင်းနေပြီ။ ဖတ်သူများလည်း ငြီးငွေ့ရော့မယ်။
နောက်တပတ်မှ ပဒေသာတေးထပ်တို့ စကြာတေးထပ်တို့ ဆက်ကြဦးစို့ရဲ့။
***
မေဓာဝီ
21.3.07
9:00 am

Read More...

Tuesday, March 20, 2007

ကျီးကန်း နှင့် ထန်းသီး

မတော်တဆဖြစ်ခြင်း (accident) ဆိုတာ ဗုဒ္ဓဘာသာမှာ မရှိဘူးဆိုပြီး ဆရာတယောက်က ပြောဖူးပါတယ်။ ဖြစ်ရပ်တခုဟာ အကြောင်းကြောင့် အကျိုးဖြစ်တာချည်းပဲ၊ အလကားနေရင်း ဖြစ်ချင်လို့ ဖြစ်တာမဟုတ်ဘူး၊ ကြောင်း-ကျိုး ဆက်နွယ်နေတယ်လို့ ဆရာက ဆိုလိုချင်တာပါ။ ဒါပေမဲ့ ကျမတို့ နေ့စဉ် အရပ်ထဲမှာတော့ မတော်တဆ ဖြစ်တယ် - အက်ဆီးဒန့် ဖြစ်တယ် လို့သာ သုံးနှုံးနေကြပါတယ်။ ဒီလိုမတော်တဆ ဖြစ်ရပ်တွေ ကြုံလာတဲ့ အခါမှာလည်း ကြောင်းကျိုးဆက်စပ်ပြီး စဉ်းစားမိသူတွေရှိသလို မတော်တဆမှာတင် လမ်းဆုံးသွားတဲ့ သူတွေလည်းရှိပါတယ်။

မတော်တဆမှုတွေ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့လာတဲ့အခါ ထန်းသီးကြွေခိုက်-ကျီးနင်းခိုက် လို့လည်း ပြောလေ့ရှိကြတယ်။ ထန်းသီးက ကြွေချိန်တန်လို့ ကြွေတာလား၊ တကယ်ပဲ ကျီးနင်းလိုက်လို့ ကြွေတာလား။
ထန်းသီးကြွေတော့မယ့် အချိန်မှာ ကျီးက ထန်းသီးပေါ် နင်းလိုက်မိတယ်၊ ထန်းသီးက ကြွေပြီးတော့ ထန်းပင် အောက်က လူပေါ်ကျတယ် ဆိုပါတော့၊ ဒီဖြစ်ရပ်မှာ .. ကျီးကန်းရဲ့ အပြစ်လား၊ ထန်းသီးရဲ့ အပြစ်လား၊ လူရဲ့ အပြစ်လား။
ကျမ မတွေးတတ်ခဲ့ပါဘူး။
***
ဖြစ်ရပ်ကလေးတခု ပြောပြချင်ပါတယ်။
မနေ့ည (၁၈-၃-၀၇) ၉ နာရီ ခန့်က တောင်ဒဂုံမြို့သစ် ကျန်းမာရေး မှတ်တိုင်အနီး ကားလမ်းမပေါ်မှာ ဖြစ်ပျက်ခဲ့တာပါ။

ညဘက်မှာ မီးကပျက်နေပါတယ်။
ဘတ်စ်ကားပြေးတဲ့ လမ်းမကြီးဆိုတော့ ကားတွေကတော့ တ၀ီဝီ နဲ့ ပြေးလွှားမောင်းနှင်နေကြတယ်။
ပြင်ဆင်မှု ကင်းတဲ့ လမ်းက ချိုင့်ခွက်ပေါင်းများစွာနဲ့ မဲမဲမှောင်လို့ပေါ့။
အဲဒီအချိန်မှာ စက်ဘီးလေးတစီး ခပ်ဖြည်းဖြည်း နင်းလာတဲ့ လူတယောက် …
မှောင်နေလို့ လမ်းမထက်က ချိုင့်ခွက်ကို မမြင်ဘဲ နင်းမိတယ် ..
စက်ဘီးက ချိုင့်ထဲကျ - ယိုင်အလဲ
နောက်က မောင်းနှင်လာတဲ့ မီးသွေးတင် ကုန်ကားကြီးက ဖြတ်အသွား …
“၀ုန်း”
“ကျွိ …..…”
(((( အား ))))
နောက်ဆုံးမှာတော့ စက်ဘီးသမား ခေါင်းကို ကားကြိတ်မိလို့ ခေါင်းပြားပြီး ဘ၀ဆုံးရရှာပါတယ်။
ဦးနှောက်ဖြူဖြူတွေလည်း တလမ်းလုံး မွစာကျဲလို့ပေါ့။
သူဝယ်လာတဲ့ ခေါက်ဆွဲထုပ်ထဲက ခေါက်ဆွဲဖတ်လေးတွေဟာလည်း … မညီညာတဲ့ ကတ္တရာလမ်းမထက်မှာ ပြန့်ကျဲလို့။

လူတွေက ၀ိုင်းအုံနေကြတယ်။
တာဝန်ရှိသူတွေက ရောက်မလာ။
ကားမောင်းသူကတော့ ထွက်ပြေးသွားပြီ။
လောလောဆယ် မပြေးလို့လည်း မဖြစ်ဘူးလေ …
အဖမ်းခံရမှာထက် ရပ်ကွက်က လူတွေ ဆွမ်းကြီးလောင်းကြတာနဲ့ နေရာမှာတင် သေသွားနိုင်လောက်တာကိုး။

တယောက်တပေါက် စကားသံတွေ ဆူဆူညံညံ။
ကွယ်လွန်သူရဲ့ ပိုင်ရှင် ဘယ်မှာလဲ … ။
ကွယ်လွန်သူဟာ ဘယ်သူလဲ …။
ပိုင်ရှင်မဲ့ စက်ဘီးကလေးက မြေမှာ လဲလျောင်းနေသလို …
ပိုင်ရှင်ရဲ့ အသက်ကင်းမဲ့ ခန္ဓာကိုယ်ဟာလည်း ဦးခေါင်းကြေမွလျက် မြေပေါ်မှာ …. လဲလျောင်း … ။
ဒီလိုနဲ့ မိုးစုပ်စုပ်ချုပ်သည်ထိ ဆိုပါတော့ … ။
***
ဒီအဖြစ်ကို ကြားရတော့ ကျမ စဉ်းစားမိပါတယ်။
ဒီကိစ္စမှာ ဘယ်သူ့ကို အပြစ်ပြောရမလဲ … ဘယ်သူ့ကြောင့်လဲ …. လို့ တရားခံ ရှာကြည့်မိတယ်။
စက်ဘီးသမားရဲ့ အပြစ်လား၊
ကားသမားရဲ့ အပြစ်လား၊
စက်ဘီးသမားကလည်း သူ့ခရီးသူ စီးနေတာပဲ။
ကားသမားကလည်း သူ့လမ်းကြောင်းသူ မောင်းနေတာပဲ။
စက်ဘီးသမားက ကံမကောင်း အကြောင်းမလှတာပေါ့ …
အင်း ကားဆရာလည်း အတူတူပါပဲလေ … အသက် မသေပေမဲ့ ရင်ဆိုင်ရအုံးမယ့် အမှုတွေ … ။
သူတို့ နှစ်ဦးလုံး ကံဆိုးလိုက်ကြတာပါလား … ။

ဘာပဲဖြစ်ဖြစ် ဖြစ်ရပ်တခုဟာ အကြောင်းမဲ့တော့ မဖြစ်ပါဘူး။
အကယ်၍သာ ဒီအချိန်မှာ လျှပ်စစ်မီးလာနေရင် …
အကယ်၍သာ ဒီအချိန်မှာ ညီညာပြန့်ပြူးတဲ့ လမ်းဖြစ်နေရင် …
သူတို့ဟာ ဒီကြမ္မာဆိုးနဲ့ တွေ့ကြုံရမှာ မဟုတ်ပေဘူး လို့လည်း တဆက်တည်း တွေးမိပါတယ်။
ဒီတော့ မီးကို အပြစ်တင်ရမလို … လမ်းပေါ် အပြစ်ပုံချရမလို ဖြစ်ပြန်ရော … ။

ဗုဒ္ဓတရားတော်အတိုင်း တွေးမယ်ဆိုရင်တော့ …
သူတို့နှစ်ယောက်လုံး ဒီအချိန်မှာ အကုသိုလ် အကျိုးပေးခွင့်နဲ့ ကြုံကြိုက် တိုက်ဆိုင် လာလို့ပေပဲ … ။
ကိုယ်ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံ တွေဟာ ကိုယ့်နောက်က ထပ်ချပ်မခွါလိုက်နေတာ .. တဲ့။ အကျိုးပေးခွင့်ကြုံတာနဲ့ တပြိုင်နက် မဆိုင်းမတွ အကျိုးပေးတော့တာပဲ … တဲ့။
အင်း ….
သူတို့ အကုသိုလ်တွေ အားကြီးနေလွန်းလို့သာ ဒီအချိန်မှာ မီးကလည်း ပျက်ပေးရ၊ လမ်းကလဲ ပျက်ပေးရတာ နေမှာပါလေ …. လို့ စိတ်ကို လျှော့ရင်းသာ တွေးမိပါတော့တယ်။
***
မေဓာဝီ
19.3.07
3:40 pm

Read More...

Monday, March 19, 2007

နွေလည်နေ့ အတွေး ...

အိမ်ထဲမှာ ထိုင်နေရင်း “ပူလိုက်တဲ့နွေ” လို့ ညည်းတွားမိတယ်။
အခုမှ မတ်လပဲရှိသေးတယ် … ဒါလောက်ပူနေရင် ဧပြီ-မေ နှစ်လ ဘယ်လိုများ စခန်းသွားရပါလိမ့် … လို့ စိတ်အိုက်အိုက်နဲ့ တွေးမိပါတယ်။ နွေမတိုင်ခင်ကတော့ ဒီနှစ်နွေမှာ မေမြို့သွားမယ်၊ တောင်ကြီးသွားမယ် စသဖြင့် အပူရှောင်ဖို့အရေး ဟိုဟိုဒီဒီ တွေးခဲ့ကြပေမဲ့ တကယ်တမ်း နွေရောက်ပြန်တော့လည်း အိမ်နဲ့ အလုပ်ကို ပစ်ထားခဲ့လို့ မရတာကြောင့် ဒုံရင်း ဒုံရင်း အပူတောမှာ မျောနေခဲ့ရပြန်ပါတယ်။

တအိမ်လုံးမှာ အပူဆုံးအခန်းက ကျမအခန်းလို့ ဆိုရမလားမသိပါဘူး။ မနက်နေထွက်ချိန်မှာ ကျမအခန်းကိုနေရောင် တိုက်ရိုက်ဝင်သလို မွန်းလွဲတဲ့အခါမှာ ကျနေ ပူပူကလည်း ကျမအခန်းထဲ ၀င်ပါသေးတယ်။ ဘယ်လိုမှ ရှောင်တိမ်းမရဘဲ တနေကုန် နေပူမိတဲ့ ကျမရဲ့ အခန်းကလေးပေါ့။ တော်သေးတာက အခန်းခေါင်းရင်းမှာ မန်ကျည်းပင် တပင်ရှိပြီး အခန်းတောင်ဘက်မှာတော့ ကံ့ကော်ပင်အုပ်အုပ် ရှိနေလို့ပါပဲ။

မနက်ခင်းကနေ ၁၁ နာရီလောက်ထိ ကျမအခန်းလေးက နေလို့ကောင်းပေမဲ့ မွန်းလွဲပြီဆိုတာနဲ့ တဖြည်းဖြည်း အပူဓာတ်က တိုးလာပါတော့တယ်။ လေအေးစက်ဖွင့်လည်း အပူဒဏ်ကို တိုးမပေါက်ပါဘူး။ ဒါကြောင့် မထူးတဲ့ တူတူတော့ လျှပ်စစ်ဓာတ်အားကို ချွေတာတဲ့အနေနဲ့ ပြတင်းပေါက်တွေသာ ဖွင့်ပြီး နွေနေ့လည်ခင်းကို အန်တုရပါတယ်။

“နေမင်း …. သူရိန် …. အပူရှိန်က ….ပြင်း ….”
သီချင်းနားထောင်မယ်ဆိုပြီး ဖွင့်လိုက်မိတော့ မေလှမြိုင်ရဲ့ “နွေဦးတေးသံ” သီချင်းက ပူပြင်းလှတဲ့ နွေနေ့ခင်းမှာ ညင်းညင်းသွဲ့သွဲ့ ထွက်ပေါ်လာပါတယ်။ နေးတစ်မှာ ဦးမောင်ကို တင်ပေးထားတုန်းက ဒေါင်းလုတ်ယူထားတဲ့ မြန်မာသီချင်း တပုဒ်ပါ။ မေလှမြိုင်ရဲ့ နွေပြီးတော့
“တွန်သံချိုတဲ့ နွေဥသြငယ်ရယ် ….” ဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ နွေကို နားထောင်မိပြန်တယ်။

နွေနေ့ခင်းမှာ နွေသီချင်းတွေ နားထောင်ရင်း တဖြည်းဖြည်း ကျမ အခန်းလေးက ပူလာတော့ ဆက်ပြီး နေလို့ မရတော့ပါဘူး။ ဒါနဲ့ပဲ လုပ်လက်စ အလုပ်တွေ လက်စသတ်ပြီး အေးရာအေးကြောင်း စာအုပ်ဖတ်ရင်း မှိန်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ စာအုပ်တအုပ်ယူပြီး အမေ့အခန်းထဲ သွားလိုက်ပါတယ်။

စာအုပ်က ဆရာကြီးမင်းသုဝဏ်ရဲ့ “ပျဉ်းမငုတ်တို” စာအုပ်ပါ။ ဒီစာအုပ်ဟာ ကျမ အလွန်ကြိုက်နှစ်သက်ပြီး ငယ်ငယ်ထဲက အထပ်ထပ် ဖတ်လည်း ဘယ်တော့မှ မရိုးနိုင်တဲ့ စာတအုပ်ပေါ့။ ဆရာကြီးမင်းသုဝဏ်ရဲ့ ဆောင်းပါး၊ စာတမ်း၊ ဟောစာနဲ့ ကဗျာတွေကို စုစည်းပြီး ၁၉၆၈ ခုနှစ်က ထုတ်ဝေထားတဲ့ စာအုပ်ကလေး ဖြစ်ပါတယ်။ ဒီစာအုပ်ထဲက “တို့ကျေးရွာ” ဆိုတဲ့ ဆောင်းပါးလေးမှာ ပါတဲ့ “ခါနွေဆန်းတော့ လွမ်းမိတယ်” ကဗျာလေးဟာလည်း ကျမ ကြိုက်လွန်းလို့ ငယ်ငယ်တုန်းက အလွတ်ကျက်ထားခဲ့ဖူးပါတယ်။

ကဗျာစပ်တဲ့ပုံစံ၊ ကာရန်ယူသွားပုံနဲ့ စကားလုံးတွေ သုံးနှုန်းသွားပုံတွေဟာ လှလွန်းလို့ ဖတ်လိုက်တာနဲ့ မျက်စိထဲမှာ မြင်ယောင်လာ စေပါတယ်။ ငယ်စဉ်က အဲဒီပုံစံနဲ့ စမ်းပြီးရေးဖွဲ့ကြည့်ပေမဲ့ ဟုတ္တိပတ္တိလည်း ရေးဖွဲ့လို့ မရခဲ့ပါဘူး။ ကဗျာလေးကို အမြည်းပေးလိုက်ပါတယ် …. ဖတ်ကြည့်ကြပါအုံး။

“ခါနွေဆန်းတော့ လွမ်းမိတယ်”

ဆန်းစခါနွေ
သာတပေါင်းမို့ ညှာညောင်းကြွေ
ပြေပြေရောရု
မြအသွေး ရွှေရေးလုလို့
ရတုအညီ
မြေသို့သက်တဲ့ ရော်ရွက်ရီကို
ပလီပလာ တီတာတာ
သည်ခါဓလေ့
နွေအကူး လေရူးဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဘား မြီးဖျားလိုက်သို့
မြိုင်တိုက်စုံယံ ရွက်ဟောင်းပျံသော် …..
…. …. ….
…. …. ….
တလှိုင်လှိုင်ပေါ မြိုင်တကြော
တောစပယ်ဖြူ
ဝတ်မှုန်ကျင်းတဲ့၊ သင်းကြူကြူကို
လေချူလို့လွှင့်
ပန်းထုံတဲ့လေချိုမှာ၊ ရွှေချိုးပျိုကူသံဆင့်ပေလိမ့် …
…. …. ….
…. …. ….


ဒီနွေနဲ့ ဒီကဗျာ … လိုက်လည်း လိုက်ဖက်ပါဘိ။
ကဗျာက အရှည်ကြီးမို့ အစအဆုံး ရေးမပေးလိုက် တော့ပါဘူး။
ဒီစာအုပ်ထဲမှာပဲ ဆရာကြီးရဲ့ နောက်ထပ် ကဗျာတပုဒ် ဖတ်လိုက်ရပါသေးတယ်။ အဲဒါကတော့ …

“နွေဦးမြိုင်လယ်”

ဝဲကာပျံကာ၊ ဤမြိုင်ချာ၌
အာကာခရီး၊ လေယာဉ်စီး၍
ကိုယ်ထီးငြိမ်လျက်၊ မြေသို့သက်သည်
ကြွေရွက်ဝါလော … လိပ်ပြာလော။

အလို .. ဆန်းသစ်၊ ပျိုမျစ်မျစ်တည့်
ကြင်ချစ်ဖွယ်ရာ၊ ပင်တိုင်းမှာလျှင်
ပြူကာတစု၊ ပေါ်တစုသည်
မြနုသစ်လော … ပုရစ်လော။

လေပြည်၌တွင်၊ ပျော်မြူးရွှင်၍
ကြည်လင်လဲ့လဲ့၊ ကြူးရင့်ဖွဲ့လျက်
နွဲ့နွဲ့နှောင်းနှောင်း၊ ငြိမ့်ငြိမ့်ညောင်းသည်
နတ်စောင်းသံလော … ငှက်သံလော။

***
အမေ့အခန်းလေးက သိပ်မပူလှတာမို့ စာဖတ်ရင်း ဖတ်ရင်းနဲ့ လူကလည်း မှေးမှေး မှေးမှေးနဲ့ ငိုက်လာပါတယ်။ ဒါနဲ့ပဲ စာအုပ်ကလေး ဘေးချပြီး အိပ်ရာထက်ကနေ မြင်နေရတဲ့ ပြတင်းပေါက် မှတဆင့် ကောင်းကင်ပြာပြာ ကြီးကို ကြည့်ရင်း စာရေးဖို့ စိတ်ကူးတည့်ရာ ဟိုဟိုဒီဒီ တွေးနေမိတယ်။
နွေလည်နေ့ အတွေးဆိုတော့လည်း ခပ်နွေးနွေးပေါ့။
***
မေဓာဝီ
19.3.07
10:20 am

Read More...

Sunday, March 18, 2007

ဘကြီးဘဘေ ဆိုတာ ...

“ဘကြီးဘဘေ ဆိုတာ ဘယ်သူမှန်း မသိလို့ နည်းနည်းလောက် မိတ်ဆက်လေးသိပါရစေခင်ဗျာ။”

myth59 က တနေ့ကရေးတဲ့ ဘကြီးဘဘေပို့စ်ရဲ့ ကွန်မန့်ထဲမှာ အဲဒီလို မေးထားပါတယ်။
တကယ်တော့ ကျမလည်း ဘကြီးဘဘေဆိုတာ ဘယ်သူမှန်း သေချာ မသိပါဘူး။
စာအုပ်အဖုံးမှာ “ခေါင်းဆောင်ကြီး ဦးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ” လို့ ရေးထားတဲ့အတွက် ဦးဘဘေဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ခေါင်းဆောင်ထဲက တဦးဖြစ်လိမ့်မယ်လို့သာ သိထားပါတယ်။ ခေါင်းဆောင်ဆိုတော့ ဖေ၊ ပု၊ ရှိန်ထဲက ဦးဘဖေ(ဘေ) များလားလို့လည်း စဉ်းစားမိပါတယ်။ ကျမ သေချာ မဆုံးဖြတ်တတ်တဲ့အတွက် စာအုပ် မျက်နှာဖုံးနဲ့ အတွင်းပထမ စာမျက်နှာမှာပါတဲ့ မှုန်ဝါးဝါး ပုံလေးကို စကန်ဖတ်ပြီး တင်ပေးလိုက်ပါတယ်။
ဒီစာအုပ်ထဲမှာ ဦးဘဘေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရှာကြည့်တော့ ဟံသာဝတီ သတင်းစာ အယ်ဒီတာကြီး ရေးထားတဲ့ နိဒါန်းထဲမှာသာ ရိုးတိုးရိပ်တိပ် ပါဝင်တာ တွေ့ရပါတယ်။ ဒါကြောင့်မို့ အဲဒီ နိဒါန်းကိုပဲ အစအဆုံး ပြန်ရိုက် ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြပါတော့။
***
နိဒါန်း

၁၉၄၆-ခုနှစ်၊ ဧပြီလ ၂၁ ရက် နေ့က “ဟံသာဝတီ”နေ့စဉ် သတင်းစာ အယ်ဒီတာသည် ရန်ကုန်မြို့ လူအိုရုံလမ်း ဦးဘဘေ၏ ထံသို့ ရောက်သွားခဲ့၏။
အချင်းချင်း အလ္လာပ သလ္လာပ စကားများ ပြောဆိုပြီးသည့်နောက် အယ်ဒီတာက-
“ဦး .. ကျွန်တော်တို့ သတင်းစာ အတွက် ဆောင်းပါးရေးပေးပါ” ဟု ဆိုရာ …. “ဘာရေးရမှာလဲကွ” ဟု ပြန်၍ မေးလိုက် တော့၏။
“ဟာ … ဘာရေးရမယ် ကျွန်တော်တို့က ပြောနေရအုံးမှာလား … ဦးရေးချင်တာ ရေးပေါ့၊ ဦးရေးသမျှဟာ တန်ဘိုး ရှိမှာပဲ” ဟူ၍ ပြောရာ … “အေး” ဟူသော စကားတလုံးကိုသာ ဦးဘဘေက ဆိုလိုက်၏။

ဧပြီလ ၂၃-ရက်နေ့တွင် “ဘကြီးဘဘေ ဆောင်းပါးရေးပြီ” ဟူသော စာလုံးနှင့် ဟံသာဝတီ သတင်းစာတွင် ပဌမ နေ့စဉ်၊ နောက်တပါတ်လျှင် ၃-ကြိမ် ထည့်သွင်းလာရာ (ဤစာရေးသည့် နေ့အထိ) နံပါတ် ၉၈ သို့ ရောက်နေလေပြီ။

ဦးဘဘေ၏ အတ္ထုပ္ပတ္တိကို ရေးရသော် ဇိနတ္ထပကာသနီကျမ်းမျှ စာမျက်နှာများစွာ ရေးမှ စုံနိုင်ပေမည်။ ၀ါကျ တကြောင်းထည်းနှင့် ဦးဘဘေ၏ အတ္ထုပ္ပတ္တိကို ရေးရသော် “မြန်မာရာဇ၀င်နှင့် တပါထည်း နောက်ဆုံးခေတ် အထိ လိုက်ပါလာသော “ဘကြီး” ဟူ၍ပင် ရေးသင့်ပေသည်။

ကဗျာရောင် စကားပြေ စာသွားမျိုးလည်းမဟုတ်၊ မှတ်သင့်-မှတ်ရာကို ခွဲ၍ (??) မှတ်စု ထုတ်ပေးဘိသကဲ့သို့ ခဲရာ ခဲဆစ် ပြဿနာ အရပ်ရပ်တို့၏ အကြောင်းများကို ရေးသားထားသော စာမျိုးပင် ဖြစ်သဖြင့်၊ နောင်လာ နောက်သားတို့ ဗဟုဿုတ ရှာမှီးနိုင်ကြစေရန် “နိုင်ငံရေးရာ အဖြာဖြာ”ခေါ် အမည်နှင့် စာအုပ် ထုတ်ဝေ
လိုက်ရပေသတည်း။

အယ်ဒီတာ
ဟံသာဝတီ နေ့စဉ်သတင်းစာ
၉-၁၀-၄၆

***

စာအုပ်က ပိုးကိုက်ထားလို့ တချို့နေရာမှာ ဖတ်လို့မရပါဘူး။ တချို့နေရာမှာတော့ မှန်းပြီး ဖတ်လို့ရပါတယ်။ လုံးဝ ဖတ်မရတဲ့နေရာမှာ (?) သင်္ကေတ ပြပေးထားပါတယ်။
ဘကြီးဘဘေ ဘယ်သူလဲ ဆိုတာ သေချာသိရအောင် စုံစမ်းကြည့်ပါအုံးမယ်။ ကျမ ဘလော့ကို လာဖတ်သူများထဲမှာ ဘကြီးဘဘေကို သိသူများရှိရင်လည်း ပြောပြစေချင်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
***
မေဓာဝီ
18.3.07

9:40 am

Read More...

Saturday, March 17, 2007

အသုံးမကျသော … သူ

ပညာရပ်တခုကို သင်ယူခဲ့ပြီး လက်တွေ့ အသုံးမချနိုင်ပါက မိမိ သင်ယူခဲ့သော ပညာရပ်သည် မည်မျှပင် လေးနက် အဖိုးတန်စေကာမူ မိမိလက်ထဲမှာတော့ တန်ဖိုးမရှိ အချည်းနှီးသာလျှင်တည်း။
ထိုနည်းတူ … အသုံးဝင်သော အရာတခုကို အသုံးမပြုဘဲ ပစ်ထားပါက … အသုံးမကျသော အရာ ဖြစ်သွားနိုင်ပါသည်။

သူသည် … အသုံးဝင်သူ တယောက်လား … အသုံးမကျသူလေလား …
သူ့ကိုယ်သူပင် သံသယဖြစ်နေမိတော့၏။
***
ဒီအလုပ် စလုပ်ခါစကတည်းက သူ့ကို ခင်မင်သူတွေက သတိပေးခဲ့ကြသည်။
“သတိထားနော် … သူတို့က နင့်ကို အသုံးချသွားကြမှာ … အဲဒီ အသိုင်းအ၀ိုင်းက ခပ်ရှုပ်ရှုပ်”
“အသုံးချတယ်ဆိုတာ … အသုံးကျတဲ့သူကိုသာ အသုံးချလို့ရတာပေါ့၊ ငါက အသုံးကျနေလို့ ငါ့ကို အသုံးချကြတာ … ပိုတောင် ဂုဏ်ယူစရာကောင်းသေးတယ်… ငါ အသုံးမကျတဲ့သူ တယောက်ဆိုရင် ငါ့ကိုဘယ်သူက အသုံးချကြမှာလဲ”

အဲဒီလို သူ့ကိုယ်သူ ကြံဖန် ဂုဏ်ယူပြီး ယုံကြည်ချက်အတွက် လမ်းဆက်လျှောက်နေခဲ့သည်။
ဘယ်သူတွေ ဘယ်လိုပြောပြော ဒီအလုပ်လုပ်ရခြင်း၌ သူပျော်မွေ့သည်။ တက်ကြွနေသော သူ့စိတ်ဓာတ်နှင့် ယုံကြည်ချက်တို့ကလည်း သူ၏ ခြေလှမ်းများအတွက် ခွန်အားများသဖွယ် ထောက်ပံ့ပေးနေသည်။ တကယ်တမ်း ကြည့်လိုက်လျှင်တော့ သူ့နောက်မှာ ဘာမှ မရှိ။

အားနာခြင်း၊ ယုံလွယ်ခြင်း၊ တောင်းဆိုလာသည့် အကူအညီများကို မငြင်းဆန်လိုခြင်းများက သူ့အတွက် အခက်အခဲများ ကြုံလာရန် ဖန်လာလေသလား မပြောတတ်။ တော်ရုံတန်ရုံ အခက်အခဲများအတွက်တော့ သူဟာ လဲကျသွားလိုက် ကိုယ့်ကိုယ်ကို အားပေးရင်း ပြန်ထူမတ်လိုက် ဖြင့်သာ ကျော်လွှားခဲ့ရသည်။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေ ဘေးလူများ၏ အမနာပ ပြောစကားတွေကို များသောအားဖြင့် လစ်လျူရှုခဲ့သည်။

တဖြည်းဖြည်း ဒီလုပ်ငန်းတွင် ကိုယ်ရော စိတ်ပါ နစ်ဝင်လာသောအခါ …
လုပ်ငန်းတွင်း၏ ရှုပ်ထွေးမှုများ၊ ကိုယ်ကျိုးအတွက်သာ ကြည့်၍ တပါးသူကို မငဲ့ကွက်သည့် လုပ်ဆောင်မှုများ၊ လူတချို့၏ မလိုတမျိုး လိုတမျိုး ဆက်ဆံမှုများ၊ လက်တွေ့လုပ်ဆောင်သူနှင့် စေခိုင်းသူတို့အကြား သံသယကြီးထွားမှုများ၊ မလိုလားအပ်သည့် ပဋိပက္ခများ ….
ဒါတွေကို အမြဲလိုလို ရင်ဆိုင်ရလေသောအခါ …. သူ လစ်လျူရှု၍ မရတော့။
အထက်လူနှင့် အောက်လူတွေအကြား သူ့လို စေတနာ့ဝန်ထမ်းသမားက မနေတတ် မထိုင်တတ် ကြားညပ်ခဲ့ရလေပြီတည့်။

“အစကတည်းက ပြောသားပဲ … ခုတော့ ပဲလှော်ကြား ညပ်တဲ့ ဆားလို ဖြစ်ပြီမဟုတ်လား”
တချို့က သူ့ကိုယ်စား ဒေါမနဿပွား၍ ပြောကြသည်။
ထိုအခါ သူ့ကိုယ်သူ ပြန်စဉ်းစားမိသည်။ တကယ်ပဲ ပဲလှော်ကြားက ဆားဖြစ်နေပြီလား။

ပဲလှော်ကြားက ဆား ဆိုရင်တောင် သူကျေနပ်နိုင်ပါသေးသည်။ ပဲလှော်စားတဲ့အခါ ဒီဆားလေး ငန်မြမြ အရသာ မပါလျှင် မပြည့်စုံပေဘူး မဟုတ်လား။
တကယ်တမ်း သူဟာ ပဲလှော်ကြားက ဆားတပွင့်တော့မဟုတ်နိုင်ပါချေ။
ဖြစ်နိုင်တာကတော့ ဆူးကြားထဲက ဘူးခါးသီးများလား လို့ တွေးမိပါ၏။
ဒီအသီးကြီးထွားဖို့ မြေသြဇာတွေ သဘာဝနေရောင်ခြည်တွေက ထောက်ပံ့ပေးသော်ငြား တဖက်တချက်စီမှ ဆူးတွေ ၀ိုင်းရံထားတာကြောင့် အသီးက မကြီးထွားနိုင်။ ကြီးထွားခဲ့ရင်တောင် ဒဏ်ရာ ဒဏ်ချက်ပေါင်း များစွာနှင့်။

မြေသြဇာနှင့် တူသော သူ၏ စိတ်ဓာတ်နှင့် ယုံကြည်ချက်၊ နေရောင်ခြည်နှင့်တူသော သူ၏ မျှော်လင့်ချက် … ဒါတွေက မည်သို့ပင် အားကောင်းစေကာမူ … သူ့အတွက် ယုံကြည်ချက်အတိုင်း လုပ်ဆောင်ရန် …မျှော်လင့်ချက် များစွာ ထားရှိရန် … မလွယ်ကူတော့ပြီ။
သူ့ယုံကြည်ချက်တွေ ရင့်သန်လာလေ … သူ့လုပ်ဆောင်ချက်တွေ များပြားလာလေ … ဒဏ်ရာများဖြင့် ပို၍ ပို၍ နာကျင်လာလေသာလျှင် ဖြစ်မည်ဟု တွေးမိလာသည်။ ဒီလို ဒဏ်ရာများဖြင့် ဘူးခါးသီးတလုံးက ဘယ်နေရာမှာ အသုံးဝင်အုံးမှာလဲ … ။ ဘာများ အသုံးကျအုံးမှာလဲ … ။
***
လွှင့်ပစ်လိုက်ကြပါတော့ … ဟို အဝေးကို … ။
လူမသိ သူမသိ တနေရာမှာ ငြိမ်သက်စွာ နားနေရင်း …. ငိုချင်လည်း ငိုနေမည်။
ဒါမှမဟုတ် သီချင်းဆိုချင်လည်း ဆိုနေမည်။
ဒါမှမဟုတ် သဘာဝတရား၏ လှပမှု အကျည်းတန်မှုများကို ငေးမောကာ ကြည့်ချင်လည်း ကြည့်နေမည်။
ဒါမှမဟုတ် အိပ်ရေးဝသည်ထိ နှစ်ခြိုက်စွာ တရေးလောက် အိပ်ချင်လည်း အိပ်နေမည်။
သေချာတာကတော့ သူ အိပ်မက် မက်တော့မှာ မဟုတ်ပါ။
***
နောက်ဆုံးမတော့ အသုံးမ၀င်သော … အသုံးမကျသော … နလပိန်းတုံး တယောက်အဖြစ် ရှင်သန်ရတာ အေးချမ်းသလို အရှိသားဟု …. သူ့ကိုယ်သူ ဖြေသိမ့်ကာပင် တွေးနေမိပါတော့၏။
***
မေဓာဝီ

၁၃၆၈ ခုနှစ်၊ တပေါင်းလကွယ်နေ့
မွန်းတည့် ၁၂ နာရီ

Read More...

Friday, March 16, 2007

ဘကြီးဘဘေ၏ နိုင်ငံရေးရာ အဖြာဖြာ .. အပိုင်း (၂)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က “အမှိုက်ထဲက စာတအုပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပေးခဲ့တဲ့ စာရဲ့ အဆက်ပါ။
သောကြာနေ့မှာ တင်မယ်လို့ ဆိုထားခဲ့ပြီး သောကြာတွေသာ ပြောင်းသွားတယ် အကြောင်းကြောင်းကြောင့် မတင်ပေးနိုင်တဲ့အတွက် ဒီသောကြာမှာတော့ တင်ဖြစ်အောင် တင်လိုက်ပါပြီ။
မူရင်းစာအုပ်နာမည်က “နိုင်ငံရေးရာအဖြာဖြာ” မို့ ဒီတခါတော့ စာအုပ်နာမည် အတိုင်းပဲ တင်လိုက်ပါတယ်။
စာအုပ်ထဲက ကောင်းနိုးရာရာ ရွေးထုတ်ဖော်ပြရင် တအုပ်လုံးနီးပါး ဖြစ်နေမှာမို့ … ဒီတပတ်တော့ ကျမသဘောကျနှစ်ခြိုက်မိတဲ့ “ဝေဘန်ပိုင်းခြားရေး”ခေါင်းစဉ်အောက်က စာအားလုံးကို (စာအုပ်ပါ သတ်ပုံအတိုင်း)ဖော်ပြပေးလိုက်ပါတယ်။
***
ဝေဘန်ပိုင်းခြားရေး

ဝေဘန်ပိုင်းခြား ပြောဆိုရေးသားခြင်းသည် ယခုအခါ အလွန်ပင် အရေးကြီး၍ လာပေပြီ။ ဝေဘန်ရာ၌ ၂-မျိုး ရှိ၏။ ၎င်းတို့မှာ အပြစ်ကို ပြရုံမဟုတ်၊ အပြစ်ရှာရုံမဟုတ်၊ အကျိုးဖြစ်အောင် အကြံဥာဏ်ပေး၍ ဝေဘန်ခြင်း၊ အင်္ဂလိပ်စကားမှာ Constructive Criticism (ကွန်စထရပ်တစ်-ကရိတိစစ်ဇင်း)။ အပြစ်ကိုသာရှာ၍ အကျိုးပျက်အောင် ဝေဘန်ခြင်း၊ အင်္ဂလိပ်စကားမှာ Destructive Criticism (ဒိစထရပ်တစ်-ကရိတိစစ်ဇင်း) ဖြစ်လေသည်။ တနည်းအားဖြင့် ပုဂ္ဂလာဓိဋ္ဌာန် (Personal) နှင့် ဓမ္မာဓိဋ္ဌာန် (Impersonal) အားဖြင့် ဝေဘန်ခြင်းတို့ ဖြစ်လေသည်။

လိုက်နာနေကြသောနည်းများ
ကိစ္စတခု ဝေဘန်ရာ၌ လိုက်နာကြသော နည်းများတွင် အကြမ်းအားဖြင့် ၄-နည်း ရှိ၏။ ၎င်းတို့ကား -
(၁) သူတော်ကောင်းနည်း။
(၂) လူလိမ်နည်း။
(၃) ငါးစိမ်းသည်နည်း။
(၄) လူ့ဗာလနည်း။

သူတော်ကောင်းနည်း
ပဌမနည်းမှာ ကိစ္စတခုကို ဝေဘန်ရာတွင် ၎င်းကိစ္စနှင့် ပတ်သက်၍ မိမိကြိုက်နှစ်သက်ရာကို အကျိုးသင့် အကြောင်းခံ သက်သေ သာဓက ပြ၍ ပြောဟော ရေးသားသော နည်းဖြစ်၍ ပညာရှိ သူတော်ကောင်းတို့ လိုက်နာသော နည်းပင်ဖြစ်ပေသည်။

လူလိမ်နည်း
ဒုတိယနည်းမှာ မိမိကြိုက်နှစ်သက်ရာကို ထင်ပေါ်အောင် အကျိုးသင့် အကြောင်းခံ သက်သေ သာဓကဖြင့် မပြနိုင်သည့် ဝေဘန်သော ကိစ္စကို ဓမ္မာဓိဋ္ဌာန်မှ ပုဂ္ဂလာဓိဋ္ဌာန်သို့ လွှဲပြောင်းသော လှည့်စား လိမ်လည်သော နည်းဖြစ်၏။

ငါးစိမ်းသည်နည်း
တတိယနည်းမှာ မိမိကြိုက်နှစ်သက်ရာသို့ ရောက်အောင် အကျိုးသင့် အကြောင်းခံဖြင့် ပြောခြင်းငှာလည်း မစွမ်း၊ အရှုံးလည်း မပေးချင်သဖြင့် ဝေဘန်သော ကိစ္စမှ လွတ်၍ ဗလာဆဲခြင်း ဖြစ်သော ငါးစိမ်းသည်နည်း ဖြစ်ပေသည်။

လူ့ဗာလနည်း
စတုတ္ထနည်းမှာ မိမိကြိုက်နှစ်သက်ရာသို့ ရောက်အောင် အကျိုးသင့် အကြောင်းသင့် မပြနိုင်၊ ဓမ္မမှ ပုဂ္ဂလ သို့လည်း လှည့်၍ မပြနိုင်၊ ဗလာဆဲရေးရန်လည်း မတတ်၊ အရှုံးလည်း မပေးလို၊ ဒေါသဖြစ်၍ လက်ရုံးအားကိုး လုပ်သော လူ့ဗာလနည်း ဖြစ်ပေသည်။

ဥပမာပြရလျှင် …
ဤ ၄-မျိုးကို ထင်ပေါ်စေရန် ၀တ္ထုပစ္စည်း တခုကို စဉ်းစားကြည့်ရာ၏။ ဥပမာ မီးခြစ်တလုံးကို ဝေဘန်၍ ကြည့်နိုင်၏။ မီးခြစ်ကို ဝေဘန်ရာ၌ တဘက်က မီးခြစ်သည် ကောင်းသည်၊ တဘက်က မီးခြစ်သည် မကောင်း ဟု ၂-ဘက် အငြင်းဖြစ်အံ့။ ကောင်းသည်ဟူသော ဘက်က မီးခြစ်သည် မီးအတွက် အသုံးဝင်သည်၊ တန်ဘိုးလည်း မများ၊ လွယ်လွယ်ကူကူ ၀ယ်ယူ၍ ရသည် စသဖြင့် အကြောင်းပြနိုင်၏။ မီးခြစ်မကောင်း ဆိုသောဘက်က မီးခြစ်သည် နိုင်ငံခြား ပစ္စည်းဖြစ်သည်၊ နိုင်ငံခြားသို့ မြန်မာငွေထွက်သည်၊ တိုင်းရင်းဖြစ် မီးကပ်နှင့်ပင် လိုရာကိစ္စ ပြီးနိုင်သည် စသဖြင့် အကြောင်းပြနိုင်၏။ ဤသို့ ၂-ဘက် အကြောင်းပြချက်တို့တွင် အများ သဘောကျသော ဘက်က အသာရပေသည်။ ဤကား ပဌမ သူတော်ကောင်းနည်းပင်တည်း။

ဒုတိယနည်းအတွက်
မီးခြစ်ကောင်းသည်ဟု တဘက်က ပြသော အချက်တို့ကို ချေပရာတွင် ထိရောက်စွာ မီးခြစ် မကောင်းဟု မချေပနိုင်ရာ။ ဓမ္မာဓိဋ္ဌာန် သန့်သန့် ဝေဘန်ရာမှာ ပုဂ္ဂလာဓိဋ္ဌာန်သို့ ပြောင်း၍ မီးခြစ် ကောင်းသည်ဟု ပြောသူ သည် သူ၏မိတ်ဆွေ ဆိုင်တွင် မီးခြစ်ရောင်း၍၊ သို့မဟုတ် သူ မီးခြစ်ရောင်းရလျှင် ကော်မီရှင် ပွဲခ ရမည်ဖြစ်၍၊ သို့မဟုတ် မီးကပ်လုပ်ရောင်းသူတို့နှင့် မသင့်မျှ၍ စသည်ဖြင့် ပုဂ္ဂလစွဲဖြင့် လှည့်စား ဝေဘန်သော ဒုတိယ လှည့်စားသော နည်းပင်တည်း။

တတိယနှင့် စတုတ္ထနည်းမှာ
မီးခြစ်သည် မကောင်းဟု အကြောင်းမပြတတ်၊ မလှည့်ပတ်တတ်၊ အရှုံးမပေး၊ မီးခြစ်ကောင်းသည်ဟု အကြောင်းပြသူကိုသာ ပုဂ္ဂလဖြင့် ၎င်း၊ စောင်းမြောင်း၍၎င်း၊ ဆဲရေးသော တတိယ ဗလာဆဲနည်းတည်း။ ၎င်းမှ တဆင့်တက်လျှင် ဒေါသအလျောက် ကြမ်းတန်းမှုတို့ကို ပြုသော လူ့ဗာလတို့နည်းပေတည်း။

ကိုယ်ရေးကိစ္စနှင့် အများကိစ္စ
မည်သူမဆို နေ့စဉ်နေ့တိုင်း ဆောင်ရွက်ရာ၌ ကိစ္စ ၂-မျိုးရှိ၏။ ပဌမကိစ္စမှာ ဆောင်ရွက်သူနှင့်သာ သက်ဆိုင်သော ကိုယ်ရေးကိုယ်တာ ကိစ္စ (Private) နှင့် ဒုတိယကိစ္စမှာ ဆောင်ရွက်သူနှင့်သာ မသက်ဆိုင်၊ အများနှင့်ဆိုင်သော ကိုယ်ရေးကိုယ်တာ မဟုတ်၊ အများကိစ္စ (Public) ဖြစ်လေသည်။ လူတယောက်သည် သူ့အိမ်တွင် ဂျွမ်းထိုး၍ နေနေ မည်သူနှင့်မျှ မသက်ဆိုင်။ သို့ရာတွင် ထိုသူသည် သူ့အိမ်ကို မီးရှို့က သူ့အိမ်သာ မီးလောင်မည်မဟုတ်၊ ပတ်ဝန်းကျင်ရှိ အိမ်များပါ လောင်မည်ဖြစ်၍ ထိုသူပြုမူခြင်းသည် အများကို ထိခိုက်သဖြင့် အများနှင့် သက်ဆိုင်လေသည်။ ယင်းသို့ဖြစ်၍ ထိုသူသည် သူ့အိမ်တွင် ဂျွမ်းထိုးနေခြင်းကို သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သဖြင့် ကောင်း-မကောင်း အများက ဝေဘန်ရန် မလို မသင့်ပေ။ အိမ်ကို မီးရှို့သော ကိစ္စ၌ကား အများကို ထိခိုက်သဖြင့် ကောင်း-မကောင်းကို အများက ဝေဘန်ရန် ဖြစ်ပေသည်။

စွပ်စွဲသောအလေ့
နောက်တချက်မှာလည်း ကိစ္စတခုကို ဝေဘန်ရာတွင် အကြောင်းမပြဘဲ စွပ်စွဲလေ့ရှိ၏။ ဤသို့ စွပ်စွဲခြင်းဖြင့် ကိစ္စမှန်ကို ဝေဘန်ရာတွင် ယထာဘူတကျအောင် ဝေဘန်ခြင်းငှာ ခဲယဉ်းလေသည်။ ကောဠာဟလ သတင်းကို မှီ၍၎င်း၊ ပုဂ္ဂလာဓိဋ္ဌာန်ဖြစ်သော စွပ်စွဲခြင်းတို့သည် အလွန်ဆိုးဝါးသော အလေ့အကျင့် ဖြစ်သဖြင့် အထူးပင် ရှောင်ရှား အပ်ပေသည်။ မြန်မာပြည်သားများ တဦးအပေါ်တဦး အထင်လွဲမှု၊ အမြင်လွဲမှု၊ မယုံကြည်မှု၊ မလိုမုန်းထားမှု တို့ဖြစ်၍ ညီညွတ် စည်းလုံးခြင်း ပျက်ပြားနေခြင်းကို သေချာစွာ စစ်ဆေးဝေဘန်လျှင် မဟုတ်မတရား စွပ်စွဲခြင်း၊ မိမိလိုရာသို့ရောက်အောင် သူတော်ကောင်းနည်းဖြင့် မရွက်ဆောင်နိုင်ခြင်းတို့ တွေ့ရှိရပေလိမ့်မည်။

သို့ဖြစ်၍
ယင်းသို့ဖြစ်၍ ယခုအခါ မြန်မာပြည်နှင့် မြန်မာပြည်သားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ ကြီးပွါးရေး တို့သည် အလွန့် အလွန် အရေးကြီးသော အချိန် သမယ ဖြစ်နေသဖြင့် အရပ်ရပ် ကိစ္စများကို ဝေဘန်ကြရာတွင် အထက်တွင် အမြွက်မျှ ပြထားသော နည်းများအနက် ဓမ္မာဓိဋ္ဌာန် သက်သက်ဖြင့် မဟုတ်မတရား စွပ်စွဲသော ပယောဂလည်း မစွက်ဘဲ သူတော်ကောင်း စံနစ်ဖြင့် အရပ်ရပ် ကိစ္စတို့ကို ဝေဘန်ကြပါလျှင် မြန်မာပြည်၏ လွတ်လပ်ရေး လုပ်ငန်းကြီးသည် နေ့ချင်း ညချင်း ဆိုသလို စည်ပင် ကြီးပွါး၍ များစွာ ခရီးရောက်မည် ဖြစ်ပေသတည်း။
***
ဘကြီးဘဘေ စကားတွေကို ကျမအနေနဲ့ ဘာဘာညာညာ ထပ်ပြီး နှမ်းမဖြူးလိုတော့ပါဘူး။
ဒါကြောင့် ဒီတပတ်တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီ။
***
(တကယ်တော့ အိပ်လည်း အိပ်ချင်နေပြီမို့ ရပ်လိုက်တာပါ၊ ည ၁၂ နာရီ ခွဲကျော်နေပြီလေ)

16.3.07
00:40 am

Read More...

Thursday, March 15, 2007

အဖေ့ကဗျာ (၇)

စာမေးပွဲ
***
မနေ့က ဆယ်တန်းကျောင်းသားတွေ စာမေးပွဲ စဖြေကြရပါပြီ။
ကျောင်းသားတိုင်းအတွက်တော့ ဆယ်တန်း စာမေးပွဲဆိုတာ ဘ၀မှာ အရေးပါတဲ့ စာမေးပွဲတခုပါပဲ။
အရေးပါလို့လည်း ဆယ်တန်းစာမေးပွဲကို တနိုင်ငံလုံး အလေးထားကြတယ်၊ ဂရုစိုက်ကြတယ်။
ဆယ်တန်း စာမေးပွဲဆိုတာ လူငယ်တွေအတွက် ဘ၀တဆစ်ချိုးဖြစ်သလို အထက်တန်း ကျောင်းသားဘ၀ကနေ တက္ကသိုလ်ကျောင်းသား အဖြစ်ကို တက်လှမ်းစေနိုင်တဲ့ လှေခါးတထစ်လည်း ဖြစ်ပါတယ်။
စာမေးပွဲကို ဘယ်လောက်ပဲ မကြောက်ဖူးဆိုဆို ဆယ်တန်းစာမေးပွဲကိုတော့ အားလုံးရင်ခုန်ဖူးကြမှာပါ။
ကျမကတော့ ခုချိန်ထိ အိပ်မက်မက်ရင် စာမေးပွဲခန်းထဲမှာ ဒုက္ခရောက်တဲ့ အိပ်မက်မျိုး ရင်ခုန်စွာ မက်လို့ ကောင်းတုန်းပါပဲ။

ခုလို ဆယ်တန်း စာမေးပွဲရာသီဆိုရင် အဖေရေးခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ကို အမှတ်ရမိတတ်ပါတယ်။
ကဗျာခေါင်းစဉ်က “နွေဦးစစ်သည်တော်ကလေးများသို့” တဲ့။
စာမေးပွဲဝင်မယ့် ကျောင်းသားတွေကို တိုက်ပွဲဝင်မယ့် စစ်သည်တော်တွေနဲ့ ခိုင်းနှိုင်းပြီး အဖေက ရေးစပ် ထားတာပါ။ တကယ်တမ်းလည်း စာမေးပွဲဆိုတာ ကျောင်းသားတွေအတွက် တိုက်ပွဲတခုပေပဲ မဟုတ်လား။

အမှန်မှာတော့ ဒီကဗျာလေးကို အဖေက အမေ ဆယ်တန်းစာမေးပွဲ ဖြေခါနီးမှာ အားပေးတဲ့အနေနဲ့ ရေးဖွဲ့ခဲ့တာလို့ ပြောပြဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်လောက်က ဖြစ်မှာပေါ့။
အခုဖော်ပြမယ့် ကဗျာကတော့ အမေ့ကို ပေးတဲ့ပုံစံအတိုင်း မဟုတ်ပါဘူး။ ဗားရှင်းနောက်တမျိုး ဆိုပါတော့။ ဘာလို့နောက်တမျိုး ဖြစ်ရသလဲဆိုရင် ဒီကဗျာကိုပဲ အဖေက အဲဒီနှစ် ဆယ်တန်းစာမေးပွဲ ဖြေဆိုချိန်မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာမှာ ထည့်သွင်း ဖော်ပြခဲ့လို့ပါပဲ။ (ဆယ်တန်းစာမေးပွဲ ပထမဆုံး ဖြေတဲ့နေ့မှာ ပါတယ်လို့ အဖေ ပြောပြဖူးပါတယ်။)
သတင်းစာထဲ ဖော်ပြတဲ့ ကဗျာဆိုတော့ ကျောင်းသား အားလုံးအတွက် ရည်ရွယ်ပြီး “ကျောင်းသားသူငယ်” လို့ မူပြောင်းပြီး ရေးခဲ့တာပါ .. တဲ့။
မူရင်းကတော့ ကျောင်းသားသူငယ် နေရာမှာ “ချစ်တဲ့မေငယ်” ပါတဲ့ရှင်။ (ဖွမိပြန်ပြီ တမုံ့ :P )

ဆယ်တန်းစာမေးပွဲတွေ ဖြေဆိုနေချိန်နဲ့ တိုက်ဆိုင်တိုင်း ဒီကဗျာလေးကို သတိရမိတာမို့ ကျမ ဘလော့မှာ အမှတ်တရ တင်လိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး … ။
***
“နွေဦးစစ်သည်တော်လေးများ…သို့”

ကျောင်းသားသူငယ်
ဤနေ့ရယ်က
စိတ်ဝယ်အတည်
ငါအောင်မည်ဟု
ယုံကြည်မနောရှိပါစေ။

မေးသည့်ပုစ္ဆာ
ဖြေသောခါဝယ်
ရှင်နာဂသိန်
သုခမိန်သို့
အတိမ်အနက်
စေ့စေ့တွက်၍
သွက်သွက်လက်လက် ဖြေစေသောဝ် ။ … ။

***
ဆယ်တန်းစာမေးပွဲ ဖြေနေကြတဲ့ ကျောင်းသားလေးများ အားလုံး အခက်အခဲမရှိ ဖြေနိုင်ကြပါစေ … တိုက်ပွဲမှာ အောင်မြင်ပါစေ… လို့ ဒီဘလော့ပေါ်ကနေ ဆုတောင်းလိုက်ပါတယ်။

မေဓာဝီ
15.3.07
00:10 am

Read More...

Wednesday, March 14, 2007

ကိုပြူးကျယ်သို့ ပေးစာ … အပိုင်း (၉)

သို့
ကိုပြူးကျယ်

တပတ်တောင် ပြည့်လာပြန်ပြီ၊ နေလို့လည်း သိပ်မကောင်းသေးဘူး။
ဒါပေမဲ့ ဒီတပတ် ဖော်ပြရမယ့် အခန်းက တေးထပ်ကဗျာ အခန်းမို့ မနားချင်တာကြောင့် ကြိုးစားပြီး ရိုက်ပေးလိုက်ပါတယ်။
ကျမကိုယ်တိုင်လည်း တေးထပ်ကဗျာတွေကို အလွန် နှစ်သက် သဘောကျပါတယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ နမူနာ ကဗျာတွေကို ဖြစ်နိုင်ရင် စကန်ဖတ်ပြီး တင်ပေးပါမယ်။ တေးထပ်အခန်းကလည်း သိပ်တော့ မနည်းလှဘူး။ နှစ်ပတ် သုံးပတ်လောက် ဆက်လက် ဖော်ပြရမယ် ထင်ပါတယ်။
ကဲ … ကြည့်ကြရအောင်။

တေးထပ်မှာ …
အမည်အားဖြင့် - အစပ်ကာရန် အထပ်ကာရန် အများဆုံးသော တေးသီချင်းမျိုးမို့ တေးထပ်လို့ ခေါ်ပါသတဲ့။
တနည်းအားဖြင့် အဓိပ္ပါယ်ထပ်ဖွင့်ရရင်တော့ ဒွေးချိုး တြိချိုးလိုပဲ ..တေး-ဆိုတာကို ၃-ခု လို့ အနက်ကောက်ပြီး ကဗျာရဲ့ စုံ-မ အပိုဒ်တွေထဲမှာ မ-ပိုဒ်ရဲ့ အဆုံးအက္ခရာနဲ့ စုံပိုဒ်ရဲ့ အစသုံးလုံးမြောက် အက္ခရာတို့ကို ပဓာနထားပြီး ကာရန် ထပ်ရ စပ်ရတာကြောင့်မို့ တေးထပ် (သို့) သုံးထပ် လို့ ခေါ်ပါသတဲ့။

အမျိုးအစားအားဖြင့် -
အပိုဒ်ချင်း အနေအထား အားလုံးတူပြီး အစပ်ကာရန် အနေအထားမျှသာ ကွဲပြားတဲ့
က) သာမည တေးထပ်
ခ) အရိုးခံ တေးထပ်
ဂ) သုံးချက်ညီ တေးထပ် ဆိုပြီး သုံးမျိုးရှိသလို …
ဒီသုံးမျိုးမှာလည်း တမျိုးမျိုးမှာ အစပ်ကာရန်ချင်း အားလုံးတူပြီး အပိုဒ်အနေအထားထူးခြား ကွဲပြားပြန်တာကြောင့်
၁)တေးထပ်ဆန်း
၂)တေးထပ်ကြီး
၃)တေးထပ်ပိုဒ်စုံ
၎)ပုလဲသွယ် တေးထပ်
၅)ပဒေသာ တေးထပ်
၆)စကြာ တေးထပ် ဆိုပြီး ၆-မျိုးစီ ထပ်ကွဲပြားပြန်ပါတယ်။ ဒါကြောင့်မို့ စုစုပေါင်း တေးထပ် အမျိုးအစား ၁၈-မျိုး ရှိပါတယ်။

ပိုဒ်ရေအားဖြင့် -
တေးထပ်တပုဒ်မှာ ၁၈-ပိုဒ် အတိအကျသာ ပါရှိစေရမယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ အကွန့်ပိုဒ် အတွန့်ပိုဒ်တို့ကို ကြားညှပ် ထည့်လိုက ထည့်နိုင်ပါသတဲ့။

အခံ အအုပ်အားဖြင့် -
တေးထပ် ၁၈-ပိုဒ်မှာ အတက် ၂-ပိုဒ်၊ အခံ ၂-ပိုဒ်၊ အအုပ် ၂-ပိုဒ် ဆိုပြီး ၆ ပိုဒ်စီရှိတာကြောင့် ၆-ပိုဒ် ၃ လီ ပါတဲ့အတွက် ၁၈-ပိုဒ် ဖြစ်ရပါတယ်။

အက္ခရာ လုံးရေအားဖြင့် -
၁၈-ပိုဒ် အနက် မပိုဒ်တွေဖြစ်တဲ့ (၁-၃-၅-၇-၉-၁၁-၁၃-၁၇ စတဲ့ အပိုဒ်) တွေမှာ အက္ခရာ ၅-လုံး ဖြစ်စေ ၆-လုံး ဖြစ်စေ ရှိရမှာဖြစ်ပြီဒ ၁၅-ပိုဒ်မှာတော့ အက္ခရာ ၆-လုံး ဖြစ်စေ ၇-လုံး ဖြစ်စေ ရှိစေရမယ်လို့ ဆိုပါတယ်။
စုံပိုဒ်တွေဖြစ်တဲ့ (၂-၄-၈-၁၀ အပိုဒ်)တွေမှာတော့ အက္ခရာ ၅-လုံးစီ၊ ၆-၁၂-၁၈ စတဲ့ အပိုဒ်တွေမှာတော့ အက္ခရာ ၇-လုံးစီ ရှိရမယ်လို့ ဆိုထားပါတယ်။

အစပ်ကာရန်အားဖြင့်-
(က) ၁-အပိုဒ်၏ အဆုံးလုံးနှင့်
……. ၂-အပိုဒ်၏ တတိယလုံး --- တချက်
(ခ) ၂-အပိုဒ်၏ အဆုံးလုံးနှင့်
…… ၃-အပိုဒ်၏ အဆုံးလုံး
…… ၄-အပိုဒ်၏ တတိယလုံး --- အချက်
(ဂ) ၄-အပိုဒ်၏ အဆုံးလုံးနှင့်
…… ၆-အပိုဒ်၊ ၈-အပိုဒ်၊ ၉-အပိုဒ် တို့၏ အဆုံးလုံး
…… ၁၀-အပိုဒ်၏ တတိယလုံး --- တချက်
(ဃ) ၅-အပိုဒ်၏ အဆုံးလုံးနှင့်
……. ၆-အပိုဒ်၏ တတိယလုံး --- တချက်
(င) ၇-အပိုဒ်၏ အဆုံးလုံးနှင့်
…. ၈-အပိုဒ်၏ တတိယလုံး --- တချက်
(စ) ၁၀-အပိုဒ်၏ အဆုံးလုံးနှင့်
….. ၁၂-အပိုဒ်၊ ၁၃-အပိုဒ်တို့၏ အဆုံးလုံး
….. ၁၄-အပိုဒ်၏ တတိယလုံး --- တချက်
(ဆ) ၁၁-အပိုဒ်၏ အဆုံးလုံးနှင့်
…… ၁၂-အပိုဒ်၏ တတိယလုံး --- တချက်
(ဇ) ၁၄-အပိုဒ်၏ အဆုံးလုံးနှင့်
….. ၁၅-အပိုဒ်၏ တတိယလုံး --- တချက်
(ဈ) ၁၅-အပိုဒ်၌ ၆-လုံးရှိလျှင် အဆုံးလုံးနှင့်
….. ၁၆-အပိုဒ် အဆုံးလုံး
….. ၁၅-အပိုဒ်၌ ၇-လုံးရှိလျှင် နောက် ၄-လုံးနှင့်
….. ၁၆-အပိုဒ် ၄-လုံးစလုံး
….. ၁၇-အပိုဒ် အဆုံးလုံး
….. ၁၈-အပိုဒ် တတိယလုံး --- တချက်

လေပြင်း,လေလျော့, ဂရု, လဟု အားဖြင့် -
စာပိုဒ်ရေ ၂-၃-၅-၇-၁၀-၁၂-၁၃-၁၅-၁၆-၁၇ စတဲ့ အပိုဒ်တို့မှ ရှေ့ထက်ဝက်ရဲ့အဆုံး သုံးလုံးမြောက် အက္ခရာ ဌာနတို့မှာ (အ-အား-အိ-အီး-အတ်-အိတ်-အုတ်-အုန်း) စတဲ့ လေပြင်းအက္ခရာ သက်သံ, နိမ့်သံ, တိုင်သံမျိုးတို့ကိုသာ အမြဲထား၍ နောက်ထက်ဝက်၏ အဆုံး ၅-လုံးမြောက် အက္ခရာဌာန တို့မှာတော့ (အာ-အီ-အူ-အန်-အိန်-အုန်) စတဲ့ လေလျော့အက္ခရာ တက်သံတို့ကိုသာ အမြဲထားရှိရပါမယ်။
စာပိုဒ် ၁-၄-၆-၈-၉-၁၁-၁၄-၁၈ အပိုဒ်တို့၌ ရှေ့ထက်ဝက်၏ အဆုံး သုံးလုံးမြောက် အက္ခရာဌာနတို့မှာ (အာ-အီ-အူ-အန်-အိန့်-အုန်) စတဲ့လေလျော့ အက္ခရာ တက်သံတို့ကိုသာ အမြဲထားရမှာဖြစ်ပြီး နောက်ထက်ဝက်ရဲ့ အဆုံးအက္ခရာ ဌာနမှာတော့ (အား-အီး-အူး-အက်-အောက်-အုတ်) စတဲ့ လေပြင်းအက္ခရာ သက်သံ, နိမ့်သံ တိုင်သံ တို့ကိုသာ အမြဲထားရမှာဖြစ်ပါတယ်။

အပြစ်ဒေါသအားဖြင့်-
တေးထပ်တပုဒ်ရဲ့ ပဓာန ကာရန် ၉ ချက် တို့မှာ တချက်တချက် ကာရန်လွတ်ခဲ့ရင်၊ ၀က်နင်း ခွါထောက် ဖြစ်ခဲ့ရင်၊ လေထားလေယူ လွဲခဲ့ရင် တေးထပ်အဖွဲ့ပျက်စီးနိုင်တဲ့အတွက် အထူးဂရုစိုက်ရမယ်လို့ ဆိုထားပါတယ်။

နမူနာတေးထပ်တွေကိုတော့ နောက်တပတ်မှပဲ ဖော်ပြပါရစေတော့ … လို့ ကိုပြူးကျယ်နှင့်တကွ မြန်မာကဗျာ ချစ်သူအပေါင်းကို တောင်းပန်လိုက်ပါတယ်။

ဒီတပတ်တော့ ဒီမျှနဲ့ နားပါရစေရှင်။
***
မေတ္တာဖြင့်

မေဓာဝီ
14.3.07
10:15 am

Read More...

Tuesday, March 13, 2007

နေထိုင်မကောင်းသော နေ့ရက်များ

မူးဝေခေါင်းကိုက်
မိုက်ကနဲဖြစ်
တစစ်စစ်နာ
ခန္ဓာတခုလုံး
အသုံးမကျ
ဖျားတဲ့ည … ။


အစချီပြီး “ဖျားတဲ့ည” ဆိုတဲ့ ကဗျာလေးတပုဒ် ငယ်ငယ်က ရေးစပ်ခဲ့ဖူးပါတယ်။ မှတ်မှတ်ရရ ဖျားနေတဲ့ည တညကပေါ့။
ငယ်တုန်းကတော့ နေမကောင်းတာတောင် ကဗျာတပုဒ် ရေးဖို့ ခေါင်းထဲက ထွက်နိုင်ပါသေးတယ်။
အခုတော့ … ။
***
နေလို့မကောင်းဘူး ဆိုပေမဲ့ ဖျားတာလည်း မဟုတ်ပြန်ဘူး။ ကြီးကြီးကျယ်ကျယ် ပြောရရင် … ကိုက် သုံးကိုက်၊ နာသုံးနာ ဝေဒနာကြီးကို ခံစားနေရတယ်လို့ ဆိုရလေမလား။
ဖြစ်ပုံကို ကြည့်ပါအုံး … ။

* .ခေါင်းကိုက် (တောင်တောင်အီအီ စဉ်းစားလို့မရ)
* မျက်စိကိုက် (ကွန်ပျူတာကြာကြာ ကြည့်လို့မရ)
* လက်ကိုက် (စာကို ကြာကြာရိုက်လို့မရ)
* ပါးစပ်နာ (အပူကန်နေလို့- အစာကောင်းကောင်း စားလို့မရ)
* ရင်ဘတ်နာ (ရင်နာတာ မှောက်အိပ်လို့တဲ့၊ ကျမ မှောက်လည်း မအိပ်ဘဲ ရင်ဘတ်ထဲကစူးစူးပြီး နာနေတာပါ)
* ခါးနာ (ကွန်ပျူတာရှေ့ ကြာကြာထိုင်လို့မရ)

အဲဒီလို ကိုက် သုံးကိုက်၊ နာ သုံးနာ ဖြစ်နေတဲ့အတွက် ကျမ စာရေးဖို့လည်း စိတ်မပါ၊ အလုပ်လုပ်လို့လည်း မရ၊ ဆေးခန်းလည်း မသွားချင် … ဒါနဲ့ သူ့အလိုလို ပျောက်မှာပဲ ဆိုပြီး ဒီလိုပဲ ပေတေ နေနေလိုက်တော့ … ပိုဆိုးလာပါတယ်။ ဒီနေ့တော့ မဖြစ်တော့ဘူး ဆေးခန်းသွားအုံးမှပါပဲ လို့ တွေးနေတာလည်း နေ့တိုင်းပါပဲ။ တနေ့သာ ကုန်သွားရော ဆေးခန်းလည်း မသွားဖြစ်ပါဘူး။

ဖြစ်တဲ့ ဝေဒနာတွေကို သေချာဆင်ခြင် ကြည့်လိုက်တော့ ကွန်ပျူတာနဲ့ ခဏအဆက်ဖြတ်ရမလို ဖြစ်နေပါတယ်။ တော်ကြာ ဆရာဝန်သွားပြမှ ၀က်ခြံတုန်းက သနပ်ခါးနဲ့ အဆက်ဖြတ်ရသလို ကွန်ပျူတာကိုပါ ဖြတ်ရမယ်ဆိုရင် … ။ အင်း … ဒီလိုဆို မဖြစ်သေးပါဘူး။

လောလောဆယ်တော့ ခေါင်းကိုက်တာကို ရှူဆေးကလေးရှူ၊ မျက်စိကိုက်တာကို ကွမ်းရွက်ကလေးကပ်၊ လက်ကိုက်တာနဲ့ ရင်ဘတ်နာ ခါးနာတာကို ဆေးရွက်ဆီ ပူပူရှိန်းရှိန်း ဆီတမျိုး လိမ်း၊ ပါးစပ်နာတာကို မန်ကျည်းဖျော်ရည်လေးသောက် … ဒီလိုနဲ့ ပျောက်သွားလဲ ကောင်းမှာပဲ။ ဆေးမြီးတိုကိုလည်း လျှော့တွက်လို့ မရဘူး၊ သူ့အစွမ်းနဲ့ သူရှိကြတာပဲ မဟုတ်လး။
ဘာတဲ့ … “ကတိသစ္စာ တည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” ဆိုတဲ့ စကားလည်း အရှိသားပဲ။ ဆေးမြီးတိုပေမဲ့ အထင်သေးလို့မရပါဘူး။

ခြံထဲမှာစိုက်ထားတဲ့ မီးကွင်းဂမုန်းဆို ၀မ်းကိုက်ပျောက်တယ်ဆိုပြီး လာလာတောင်းကြတယ်။
ဝမ်းချုပ်တယ်ဆိုရင်တော့ သင်္ဘောမယ်ဇလီရွက်လေး ရေနွေးဖျောပြီး တို့စားတဲ့။ အပူ အပုပ်ကျတယ်ဆိုလား။
လူကြီးတွေ သွေးတိုးတော့ ဒန့်သလွန်ရွက်လေးခူးပြီး ဟင်းချိုချက်သောက်ကြတယ်။
ခေါင်းမူးတယ်ဆိုရင် မာလကာရွက်ကလေး ချေပြီး ရှူရုံပဲတဲ့။
အဲဒါတွေကတော့ မှတ်မိသလောက် ခြံထဲမှာရှိတဲ့ အပင်တွေကို အသုံးချကြည့်တာပါ။

“နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏” ဆိုတဲ့ စကား ခဏခဏတော့ ကြားနေရသား။
သို့ပေသိ အရှေ့က ခံထားတဲ့ “ကတိသစ္စာ တည်သောခါဝယ် သြဇာလေးနက် ပေါ်ဆီတက်၍” ဆိုတဲ့ စကားလုံးကို မေ့ထားလို့တော့မရဘူး။
အလကားနေ အလကား နွယ်ပင်မြက်ပင်က ဆေးဘက်ဝင်တာမှ မဟုတ်ကပဲ။ ကတိသစ္စာ တည်မှ ဆေးဘက် ၀င်တာ မဟုတ်လား။ ဒါကြောင့် ရှေးက ဆေးဆရာတွေ သမားတော်တွေဟာ ငါးပါးသီလ၊ ရှစ်ပါးသီလ စောင့်ထိန်း ကြတယ်။ ဒီလို စောင့်ထိန်းပြီး ကုသကြတဲ့အတွက် အရွက်တွေ အမြစ်တွေဟာ ပိုအစွမ်းထက်တယ်။ ယုတ်စွအဆုံး ရေကိုတောင် သစ္စာဆိုပြီးတိုက်ရင် ဆေးဖြစ်ပါတယ်။

အင်း ကျမလည်း ကိုယ့်ဝေဒနာကိုယ် ဘယ်လိုသစ္စာဆိုပြီး ကုသရမလဲ လို့ တွေးနေမိတယ်။ ဘာသီလမှ သိပ်မြဲတာမဟုတ်တော့ နွယ်မြက်သစ်ပင် ဆိုတာကြီးတွေလည်း ဘယ်လိုလုပ် ဆေးဘက်ဝင်ပါ့မလဲ။

တတ်နိုင်ဘူး …ဖြစ်ချင်ရာဖြစ် …နေလို့ရသလောက် ကလေးတော့ ပေတေပြီး နေအုံးမှ။ နောက်တော့မှသာ ပုဆိန်နဲ့ ပေါက်ရ ပေါက်ရ။
***

Read More...

Monday, March 12, 2007

နွေကျောင်းပိတ်ရက်မှာ …

နွေရာသီ ကျောင်းပိတ်ရက်ကို ရောက်လာပါပြီ။
အဖြူအစိမ်းနဲ့ ကျောင်းသားလေးတွေ အတန်းတင် စာမေးပွဲကြီးပြီးလို့ ကျောင်းကြီးပိတ်ချိန် ရောက်ပြီပေါ့။
ကျမတို့ငယ်ငယ်တုန်းကတော့ ဒီလို နွေကျောင်းပိတ် ရက်ရှည်ကိုပဲ မျှော်လိုက်ရတာ။ စာမေးပွဲ နောက်ဆုံးနေ့ ပြီးတာနဲ့ ကျောင်းလွယ်အိတ်ကို ရောက်ချင်တဲ့နေရာရောက် ၀ှီးကနဲ ပစ်ထည့်လိုက်ပြီး စိတ်ရော လူရော ပေါ့ပါးစွာ ဆော့လိုက် ကစားလိုက် ကာတွန်းဖတ်လိုက် အိမ်အလုပ်ကူလုပ်လိုက် နေခဲ့ကြရတယ်။

ကျမတို့ရဲ့ နွေကျောင်းပိတ်ရက် အချိန်တွေကို ဘယ်လို ကုန်ဆုံးစေသလဲ …ပြန်စဉ်းစားကြည့်မိတော့ … ။
ကျောင်းပိတ်ပြီဆိုတာနဲ့ …
စာအုပ်အငှားဆိုင်ကနေ ကာတွန်းစာအုပ်တွေ တပုံကြီးငှားဖတ်တယ်။ အဖေ၀ယ်ပေးတဲ့ ပုံပြင်စာအုပ်တွေ ဖတ်တယ်။ အိမ်ထဲမှာပဲ မောင်နှမတတွေ (၀မ်းကွဲတွေရော)ရောက်တတ်ရာရာ ကစားကြတယ်။ အိုးပုတ် ချိုးရုပ်နဲ့ ငြိမ်ငြိမ်လေး ကစားတာထက် စစ်တိုက်တမ်း၊ ဂေါ်လီကျင်းစိမ်၊ စစ်သားရုပ်ထောင်ပစ်၊ စိမ်ပြေးတမ်း၊ တူတူပုန်းတမ်း၊ ထုပ်ဆီးတိုးတမ်း အဲဒါမျိုးတွေပဲ ပိုကစားဖြစ်ပါတယ်။ တခါတလေတော့လည်း လူနည်းတယ်ဆိုရင် အငြိမ်ကစားရတဲ့ မာစတာမိုင်း တို့ ချိုင်းနိစ်ချက်ကာတို့ သဘောင်္စစ်တိုက်တာတို့ ကစားကြတယ်။

အဲဒီကစားနည်းတွေထဲမှာ ပိန္နဲသီးပုပ် စစ်တိုက်တမ်းကစားရတာ တော်တော်ပျော်ဖို့ကောင်းတယ်။ အိမ်က ပိန္နဲပင်ကြီးအောက်မှာ ကြွေကျတဲ့ အသီးနုလေးတွေကိုကောက် အဲဒါနဲ့ ပစ်ပေါက်ပြီးဆော့တာပါ။ အသီးတွေက ပုပ်နေပြီဆိုတော့ မဲမဲလေးတွေမို့ ထိလိုက်တာနဲ့ အမဲမှုန်တွေဖွားကနဲ ပေပါတယ်။ မထိဘူးလို့ ငြင်းလို့မရဘူးပေါ့။ မျက်နှာထိရင် မျက်နှာက မဲကနဲ၊ အင်္ကျီ ထိရင် အင်္ကျီ မှာ အမဲတွေပေတတ်တာကိုး။ တော်တော်ကြီးတဲ့အထိ … တစ်-နေရာယူ ဆိုပြီး စစ်တိုက်တမ်း ကစားခဲ့တာ မှတ်မိနေသေးပါရဲ့။

ဒီလို နွေကျောင်းပိတ်ရက်ဆို အိမ်နောက်ဖေး ရေတွင်းနားက စပယ်ရုံမှာ စပယ်ကြက်ရုံးတွေ ဖွေးနေအောင် ပွင့်တတ်တယ်။ မနက်ခင်းဆိုရင် စပယ်ပန်းလေးတွေ ဇကာကုံးလေးနဲ့ ခူး သီပြီး ဘုရားတင်၊ ညနေခင်းဆို တခြံလုံးက သစ်ပင်တွေ ရေလောင်း၊ မြေကြီးတွေ ရေဖြန်း၊ နေ့လည် နေ့ခင်းမှာတော့ စပါးလုံးရွေးတာတို့ ဘာတို့ ဆော့ရင်းပြုရင်း လုပ်ကြရသေးတယ်။ တခါတလေလည်း ဗလာစာအုပ် အဟောင်းထဲက စာရွက်တွေကို စက္ကူအိတ်လုပ်ပြီး ကပ်၊ ဈေးမှာသွားသွင်းရင် မုန့်ဖိုး စာအုပ်ဖိုး ရပါတယ်။

နောက်ပြီးတော့ အဘိုးရဲ့ အနားမှာ ဝေယျာဝစ္စ လုပ်ပေးရပါသေးတယ်၊ အဘိုးက ကျောင်းစာမဟုတ်တဲ့ အင်္ဂလိပ် ကဗျာတွေ ပုံပြင်လေးတွေ သင်ပေးသလို၊ ဘုရားစာတို့၊ လက်နှိပ်စက် ရိုက်တာတို့လည်း သင်ပေးပါတယ်။ အဘိုးရဲ့ ညွှန်ကြားချက်နဲ့ တအိမ်လုံးက ပြတင်းပေါက် သံတိုင်တွေ ကော်ပတ်စား၊ ဆေးသုတ် အဲဒီလို အလုပ်တွေလည်း ခုလို နွေပိတ်ရက်မှာ လုပ်ကြရတာပါပဲ။ ကျောင်းစာကလွဲလို့ ကျန်တာအားလုံး စိတ်ဝင်စားလေ့ရှိတဲ့ ကျမဟာ နွေ ကျောင်းပိတ်ရက် လေးတွေကို အင်မတန်မှ နှစ်သက်မိပါတယ်။ ဇွန်လဆန်းလို့ ကျောင်းပြန်ဖွင့်တဲ့အခါ နွေသုံးလ အနားရထားတဲ့အတွက် စိတ်သစ်လူသစ် အားအင်အသစ်တွေနဲ့ အတန်းသစ်မှာ ခပ်တည်တည် တက်နိုင်ပြီပေါ့။
***
ခုခေတ် ကလေးတွေအဖို့တော့ ကျမတို့တုန်းကလို မနားကြရပါဘူး။ အခုပဲကျောင်းပိတ်တယ်၊ နွေရာသီ သင်တန်းတွေ တက်ဖို့ တခါ ပြင်ဆင်ကြရပြန်ပါပြီ။ ခုခေတ်မှာ သင်စရာကလည်း ပေါများပါတယ်။ အင်္ဂလိပ်စာ၊ ကွန်ပျူတာ လို ပညာရပ်မျိုး ကစပြီး ရေကူး၊ တန်းနစ်စ် တို့လို အားကစားတွေ ပန်းချီ၊ စန္ဒယား စတဲ့ အနုပညာတွေ သင်မယ်ဆိုရင် သင်စရာတွေ တပုံတပင်ကြီးပေါ့။ သူတို့လေးတွေ ကံကောင်းကြသားလို့ တခါတခါ ကျမက မနာလိုစိတ်နဲ့ တွေးမိပါသေးရဲ့။

မနှစ်တုံးက ကျောင်းသားမိဘ တယောက် ကျမကို ညည်းတွားရင်း ပြောခဲ့ဖူးတာ အမှတ်ရမိတယ်။ သူ့ကလေးက ILBC မှာ တက်ချင်တယ်ဆိုလို့ နွေပိတ်ရက်မှာ သွားထားပါသတဲ့။ ကျောင်းလွှတ်ချိန် ကြိုဖို့ စောင့်နေတုန်း ကျောင်းသားလေး တယောက်က ဆရာမတွေ ရှေ့ကနေ လက်ပိုက်-ခေါင်းငုံ့ပြီး ဖြတ်သွားတော့ ဆရာမတယောက်က ပြန်ခေါ်ပြီး
“လူလူချင်း ဦးညွှတ်စရာမလိုဘူး၊ ကိုယ့်ကိုယ်ကို နှိမ့်ချစရာမလိုဘူး၊ မတ်မတ်ပြန်လျှောက်ပါ” လို့ ပြောဆို ဆုံးမတာကို ကြားခဲ့ မြင်ခဲ့ရပါသတဲ့။

အဲဒါကိုတွေ့တော့ သူက သူ့ကလေးအတွက် စိတ်မအေးနိုင်ဖြစ်ရတယ်လို့ ဆိုပါတယ်။ ကျမတို့ မြန်မာ့ယဉ်ကျေးမှုမှာ ကိုယ့်ထက် သက်ကြီး ၀ါကြီးသူတွေကို ဂါရ၀ထားတဲ့အနေနဲ့ ရှေ့ကဖြတ်ရင် ခေါင်းငုံ့သွားရမယ် ဆိုတဲ့ အလေ့အထ ရှိပါတယ်။ ဒါဟာ ဂါရဝေါစ နိဝါတောစ ဆိုတဲ့ မင်္ဂလာတရားတော်နဲ့လည်း ကိုက်ညီပါတယ်။ မင်္ဂလာရှိတဲ့ အပြုအမူမျိုးကို မှားယွင်းတယ်လို့ ပစ်ပယ်သင့်ပါသလား။

အဲဒီလို ပြောကြားတဲ့ ဆရာမဟာ မြန်မာအမျိုးသမီး တယောက် မဟုတ်ပါဘူး။ (မြန်မာတိုင်းရင်းသားလည်း မဟုတ်ပါဘူး) နိုင်ငံခြားသားဖြစ်ပါတယ်။ ဒါကြောင့်လည်း သူကခုလိုပြောခဲ့တာပေါ့။ ကျောင်းသားမိဘဟာ ဒီနှစ်တော့ သူ့ကလေးကို အဲဒီကျောင်းမှာ မထားချင်တော့ဘူးလို့ ညည်းညူပါတယ်။ ကလေးက အင်္ဂလိပ်စာတော်မယ်၊ ပတ်ဝန်းကျင်လေ့လာမှု နဲ့ အခြား တိုးတက်တဲ့ အမြင်တွေ ရှိမယ် ဆိုပေမဲ့ အဲဒီလို ဆရာမတွေရဲ့ ဆိုဆုံးမမှုကြောင့် မြန်မာ့ယဉ်ကျေးမှု ပျောက်ဆုံးသွားမှာတော့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။

သူပြောတာလည်း ဟုတ်ပါရဲ့။ မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ ကလေးတွေ စိတ်ထဲ ဇဝေဇ၀ါ ဒွိဟအတွေးတွေ ၀င်သွားနိုင်ပါတယ်။ ဒီလိုမျိုး ယဉ်ကျေးမှု မတူတဲ့ နိုင်ငံအသီးသီးက စာလာသင်မယ့် ဆရာ/ဆရာမတွေဟာ ကိုယ်လာရောက် သင်ကြားပေးမယ့် နိုင်ငံရဲ့ အခြေခံယဉ်ကျေးမှု လောက်ကိုတော့ သိထားသင့်တယ် ထင်တာပါပဲ။ ဒီလိုမှ မဟုတ်ဘဲ … ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်အယူအဆအတိုင်း နှိုင်းယှဉ် သင်ကြားဆုံးမမယ်ဆိုရင် ခုနလို ဂါရ၀တရား ဆိုတာကြီးဟာ မလိုအပ်သလို ဖြစ်သွားမှာပေါ့။

ဘာပဲဖြစ်ဖြစ် ကလေးတွေကို ယဉ်ကျေးမှု မပျက်ယွင်းစေဘဲ တိုးတက်တဲ့အမြင် ရင့်သန်စေချင်ပါတယ်။ တခါတလေလည်း ကျောင်းစာတွေနဲ့ ကင်းဝေးတဲ့ ပတ်ဝန်းကျင်လေးမှာ ပျော်မွေ့စေချင်ပါသေးတယ်။
တနှစ်တာလုံး ကျောင်းနဲ့ ကျူရှင် ပြေးလွှားနေရပြီး ဒီနွေကျောင်းပိတ်ရက်မှာလည်း မိဘရင်ခွင်မှာ မပျော်ဝင်ရဘဲ သင်တန်းခန်းမတွေထဲမှာသာ ကျင်လည်နေရတဲ့ ခုခေတ် ကလေးတွေအဖို့ ကံကောင်းတာလား ကံဆိုးတာလား ကျမလည်း မခွဲခြားတတ်တော့ပါဘူး။
***
မေဓာဝီ
12.03.07
12:30 pm

Read More...